Showing posts with label အမှတ်တရ. Show all posts
Showing posts with label အမှတ်တရ. Show all posts

Tuesday, February 6, 2018

မြန်မာ့ခရီးသွားအတွက်



ကမ္ဘာတလွှားရင်ဆိုင်ကြုံတွေနေရတဲ့ အကျပ်အတည်းပေါင်းစုံ နဲ့ စိန်ခေါ်မှုအရပ်ရပ်တို့ဟာ ကျွန်တော်တို့အမိမြန်မာ နိုင်ငံကို ကွက်ကျော်မသွားပဲ တိုက်ရိုက်ထိခိုက်ဆက်စပ်နေရုံမျှ မက အပိုဆုအနေနဲ့ ပြည်တွင်းဖြစ် ပဋိပက္ခပေါင်းစုံ ကိုလဲ နည်းလမ်းပေါင်းစုံသုံးပြီး ရင်ဆိုင်ဖြေရှင်းနေရပါတယ်။ အစိုးရအနေနဲ့ အစိုးရအလျောက် ပင်ပန်းခက်ခဲစွာဖြတ်သန်းနေရသလို၊ ကဏ္ဍအသီးသီး မှာလဲ အချိတ်အဆက်မိလိုက်မမိလိုက် နဲ့ ကျော်လွှားဖြတ်သန်းနေရတာဖြစ်ပါတယ်။ နည်းပညာတိုးတက်ဖွံ့ဖြိုးတက်မှု နဲ့ အတူ နည်းပညာအားသာမှုကို အခွင့်ကောင်းယူ၊ လက်ဦးမှုရယူပြီး နယ်မြေချဲ့ထွင်လာတဲ့ ကမ္ဘာ့အင်အားကြီးလုပ်ငန်းစုကြီးတွေရဲ့ ရှည်လျားလှတဲ့ ခြေတံလက်တံတွေဟာလဲ မြန်မာ့မြေပေါ်မှာ ခြေရှုပ်လက်ရှုပ်လာပါတော့တယ်။ အဲဒီ ခြိမ်းခြောက်မှုဟာ တခြားလုပ်ငန်းကဏ္ဍတွေ ကို သက်ရောက်နေသလို ခရီးသွားလုပ်ငန်းကိုလည်းချန်လှပ် မထားခဲ့ပါဘူး။

အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးတိုးတက်လာတဲ့ ဒစ်ဂျစ်တယ် နည်းပညာကြောင့် ကမ္ဘာအရပ်ရပ်က ခရီးသွားတွေဟာ မိမိသွားချင်တဲ့ ခရီးစဉ်ဒေသအကြောင်း ကို အန်းတား (Enter) တစ်ချက်ခေါက်ပြီးသိချင်တာသိခွင့်ရသလို၊ လေယာဉ်လက်မှတ်နဲ့ ဟိုတယ် ဘွတ်ကင်လုပ်လို့ရယုံတင်မကပဲ စားသောက်ဆိုင်စားပွဲ ကိုပါကြိုတင်ဘွတ်ကင်လုပ်လို့ရလာပြီဖြစ်ပါတယ်။ ပြတိုက်တွေ နဲ့ အပန်းဖြေကစားကွင်းတွေ ရဲ့ဝင်ခွင့်လက်မှတ်တွေ ဟာအွန်လိုင်းမှာ ဒစ်စကောင့်ဈေးနဲ့ ရနိုင်သလို အပျော်စီးသင်္ဘော၊ ရထားလက်မှတ်စတာတွေ ကတော့ ကာလအတော်ကြာကြာကတည်းက အွန်းလိုင်းမှာလွယ်လွယ်ကူကူဝယ်လို့ ရနိုင်လာပါတယ်။

အွန်လိုင်းဈေးနှုန်းတွေဟာလဲ ဟိုတယ်နဲ့ ကန်ထရိုက်စာချုပ်တိုက်ရိုက် ချုပ်ဆိုထားတဲ့ ဒေသခံခရီးသွားလုပ်ငန်းရှင်တွေရောင်းတဲ့ ဈေးထက် မကြာခဏ ဆိုသလို ဈေးနှုန်းတန်းတူ (ရံဖန်ရံခါဆိုသလို) ပိုသက်သာ နေတတ်လို့ ဒေသခံခရီးသွားလုပ်ငန်းတွေမှာ မသက်မသာဖြစ်ရတတ်ပါသေးတယ်။ အွန်လိုင်းဈေးကွက်ဆိုတဲ့ နေရာမှာ စီးပွားရေးလုပ်ငန်းအချင်းချင်းပဲချိတ်ဆက်တဲ့ (B2B – Business to Business) နဲ့ စားသုံးသူနဲ့ တိုက်ရိုက်ရောင်းဝယ်ဖောက်ကားနိုင် တဲ့ (B2C – Business to Client) ဆိုတာမျိုး တိတိပပ ကွဲပြားပါသေးတယ်။ ဘယ်လိုပဲကွဲပြားကွဲပြား အိုတီအေ (OTA – Online Travel Agents) တွေဟာ သဘာဝအားဖြင့် နည်းပညာအပေါ်မှာ များများရင်းနှီးထားပြီး အမြတ် (Profit Margin) ရာခိုင်နှုန်း အနည်းငယ်မျှလောက်နဲ့ပဲ ဖောက်သည်ကိုယ်ဆွဲဆောင်ပါတယ်။ အားသာချက်တွေက သူတို့ရဲ့ ဈေးကွက် (Marketplace) ဟာ တစ်ကမ္ဘာလုံးက အွန်လိုင်းသုံးစွဲသူတွေဖြစ်နေပြီး၊ သူတို့ဆီက၀ယ်ယူနိုင်ချိန် တနည်းအားဖြင့် သူတို့နဲ့ အလုပ်လုပ်နိုင်ချိန်ဟာ တရက်မှာ ၂၄ နာရီရှိပြီး ပိတ်ရက်မရှိ တာပါပဲ။ 24/7 လို့ညွှန်းဆိုကြပါတယ်။

အသေးစိတ်လေ့လာရင်လေ့လာ သလို တခြားအားသာချက်၊ အားနည်းချက်တွေ တွေ့နိုင်သေးပေမယ့် အဓိကအရေးအပါဆုံးအချက်က မြန်မာပြည်ကိုလာဖို့အတွက် အွန်လိုင်းကနေ ၀ယ်ယူတဲ့ အတွက် ရလာမယ့် အကျိုးအမြတ်တွေဟာ နည်းပညာရင်းနှီးမြှုပ်နှံသူ ပြည်ပ လုပ်ငန်းရှင်ဆီကို တိုက်ရိုက်စီးဆင်းသွားတယ် ဆိုတာပါပဲ။ နိုင်ငံတကာမှာ ပါးပါးနပ်နပ်နဲ့ လူးသာလွန့်သာအောင်ပြင်ဆင်လာတဲ့ အဲဒီ အွန်လိုင်းလုပ်ငန်းတွေက အခွန်အခ ရဖို့ဆိုတာကလဲ မလွယ်လှပါဘူး။

တခြားကြီးကြီးမားမား စိန်ခေါ်မှုအနေနဲ့ကတော့ မြန်မာ့ခရီးစဉ်ဒေသတစ်ခုလုံးရဲ့ဈေးနှုံးပါပဲ။ ဒေသတွင်းမှာ ဈေးအကြီးဆုံးလို့ယေဘူယျသတ်မှတ်လို့ရပါတယ်။ အခြေအနေအရပ်ရပ်နဲ့ အခက်အခဲပေါင်းစုံအရ ဈေးနှုံးကြီးမြင့်နေဦးမယ် ဆိုရင်တောင် ဒေသတွင်းမှာ စိတ်ကျေနပ်စရာတစုံတရာ ပိုသာတဲ့အတွက် ပေးခဲ့ရတဲ့ ဈေးနဲ့ ထိုက်တန်ကျေနပ်တယ်လို့ မြန်မာပြည်ကိုလာလည်တဲ့ ကမ္ဘာလှည့် ခရီးသည်တွေအနေနဲ့ ယုံကြည်လက်ခံနိုင်ရင် အဆင်ပြေသေးတယ်လို့ မှတ်ယူရမှာပါ။ ဒါတောင်မှ အိမ်နီးချင်းနိုင်ငံတွေက လျှံထွက်လာတာနဲ့ မြန်မာနိုင်ငံကိုပဲ တကယ်သွားချင်တဲ့သူပဲလာတော့တာပါ။

ကမ္ဘာလှည့်ခရီးသည်တစ်ဦး၊ တစ်ဖွဲ့ မြန်မာနိုင်ငံကိုလာရောက်လည်ပတ်ပြီဆိုရင် ပြည်ဝင်ခွင့်ဗီဇာကြေးကနေစပြီး ဘုရားဝင်ကြေး၊ ပြတိုက်ဝင်ကြေးကစလို့ နေထိုင်တည်းခိုရာ၊ စားသောက်ရာ၊ အစရှိသဖြင့် ဆက်စပ်ပတ်သက်ရာ အစိုးရ၊ လုပ်ငန်း၊ လူသူ တစ်ဦးချင်းစီတိုင်းကို ၀င်ငွေ အလုပ်အကိုင်အခွင့်အလမ်း ဖော်ဆောင်ပေးတဲ့ အကျိုးကျေးဇူးကြီးမားတဲ့ လုပ်ငန်းနယ်ပါယ်ကြီးတစ်ရပ်ဖြစ်ပါတယ်။

ခရီးသွားလုပ်ငန်းဆိုတာ ကလဲ ထိလွယ်ရှလွယ်တဲ့ အထဲမှာ ထိပ်ဆုံးကပါပါတယ်။ နေရာဒေသတစ်ခုကို ဘယ်လောက်ပဲလှ၊ ဘယ်လောက်ပဲထူးခြားနေပါစေ တည်ငြိမ်အေးချမ်းမှုမရှိရင် ဘယ်သူမှလာလည်မှာ မဟုတ်ပါဘူး။ အခုအချိန်လိုမျိုး ဘက်ပေါင်းစုံက အခက်အခဲမျိုးစုံ၊ စိန်ခေါ်မှုမျိုးစုံ ကြုံတွေ့နေရချိန်မှာ မြန်မာ့ခရီးသွားလုပ်ငန်း ရေရှည်တည်တံ့ခိုင်မြဲဖို့ အားလုံးမှာတာဝန်ရှိပါတယ်။

အစိုးရ အနေနဲ့ အခြေအနေ အချိန်အခါနဲ့ သင့်တော်တဲ့ဥပဒေမျိုးပြဌာန်းသင့်ပါတယ်။ အငြင်းပွားစရာကောင်းတဲ့ အိပ်ယာခွန် (Bed Tax) ပဲဖြစ်ဖြစ်၊ ခရီးသွားခွန် (Tourism Tax – TTx) ပဲဆိုဆို အခုအချိန်မျိုးမှာ မကောက်ခံသင့်ပါဘူး။ အွန်လိုင်းကနေ ဗီဇာ (eVisa) လျှောက်လို့ရနေပေမယ့် ပိုမိုပြည့်စုံအောင် ပြင်ဆင်သင့်တာလေးတွေရှိပါသေးတယ်။ ဥပမာ eVisa Care Line အရေးပေါ်ဖုန်းကို အချိန်တိုးမြှင့်ဖြေဆိုသင့်သလို လျှောက်ထားခွင့်ရှိတဲ့ နိုင်ငံအရေအတွက်လဲ (ပြဿနာထွေထွေထူးထူးမရှိနိုင်တဲ့ နိုင်ငံတချို့) ထပ်တိုးသင့်ပါတယ်။ သက်ဆိုင်ရာဦးစီးဌာနတွေကို ခရီးသွားလုပ်ငန်း၊ နိုင်ငံတကာ ခရီးသည်နဲ့ပတ်သက်ပြီး အဆင်ပြေချောမွေ့အောင် တိကျသေခြာတဲ့ညွှန်ကြားချက်မျိုးထုတ်ပြန်ပြီး ပူးပေါင်းဆောင်ရွက်စေသင့်ပါတယ်။ ခရီးသွားလုပ်ငန်းရေရှည်ဖွံ့ဖြိုးတိုးတက်ဖို့ သင့်တော်တဲ့ ဘတ်ဂျက်ရန်ပုံငွေချထားသင့်ပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နည်အသီးသီးမှာလဲ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးမှု အဖွဲ့အစည်းတွေကို နာလည်တတ်ကျွမ်းတဲ့သူတွေနဲ့ဖွဲ့စည်းသင့်ပါတယ်။

ပြည်တွင်းလေကြောင်းလိုင်းများ၊ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းရှင်များ၊ ဧည့်လမ်းညွှန်များ၊ ခရီးသွားလုပ်ငန်းနှင့်ပတ်သက်ပြီးဝန်ဆောင်မှုပေးနေတဲ့ ယာဉ်မောင်း၊ စားသောက်ဆိုင်များ၊ အမှတ်တရပစ္စည်းဆိုင်များမှာ တင်မကပဲ ပြည်သူလူထုတစ်ရပ်လုံးမှာပါ တာဝန်ရှိပါတယ်။ ကျွန်တော်တို့အားလုံးမှတာဝန်ရှိပါတယ်။
ကျွန်တော်တို့အားလုံးမှတာဝန်ရှိပါတယ်။
ကျွန်တော်တို့အားလုံးမှတာဝန်ရှိပါတယ်။ 


ဒုတိယပိုင်း ဖျောက်ထားမည့်စာ

ဆက်ဖတ်ကြည့်မယ်...

Monday, September 1, 2014

ကြက်ဖင်

မြန်မာဘီလုံးငှက် (Burmese Bush Lark)၊ စူဠာမဏီဘုရားအနီး၊ ပုဂံ
မြန်မာနိုင်ငံငှက် အသင်းက နေပြီး ပရော်ဖက်ရှင်နယ် ငှက်ကြည့်ဧည့်လမ်းညွှန်သင်တန်း ဟိုတလောက စ ပြီးဖွင့်ပေးတာသိရပါတယ်။ တက်ချင်ပေသော်ငြား စခန်းသွင်း သင်တန်းကာလ က နှစ်လ ဆိုတော့ နှစ်နာရီတောင် မနည်း ကြိုးစားပြီး အချိန်ပေးရတဲ့ ကျနော့်ခမြာ မတက်နိုင်ရှာတော့ပါ။ အရင်ကတော့ ကိုယ့်ဖာသာ ဘိုင်နိုကူလာလေးဆွဲ ပြီး၊ ဦးထုပ်ကလေးဆောင်း၊ ရေတပုလင်း ဆွဲပြီး အိမ်နားက အပင်တွေ မှာ ငှက်လိုက်ခြောင်းတာပဲ။ " မေ့.. သား အပြင် ခန သွားလိုက်ဦးမယ်" ဆိုရပြီ။ အမေလုပ်တဲ့ သူ ကြားကြား မကြားကြား။ ပြောပြီး လှစ်ခနဲ ထွက်သွားလိုက်တာပဲ။ ပြန်ချင်တဲ့ အချိန်ပြန်။ အိမ်ကလဲ လယ်ကွင်းတွေကို ဖော်ပြီးမှ ဖြစ်လာတဲ့ ဆင်ခြေဖုန်းက မြို့သစ်ဆိုတော့ တောငွေ့ တောရနံ့ နဲ့ ငှက်မျိုး စုံတွေ့ရတယ်။ နေ့လည်ပိုင်း လူခြေတိတ်ချိန် ဆိုရင် အကောင်းဆုံးပဲ။ နေပူပူ သစ်ပင်ရိပ်ကျဲကျဲ အောက် ကနေပြီး နားနေတဲ့ ငှက်ကလေး တွေခြောင်းရတာ အရသာ အရှိဆုံးပဲ။ သဘာဝ အတိုင်း၊ ဟက်ဘစ်တက် အတိုင်း နေထိုင်ကျက်စား အော်မြည်နေတဲ့ ငှက်ကလေးတွေရဲ့ အမျိုးအစား နဲ့ သဘာဝ ကိုအေးအေးဆေးဆေး လေ့လာနိုင်တယ်။ အဲဒါကို ကျနော့် ချစ်ညီမတွေက ငှက်ဖင်လိုက်ခြောင်း တယ် လို့ ၀ိဂြိုဟ် ပြုတယ်။ နည်းနည်း တော့မှန်တယ်။ အပင်အောက် တည့်တည့်က နေ အပေါ်မှာရှိတဲ့ ငှက်ကို ကြည့်ရင် အောက်ပိုင်း မြင်ကွင်းပဲ မြင်ရတာကိုး။ တယ်လီလဲ အဆင်မသင့်တော့ အဝေးအပင်တွေက ငှက်တွေကို မကြည့်နိုင်ဘူး။ နီးစပ်ရာပဲ ကြည့်နိုင်တယ်။
ကြာဖက်နင်း (Pheasant-tailed Jacana)၊ အင်းလေးကန်
တခါတလေတော့လဲ ငှက်ဝါသနာရှင်တွေ စုပြီး နီးရင် လှော်ကားဥယျာဉ်၊ လှော်ကားရေဝေရေလဲတော၊ သာဓုကန်၊ မှော်ဘီ ပန်းတပွင့်တောင်၊ ခရမ်း-သုံးခွ စသဖြင့် သွားပြီး ဝေးရင် မိုးယွန်းကြီး၊ ဖိုးကျားဆင်စခန်း ကစလို့ မင်းစုံတောင်၊ နတ်မတောင်၊ အင်းတော်ကြီး စသဖြင့် မြန်မာပြည် တနံတလျား သွားကြတယ်။ တချို့ ဆို ခါကာဘိုရာဇီ ဘေးမဲ့တော့ အထိရောက်ကြတယ်။ အဲဒီကိုသွားကြလို့ ဘဲ နောင်မွန်းနားမှာ နောင်မွန်းဘာဘလာ ဆိုတဲ့ မြန်မာမျိုးရင်း ငှက်မျိုးစိတ် အသစ်ဂုဏ်ယူစရာ ထပ်တွေ့တာပေါ့။ ကျနော် လဲ အစစ အရာရာ အဆင်သင့်လို့ ကတော့ ခရီးစဉ်တိုင်းကို လိုက်ချင်တာပဲ။ နောက်ပိုင်းတော့ အလုပ် သဘော အရ မြန်မာပြည်   နေရာတော်တော် များများ သွားဖြစ် တော့လဲ ကျွဲကူးရေပါ ဘိုင်နိုကူလာလေး ဆွဲသွားပြီး ရောက်တဲ့ နေရာကြည့် ဖြစ်တာပဲ။ ငှက်ကြည့်ရတဲ့ အထဲမှာ ပုဂံနဲ့ အင်းလေး ကို တော်တော် သဘောကျမိတယ်။ ပုဂံမှာ ဆိုရင် မြန်မာ့ငှက်စစ်စစ် ဘီလုံးနဖားကြူးနဲ့ စွေ့ တို့ ကို ထနောင်းပင်၊ ကန္တာရပင် တွေ ကြား၊ ဘုရားကြိုဘုရားကြား နေရာ တကာ တွေ့ ရပါတယ်။  အင်းလေးမှာ ကျတော့ ရေလည်ကောင် က ဟိုတယ် ကော့တေ့ခ်ျ ရဲ့ ၀ရံတာမှာ ထိုင်ပြီး ကိုယ့်မြင်ကွင်းထဲ ၀င်လာတဲ့ နာမည်ကျော် ကြာဖက်နင်း တွေကို ဘီယာ တလုံး နဲ့ ထိုင်ကြည့် ရတာ ဇိမ်အရှိဆုံးပေါ့။ 

သမုဒ္ဒယာ ၀မ်းတထွာကြောင့် ဇာတိချက်ကြွေ အမိမြေကို ပစ်ခွာပြီး မလေးရှား နဲ့ အင်ဒိုနီးရှား နိုင်ငံတွေကို ရောက်တော့လဲ အခါအားလျော်စွာ အခွင့်အရေးရရင် ရသလို ငှက်ခြောင်းလာတာ ပါစင်နယ် နုတ်အနေနဲ့ ငှက် မျိုးစိတ်ပေါင်း တစ်ရာကျော် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ ၀ါသနာတူ ငှက်ခြောင်းဖော် တွေနဲ့ တွေ့ရင် လူမျိုး ဘာသာစကား ဘယ်လောက်ကွဲပြားပြား အချိန်ကုန်လို့ ကုန်မှန်းမသိ ပြောမဆုံးပေါင် တော်သုံးတောင်ပါပဲ။ ငှက်ကြည့် ခရီးစဉ်တွေသွားမယ် ဆိုတဲ့ အသံကြားရင် ထိပ်ဆုံးက လိုက်ချင်တယ်။ စာရင်းတို့ထားပြီးသား။
AATO @ Sapi Island Rainforest, Malaysia Borneo
အချစ်ဆုံး အိမ်သူသက်ထား ဇနီးမယား ခင်နဲ့ အိမ်ထောင်ကျခါစ နှစ်လလောက် မှာ ငှက်ခြောင်းဖော် ကိုကိုမမ တွေက မှော်ဘီက ပန်းတစ်ပွင့်တောင် ကို နေ့ချင်းပြန် ငှက်သွားကြည့် မယ်ဆိုပြီး အော်ဂနိုက် လုပ်ပါတယ်။ ဟောဒီက ကိုအေအေတူ ကလဲ စာရင်းပေးပြီးသားပဲ။ အစီအစဉ်က အားလုံး လှည်းတန်းလမ်းဆုံမှာ မနက် ငါးနာရီ အားလုံး ဆုံမယ်။ ငါးနာရီခွဲလောက် လူစုံရင် ထွက်မယ်။ ထမင်း ဗူးဘာညာ ယူလာစရာမလိုဘူး။ ကိုယ့်မှန်ဘီလူး၊ ကိုယ့်ဖီးလ်ဂိုက်ပါရင် ရပြီ ပေါ့။ ဆိုတော့..ခင့်ကို သွားရမလားလို့ မေးတော့ သွားပေါ့...တဲ့။ အဲဒါနဲ့ မနက် လေးနာရီ ထ။ ကျောပိုးအိတ်ကလေးထဲ ကို မှန်ဘီလူး နဲ့ ဖီးလ်ဂိုက်စာအုပ်ထည့်။ ရေပုလင်းလေးထည့် နေတုန်း အခန်းထဲက ၀ုန်းကနဲ အသံကြားတယ်။ ခင်..ဘာလဲ..လို့ မေးတော့ ဘာမှမဟုတ်ဖူး..တဲ့ သွားလေ..တဲ့။ လေးနာရီ က ခွဲခါနီးနေပြီ။ အဲသာ..နဲ့ တောစီးဘိနပ်လေး စီးနေတုန်း နောက်ထပ် ၀ုန်း ကနဲ အသံကြားရပြန်..ရော။ ဘာဖြစ်တာလဲ...ခင်... ဆိုတော့ သွားလေ...ဘာမှမဖြစ်ပါဘူး ဆိုပြီး ပြောပြန်ရော..။ ငါးနာရီထိုးရော။ လှည်းတန်းက အဖွဲ့တွေကို နည်းနည်း နောက်ကျမယ့် အကြောင်းဖုန်းဆက်ပြောလိုက်တယ်။ အဲသာ...နဲ့ တံခါးလေးဂျက်ကလေး ဖွင့်ပြီး အပြင်ထွက်မယ်လုပ်လိုက်တော့ အခန်းထဲက အသံထပ်ထွက်လာပြန်တယ်။ ဒီတခါကျတော့ သွားရဲရင် သွားကြည့်လေ ဖြစ်သွားပြီ။ ၀ုန်းဒိုင်း အသံတွေက လဲ အာဠာဝက တိုက်သလို ကျယ်လာတယ်။ ဟဲဟဲ.. လှည်းတန်းက အဖွဲ့တွေကို မလိုက်ဖြစ်တော့ဘူးလို့ မျက်နှာပူပူ နဲ့ ဖုန်းဆက်လိုက်ရတယ်။ 

တော်တော် ညံ့တဲ့ အေအေတူ ကိုယ့်အချစ်ဆုံး အိမ်သူသက်ထား ပူပူနွေနွေး ဇနီးမယား ရဲ့ မွေးနေ့ ကိုသတိမရဘူး ငှက်ဖင် သွားခြောင်းဖို့မနက်အစောကြီးထ ပြီးတက်ကြွတဲ့ကြက်ဖ လုပ်နေတယ်။ အနှစ်ချုပ်ရင် အဲသည် သတင်း မာတာပီတ မိနဲ့ဖ ဆီရောက်တယ်။ မေမေ ကမှတ်သားစရာ တိုတိုတုပ်တုပ် ဆုံးမတယ်။ 

ငါ့သား.. မင်းလဲ ကိုယ့်အိမ်ထောင်နဲ့ ကိုယ်ဖြစ်နေပြီ။ ငှက်ဖင်ချည့်ပဲ မကြည့်နဲ့ ကြက်ဖင်လဲ ကြည့်ဦး.. တဲ့။ (ကြက်ဖင် ဆိုတာ ကြင်ဖက်....ပေါ့တဲ့)။ ခိခိ။ 



မှတ်ချက်။             ။ မရေးတာကြာလို့။ ဘလော့ဒေးမှာ မဖြစ်မနေအားတင်းပြီးရေးလိုက်တယ်။ အမှတ်တရ ဖြစ်စေသော်ဝ်။










ဆက်ဖတ်ကြည့်မယ်...

Friday, February 15, 2013

ဂျာမူး ဂျာမူး



အင်ဒိုနီးရှား ကိုတာဝန် အသစ်နဲ့ မပြောင်း ခင်မှာ လုပ်ငန်းနဲ့ ပတ်သက်တဲ့ သင်တန်း တက်ဖို့ အရင်ရောက်ခဲ့ရပါတယ်။ ဘာလီက ဒန်ပါဆာလေဆိပ်ကို ပထမဦးဆုံး ခြေချ မိတဲ့ အခါမှာ ကတည်းက ဘာလီ နဲ့  ဘာလီကျွန်းသူကျွန်းသား တွေဟာ ကိုယ်နဲ့ မစိမ်း သလိုလို၊ အရင်တုန်းက ပဲ ရောက်ခဲ့ ဖူးသလိုလို ခံစားမှု မျိုး ဖြစ်ပေါ်လာပါတယ်။ ဘာလီကျွန်း ရဲ့ နာမည်ကျော် ဂျင်ဘာရမ် ကမ်းခြေက ဟိုတယ် (Seri Segara Hotel သီရိသမုဒ္ဒရာ ဟိုတယ်လို့ ဘာသာပြန်ရမယ်) မှာ ရက်သတ္တပါတ် နှစ်ပါတ်လောက် နေပြီး ရုံးကို အကြိုအပို့ လုပ်တဲ့ ကားနဲ့ မနက် ရှစ်နာရီခွဲ လောက် သွား၊ ပြီးရင် ညနေ ငါးနာရီကျော် ကျော်လောက်မှာ ဟိုတယ်ကို ပြန်ပို့ ဆိုတဲ့ အစီအစဉ်ဘောင်ထဲမှာပဲ နေသားကျနေခဲ့ရ ပါတယ်။  ဘာလီက လမ်းကျဉ်းကျဉ်းကလေးတွေ၊ လမ်းဆုံလမ်းခွ တွေ၊ အခိုင်အခန့် နတ်ကွန်းတွေ၊ လမ်းဘေး ဈေးဆိုင်ကလေးတွေ နဲ့ အသားညိုညို အပြုံးချိုချို ပိုင်ရှင် ဘာလီကျွန်းသူ တွေ ဟာ ကိုယ်နဲ့ ရင်းနှီးနေသလို မျိုး ခံစားရပါတယ်။ ဘာလီဟာ ကမ္ဘောဒီးယား က ဆီရမ်ရိ (Siem Reap) နဲ့ တူသလိုလို၊ မြန်မာပြည် မော်လမြိုင်က ရပ်ကွက် တခုထဲ ရောက်နေသလိုလိုဖြစ်နေမိပါတယ်။ ဆိုခဲ့တဲ့ အကြောင်းအရာတွကြောင့်ပဲ လား ခင်မင်နှစ်လိုဖွယ် ဘာလီ ကျွန်းသူ ကျွန်းသားတွေဟာ မြန်မာတွေနဲ့တူလွန်း လို့ပဲလား ဘာလီနဲ့ စိမ်းမနေပဲ သိပ်ရင်းနှီးသလိုဖြစ်နေတယ်လို့ခံစားမိပါတယ်။


ဘယ်လိုပဲ ဖြစ်ဖြစ် ကိုယ်နဲ့ မတူပဲ ထူးခြားတဲ့ အလေ့ အထ၊ ယဉ်ကျေးမှု အမူအကျင့် တွေကို တနင်္ဂနွေ နှစ်ပါတ် အတွင်း ရုံးသွား၊ ရုံးပြန် သတိထား လေ့လာကြည့်မိပါတယ်။ နားရွက်ကြားမှာ စကားဝါပန်းထိုးထားတတ်တဲ့ ခပ်ပျော်ပျော် လုပ်ဖော်ကိုင်ဖက် ဒရိုင်ဘာ ကတွတ် (Ketut) ပြီးရင် မနက်တိုင်း သတိထား မိတဲ့ အထဲမှာ ပုလင်းပေါင်းစုံကို တောင်းထဲထည့် ပြီး လည်ရောင်းနေတဲ့ ဈေးသည်တွေက ထိပ်ဆုံးက ပါပါတယ်။ တချို့ က ပုလင်းတွေထည့်ထားတဲ့ တောင်း ကို ပါတိတ်အစ နဲ့ ကျောပိုး သိုင်းပြီးလမ်းလျှောက် လည်ရောင်းကြ သလို၊ တချို့ က လည်း စက်ဘီး၊ တချို့ က ဆိုင်ကယ် အစရှိသဖြင့် ပုံစံ အမျိုးမျိုး နဲ့ ရောင်းတာတွေ့ ရပါတယ်။ အဲဒီ အသည် ဘာသည်လဲ ဆိုတာ တွေ့မိတိုင်း သိချင်စိတ် အလွန်ပြင်းပြင်းပြပြ ဖြစ်မိပေမယ့် ရုံးကိုရောက်တဲ့ အခါကျတော့ ရှုပ်ထွေးများပြားလှတဲ့ လုပ်ငန်းတာဝန်တွေ နဲ့ ဖိစီးပြီး လုပ်ဖော်ကိုင်ဖက်တွေကို မမေးမိပြန်ဘူး။ ဒီလို နဲ့ လုပ်ငန်းဆိုင်ရာ သင်တန်း နှစ်ပါတ်ပြီး လို့ ဘာလီက နေ မလေးရှား ကို ပြန်သာ လာခဲ့ရတယ် အဲဒီ အသည် ဘာသည် လဲ မသိလိုက်ရဘူး။

မလေးရှား ကနေ ဘာလီ ပြောင်းရတဲ့ အခါကျတော့လဲ ပြောင်းခါ စဆိုတော့ ရုံးတာဝန်၊ အိမ်ထောင်တာဝန် တွေကြောင့် အမှူ့ မဲ့ အမှတ်မဲ့ ပဲဖြစ်နေခဲ့ပါတယ်။ နောက်ပိုင်းမှာ အဲဒါကို ဂျာမူး ရောင်းသည့်အသည် ဆိုတာသိပေမယ့် တခါမှ အသေးစိပ်လေ့လာမကြည့်ရသေးပါဘူး။ ဒါပေမယ့် တညနေ ရုံးက အပြန် လမ်းမှာ လူတွေဝိုင်းနေတဲ့ အဲဒီအသည် တွေ့လို့ ကားရပ်ပြီး ၀င်အား ပေးပါတယ်။ ဘယ်လိုသောက်မလဲ လို့ဈေးသည်က မေးတော့ ဘယ်လိုမျိုးရလဲ ပြန်မေးလိုက်ပါတယ်။ သူပြန်ပြောတဲ့ အမျိုးပေါင်း များစွားကို နားသိပ်မလည်တော့ ရိုးရိုးပဲ  ပေး (Biasa saja)  လို့ ပြောလိုက်ပါတယ်။ အဲဒီမှာ သူက ပုလင်းပေါင်းစုံထဲ က အရည်ပေါင်းစုံ၊ အမှုံ့ ပေါင်းစုံ နည်းနည်း ချင်းထည့်ပြီး ဘဲဥ ထည့်မလား ထပ်မေးပါတယ်။ ကိုယ်စကား ပြန်မရခင်ပဲ ဘဲဥတလုံးကို ခွဲ ပြီး အကာတွေကို သွန်ပါတယ်။ အနှစ်ချည်းသီးသန့် ကိုစောစော က ခွက်ထဲ ကိုထည့် ပြီး မွှေပါတော့တယ်။ နှံ့လောက်ပြီ ထင်မှ ဖန်ခွက် အသစ်တစ်လုံးထဲ ကိုစောစောက ညိုပြစ်ပြစ် အရည်တွေထည့် ပြီး ကမ်းပေးပါတယ်။ ကျနော်လဲ မှာပြီးမှ တော့ မထူးပါဘူး ဆိုပြီး တကျိုက်တည်း မော့ ချလိုက်ပါတယ်။

ငရုတ်သီး ၊ ဆနွင်းမှုန့်၊ မဆလာတွေ ရောပြီး မွှေချက် ချက် ရင်တောင် ညီစို့စို့ နံတတ်တဲ့ ဘဲဥ အနှစ်ပါပေသော်လည်း လုံးဝ မညှီပဲ အရသာဟာ ချိုသလိုလို၊ ငန်သလိုလို၊ ခါးသလိုလို နဲ့ ပူရှိန်းရှိန်း ဖြစ်ပြီး တော့ လည်ချောင်းထဲ ကို နွေးခနဲ စီးဝင်သွားပါတယ်။ အိမ်ပြန်ရောက်တော့ လဲ လူက ပူရှိန်းရှိန်းဖြစ်နေပြီး ရေတ၀ ချိုးလိုက်ခါမှပဲ လန်းဆန်းပြီး ဗိုက်ပါ ဆာသွားပါတော့တယ်။ နောက်တော့ အိမ်နီးချင်း ဒေါက်တာမ လာလည် တုန်း အသေးစိပ် မေးတဲ့အခါကျမှ ဂျာမူးအကြောင်း တော်တော်များများ သိရပါတော့တယ်။ 

တကယ်တော့ ဂျာမူး ဆိုတာ အင်ဒိုနီးရှား နိုင်ငံ ဂျာဗား ကျွန်းမကြီး အနှံ့ က ကျွန်းသူ ကျွန်းသားတွေ နေ့စဉ် မှီဝဲ တဲ့ တိုင်းရင်းဆေး တစ်မျိုးပါပဲ။ ဆေးဖက်ဝင် အပင်ပေါင်းစုံ က အရွက်၊ အသီး၊ အရိုး၊ အမြစ်၊ အပွင့်၊ အခေါက် တွေကို ဆေးဖော်စပ်ပြီး သောက်သုံးကြ တာဖြစ်ပါတယ်။ ဂျာမူးကို ရှေးနှစ်ပေါင်းများစွာ ကတည်း က သုံးစွဲ လာလိုက်တာ ဆင်းရဲ ချမ်းသာ မရွေး၊ မြို့ပြ ကျေးလက် မခွဲ ခြားပဲ လူတန်းစားပေါင်းစုံ ရဲ့ မှီဝဲ အားထား ရာ တစ်ခု အဖြစ်ယခု အချိန်အထိ အင်ဒိုနီးရှား ကျယ်ကျယ်ပြန့် ပြန့် အားကိုးတကြီး မှီဝဲ့ အသုံး ပြုတာ ဖြစ်ပါတယ်။


ဂျာမူး ရှင်



ဂျာမူး မှာ ပါဝင်တဲ့ ဆေးဖက်ဝင် သစ်ရွက်၊ သစ်ခေါက်၊ သစ်မြစ်၊ သစ်ဖု၊ သစ်သီး၊ သစ်ဖူး ၊ သစ်ပွင့်


ဂျင်းပင်


ဂျာမူး ပြုလုပ်ပုံ ကို ရှာဖွေ လေ့လာပြီး ရေးရရင် တိုင်းရင်းဆေးကျမ်း ပုံစံ မျိုး ဖြစ်သွား နိုင်တဲ့ အတွက် ဂျာမူး ဖော်မြူလာတော့ ရေးဖို့ အစီအစဉ် မရှိပါ။သို့ ပေမယ့် အကြမ်းအားဖြင့် ဂျာမူး တဖုံ မှာ အခြေခံ ပါဝင်တဲ့ ပရဆေးပင် တွေ ရာပေါင်း များစွာ မှ အနည်းငယ်ကို စုစည်း ကြည့်တဲ့ အခါမှာ အောက်ပါအပင်တွေ အဓိကပါဝင်တာတွေ့ ရပါတယ်။ 
ဂျင်း (ချင်း) Ginger (Zingiber Officinale)
ဂျင်း တမျိုး Lempuyang (Zingiber Oronaticum)
ဂျင်း တမျိုး Temu Lawak/ Wild Ginger (Curcuma Cautkeridza) (ဘာလီကျွန်းသား တွေ ငှက်ပျောအူ၊ ကြက်သားနဲ့ ရောချက်ပြီး အထင်ကရ ပွဲတွေမှာ ကျွေးလေ့ရှိသည်။) 
နနွင်းတက် Kunyit/ Tumeric (Curcuma Domestica)
ဂျင်းတမျိုး Kencur/ Greater Galingale (Kaemferi Galanga)
ဂျင်းတမျိုး Lengkuas/ Ginger Plant (Elpina Galanga)
ဂျင်းတမျိုး Bengle (Zingiber Bevifalium)

(မှတ်ချက် အနေနဲ့ ၀န်ခံရရင် အဲဒီ သစ်ဥ သစ်ဖုတွေ အားလုံး ဟာ ဂျင်းတက် နဲ့ ဆင်တူယိုးမှား တွေချည်းပါပဲ။ တိုင်းရင်းဆေးပညာ နဲ့ ရုက္ခဗေဒမှာ နကန်း တလုံးမှ မတတ်တော့ ခပ်တည်တည် နဲ့ (ဂျင်းတမျိုး) ဆိုပြီး ရောချ လိုက်ပါတယ်။ စကားမစပ် ငယ်ငယ်တုန်း က အကြောင်းလေး သွားသတိရပါတယ်။ အမေက ဈေးမှာ ဂျင်း တက် နည်းနည်း သွားဝယ်ခိုင်းပါတယ်။ ဂျင်းတက် လို့ ဘာလို့ ခွဲပြောရသလဲ ဆိုတော့ ကျနော် တို့ နယ်မှာ ဂျင်းကို ပေါက်ပြီး တမျိုး၊ ပိုးတီး ပုံ တမျိုး လုပ်ရောင်းလို့ ပဲဖြစ်ပါတယ်။ ဆက်ရရင် ကျနော် ဈေး ကိုရောက်တော့ ဂျင်းတက် ရောင်းတဲ့ အသည် ကိုရှာမတွေ့ ပါဘူး။ အဲဒီမှာ အမှုန့် ရောင်စုံတွေ ကို သံဖြူနဲ့ လုပ်ထားတဲ့ မှန်ပုံး တွေ နဲ့ ထည့် ရောင်းတဲ့ ဆိုင် မှာ ဂျင်းတွေ ကို သံပုံး တခုနဲ့ သပ်သပ်ယပ်ယပ် ထည့်ထား တာကို သွားတွေ့ ပါတယ်။ ကျနော် က ဆိုင်ရှင် အဒေါ်ကြီး ကို ဂျင်း နှစ်ကျပ် ဖိုးလောက် ရောင်းပါ လို့ ပြောတော့ အဲဒီ အဒေါ်ကြီး က အဲဒါ မိတ်သလင်.. ကွဲ့ တဲ့ :P )


အရွက်
ငုပင် (ဟုထင်သည်) Secang (Caesalpinia Sappan)
ပိန်းရွက် တမျိုး Sambang Dara (Rexco Ecaria Bicolar Hassk)
ကွမ်းရွက် Brotowali (Tiospora Rumpii Boerl)
ဂျာဗားကျွန်း အနှံ့ ပေါက်တတ်သည့် အပင်တမျိုး Adas (Foeniculum Vulgare Mill)

အသီး
သံပရို / သံပုရာသီး Jeruk Nipis/ Calamondin (Citrae Aurantifalia Sivingle)
ခရမ်းကစော့ သီးတမျိုး (ဟုထင်သည်) Ceplukan (Physalic Angulata Him)
ပုန်းညှက် သီး (ဟုထင်သည်) Nyamplung (Calophylum Inaphyllu)

အခေါက်

သစ်ဂျပိုး Kayu Manis/ Cinamon (Gijeyzahyza Glabra)

အပွင့်
စပါယ် Melati/ Yasmin / Jasmine (Jataninum Sunbac Ait)
သမန်းမြက်ပွင့် (ဟုထင်သည်) Rumput Alang-alang (Gramineae)

တကယ်တန်း ဂျာမူး အကြောင်းလေ့လာရသည်မှာ မလွယ်ကူပါ။ အထူးသဖြင့် ကျနော့်လို ဂျင်းနဲ့ မိတ်သလင် ကိုပင် မခွဲတတ်သော သူများ အတွက် သာ၍ မလွယ်ပါသေးသည်။ ဂျာမူးကို အင်ဒိုနီးရှား မှာ ဘာလို့ ကျယ်ကျယ်ပြန့်ပြန့် မှီဝဲ သုံးစွဲ ကြသလဲ ဆိုတော့ -

၁) နေရာတကာ မှာ အလွယ်တကူရ နိုင်ခြင်း
၂) ဈေးနှုံး ချိုသာ ခြင်း
၃) ဘေးထွက် ဆိုးကျိုး မရှိ ခြင်း တို့ ကြောင့်လို့ ဆိုပါတယ်။

ဂျဗားသူ၊ ဘာလီ သူတွေ ချောတာ၊ ကျန်းမာ တာဟာ ဂျာမူး ဆိုတဲ့ လျှို့ ၀ှက်ချက်ကြောင့် လို့ ဆိုကြပါတယ်။ ဂျာမူး အကြောင်း ဆက်စပ်သမျှ ပြောရရင် ကုန်နိုင်ဘွယ် မမြင်ပါဘူး။ အင်ဒိုနီးရှား ရုပ်ရှင်ဇာတ်လမ်း တွဲတွေ ထဲမှာလဲ ဇာတ်ဆောင်မင်းသမီး တွေဟာ ဂျာမူးရောင်းတဲ့ ဂျာဗား က ဂျာမူးသည် အဖြစ် သရုပ်ဆောင်တာ ခဏခဏ ပါတတ်ပါတယ်။ သမီး အငယ်လေးရေ၀တီ မွေးခါစ မှာ ခင့် ကို မီးထွက် စမိခင်တွေသောက်ရတဲ့ ဂျာမူး ၀ယ်တိုက်ရပါတယ်။ မွေးကင်းစ ရေ၀တီကလေး ကိုလဲ ထက်လင်းရင်လူးဆေး မရနိုင်တဲ့ ဘာလီမှာ ဂျာမူး ရင်လူးဆေး Minyak Telon  ကိုပဲအားထား ရပါတယ်။ ဂျာမူး ဟာ ဘယ်လောက်အထိ လွှမ်းမိုးနိုင် သလဲ ဆိုရင် သမီးအကြီးမလေး ဘာလီသူ သူငယ်ချင်းတွေ နဲ့ ကစား တဲ့ အခါမှာ ကစားစရာ ခွက်တွေ၊ ဘူးတွေကို ခြင်းတခုထဲ ထည့်ပြီး "ဂျာမူး..ဂျာမူး" လို့ အော်ပြီး ဂျာမူး သည်လုပ်တန်း ကစားသည် အထိပါပဲ။ 
အင်ဒိုနီးရှား ကနေ မလေးရှားကို ပြန်ပြောင်း လာခဲ့ရပါပြီ။ ဒါပေမယ့် တခါ တလေမှာ "ဂျာမူး......ဂျာမူး" ဆိုတဲ့ အသံ ကိုတော့ ကြားယောင်နေတုန်းပါပဲ။                ။


ဓါတ်ပုံ / Photo / Gambar
ဓါတ်ပုံအားလုံး အင်တာနက်မှ ကူးယူပါသည်။ 
Photos are taken from internet and credits are due to all respective photographers.
Saya menganbil dari internet dan facebook. Maaf dan terimakasih.


ကိုးကား / Reference / Referensi
အချက်အလက်အများစု ကို အင်ဒိုနီးရှားဝက်ဆိုက်များမှ ရယူပါသည်။
Many facts about Jamu are taken from some Indonesian webpages.
Saya manganbil informasi dangan referensi dari Indonesia webpages. 




ဆက်ဖတ်ကြည့်မယ်...

Saturday, September 8, 2012

ချရပ်စ်ဂူ

 ပန်ချင်းတောင် (Bukit Panching)
မထင်မှတ်ပဲ၊ ကြိုတင်စီစဉ် တာတွေ မလုပ်ပါပဲ ပန်ချင်းတောင် (Bukit Panching) ပေါ်က ချရပ်စ်ဂူ ကိုလေ့လာဖြစ်ခဲ့ ပါတယ်။ မလေးရှားကျွန်းဆွယ် ရဲ့ အရှေ့ဖက် ကမ်းရိုးတမ်း က Cherating Beach ကို ပိတ်ရက်ရှည် ရတုန်း မိသားစုနဲ့ သွားခဲ့ ရာမှ အပြန် နာမည်ကျော် Kuantan မြို့ ကိုဝင်၊ အဲဒီကနေမှ ကီလို သုံးဆယ် လောက်ထပ်မောင်း ပြီး ဆီအုန်းခြံ တွေရဲ့ အလယ် က ဇွဲကပင်တောင် ကြီးလို ထီးထီး ကြီးရှိနေသည့် ပန်ချင်း တောင်ကိုရောက်ခဲ့တာဖြစ်ပါတယ်။ ချရပ်စ်ဂူ (Gua Charas) ကတော့ ပန်ချင်းတောင် ရဲ့ တောင်ထိပ် မရောက်ခင် လေးပုံ တစ်ပုံလောက်အလို လောက် မှာရှိတယ်လို့ ယူဆပါတယ်။ ပန်ချင်းတောင် ဟာ ကျနော့် အထင် ပေ ၂၀၀၀ နီးပါး လောက် မြင့်တယ်လို့ ထင်ပါတယ်။ Tourism Malaysia ရဲ့   information plate မှာရေးထားတာ တော့ မီတာ ၁၀၀၀ ပါတဲ့။ ပေ ၃၀၀၀ ကျော်မြင့်တယ်ဆိုတဲ့ သဘောပေါ့။ ကျနော်တော့ မထင်ပါဘူး။ တောင် က ပန်ချင်းတောင် ဖြစ်ပြီး ဂူနာမည် ကျမှ ဘာကြောင့် ချရပ်စ်ဂူ ဖြစ်နေရတာ လဲ ဆိုတာကလဲ စိတ်ဝင်စားစရာ ကောင်းလောက်အောင် အဖြေရှာ မတွေ့ ပါဘူးလို့ လဲ ဆိုပါတယ်။ ထုံးကျောက် တောင် ကြီး နဲ့ ဂူ ဟာအနည်းဆုံး နှစ်သန်းပေါင်း ၄၀၀ လောက် သက်တမ်းရှိပြီလို့ ဆိုပါတယ်။

Caving (Spelunking)  သမားတွေ အတွက်တော့ Gua Charas ဟာ Adventure Cave နဲ့ Show Cave အမျိုးအစား နှစ်မျိုးရှိရာမှာ အပြဂူ (Show Cave) အမျိုးအစား ဖြစ်ပါတယ်။  အကြမ်းအားဖြင့် ဂူအတွင်းပိုင်း ကျယ်ပြန့် ပြီး လမ်းလျှောက်ဝင်သွားလို့ ရတဲ့ ဂူအမျိုး အစား တွေကို Show Cave လို့ ခေါ်ပြီး ခက်ခဲခဲ ကြိုးတွေ ဓါတ်မီးတွေ စတဲ့ (Caving Gear) နဲ့ဝင်ရတဲ့ ဂူအမျိုးအစား တွေကိုတော့ Adventure Cave လို့ ဆိုရမှာဖြစ်ပါတယ်။ ဂူတွေ ထဲကို ၀င်ကြည့် ရင် စိတ်ဝင်စား စရာ၊ လေ့လာစရာ တွေ အများကြီး ရှိပါတယ်။ အနည်းဆုံး ဘူမိဗေဒ၊ ဂူအတွင်းထဲ က အင်းဆက်ပိုးမွှားတွေ၊ ဖားပြုပ်၊ မြွေ၊ လင်းနို့၊ အပင် အမျိုးအစားတွေ အပြင် ကမ္ဘာဦးလူသား တွေ နေထိုင်ခဲ့ တဲ့ ဂူတွေမှာ ဆိုရင် နံရံဆေးရေး ပန်းချီတွေ ကိုကြည့် ပြီး ဘယ်လို နေထိုင် ခဲ့တယ်၊ ဘယ်လို ကျောက်လက်နက် တွေ ကိုသုံး စွဲ ခဲ့တယ် စသည်ဖြင့် သမိုင်းမတင် မှီက အကြောင်းတွေကို လေ့လာ နိုင်မှာ ဖြစ်ပါတယ်။ Caving အကြောင်း ကို ဒီနေရာမှာ ရေးခဲ့ဘူးပါတယ်။

 တောင်ခြေက ဆိုင်ကလေး

ပန်ချင်းတောင် ခြေ ကိုရောက်တော့ ကိုယ်ပိုင် ကားတွေ အပြင် တိုးရစ် တွေ အပြည့်နဲ့ Tour Bus တစ်စီး ရပ်ထားတာ တွေ့ ရပါတယ်။ နိုင်ငံခြားသားဧည့်သည်တွေကို ပြသရာ နာမည်ကြီး Point of Tourist Attraction မဟုတ်သော် လည်း ဒေသခံ တွေ နဲ့ အတူ တိုးရစ်တွေ ပါလာရောက် လေ့လာ ကြတာ တွေ့ ရပါတယ်။ ကာပါကင် ခ ၂ ရင်းဂစ် ပေးပြီး အပေါ်ကို တက်ကြည့် တဲ့ အခါမှာ ဂူကို ရုပ်တရက်မတွေ့ ရလို့ စိတ်ပျက် သလိုတောင် ဖြစ်သွားပါသေးတယ်။ ဒါပေမယ့် ဂူကို ထိမ်းသိမ်းစောင့် ရှောက်တဲ့ အိန္ဒိယ လူမျိုး က နောက်ထပ် ၀င်ကြေး ၂ ရင်းဂစ်ထပ်တောင်းပြီး တောင်ပေါ်ကိုတက်တဲ့ သံလှေကားရှိရာ ကို လမ်းညွှန်ပါတယ်။ တကယ်တော့ ချရပ်စ်ဂူ ဟာ တောင်ကြီးတောင် ပေါ်က ဂူလိုမျိုး တောင် ထိပ်နားမှာ ဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။ ဂူရှိရာ တောင်ပေါ် ကိုတက် တော့ တရုတ်ဘုံကျောင်း တွေမှာ တွေရတတ်တဲ့ အပြင်အဆင်မျိုး တွ့ ရပြီး တံဆောင်းလို နှစ်ထပ် အဆောက်အဦ နှစ်လုံး တွေ့ ရပါတယ်။ အထဲမှာ မယာယန ဆင်းတုတော်တွေ အများစု လိုမျိုး ဈာန မုဒြာ ဆင်းတုတော် တစ်ဆူ ဖူးတွေ့ ရပါတယ်။ တချိန်က တရုတ်ဗုဒ္ဓဘာသာ တွေကြီး စိုးခဲ့ ဟန်တူပေမယ့် ယခု အချိန်မှာတော့ အန္ဒိယ တမီလ် လူမျိုးတွေ ကိုပဲ စောင့်ရှောက်နေတာ တွေရပါတယ်။




 သံလှေကား နဲ့ တက်ခဲ့ပါ

  လှေကားထိပ်မှ

ဂူအ၀င်ဝ
 

ဆင် နှင့် မျောက် ၏ ဆည်းကပ်မှု့ ကိုခံယူနေ ပုံရုပ်ပွားတော် တစ်ဆူ


  မူလ သာသနာပြု ထိုင်းရဟန်းတော် အလှူမှတ်တမ်း

ကျောက် ငါး လေလား




ဝင်ကြေး ၂ ရင်းဂစ်ပေး ပြီး မတ်စောက်လှတဲ့ ကျောက်တောင်မှာ တပ်ဆင်ထားတဲ့ သံလှေကား နှစ်ဆင့် ကို တက်ပြီး ကျောက်သား လှေကား အတိုင်း အနည်းငယ် ထပ်တက်တာနဲ့ ဂူဝကို ရောက်ပါတယ်။ ဂူအ၀င်ဝမှာ ကတည်း Caving လုပ်ရင်ခံစားရလေ့ရှိတဲ့ အေးစိမ့်စိမ့် စိုစွတ်စွတ် အထိအတွေ့၊ အောက်သက်သက် အနံ့၊ လင်းနို့ တွေ အုပ်စုလိုက် လှုပ်ရှားသံ တွေ ကို စတင်ခံစား ရတော့ တာပါပဲ။ ဂူ အ၀က နေ အတွင်းပိုင်း ကို ဆက်သွယ် ထားတဲ့ မီးလိုင်း တွေ ရှိပြီး လျှောက်လမ်း တလျှောက်မှာ လျှပ်စစ်မီးတွေ သွယ်တန်း ထွန်းညှိထား ပေမယ့် ဂူထဲ မှာ မှောင်မည်း နေပြီး ထွန်းထားတဲ့ မီးရောင် တွေက လဲ အရောင် တွေ ပြန့် ပြီး အရာဝတ္ထု တွေကိုသဲသဲကွဲ ကွဲ မြင်ရ လောက်အောင် လင်းမနေပါဘူး။ ဂူအ၀ ကနေ အနည်းငယ် ဆင်းသွား လိုက်တာနဲ့ အန္ဒိယ အမျိုးသား တစ်ယောက် ကျောက်ဖြစ်နေတယ် ဆိုတဲ့ မြွေ ဆိုပြီး လာလည်သူ အိန္ဒိယအဖွဲ့ တွေကို တမီလ်လို ရှင်းပြနေပါတယ်။ စပ်စုချင်ပေမယ့် တယောက်တပေါက်မေးနေတဲ့ တမီလ်တွေ ကြားမှာ ဘယ်လိုမှ ကိုယ့်အတွက် အလှည့် ရောက်မလာနိုင်ဘူး ဆိုတာ သိရလို့ ရှေ့ ကို ပဲဆက် သွားကြည့် ရမှာ ကျောက်ဖြစ်သွားတဲ့ ငါး ဆိုပြီး သံဇကာ ကာထားပြီး အလှူခံ နေတဲ့ အိန္ဒယ အမျိုးသမီး တစ်ယောက် ကိုတွေ့ ရပါတယ်။ သူရှင်းပြတဲ့ ကျောက်ငါး အကြောင်းထက် ချပါတီ ကို ဒလိမ့်တုံး နဲ့ လှိမ့်နေသလို တမီလ်သံ ၉၉ ရာခိုင်နှုံး နဲ့ မလေးစကား ကို ဘယ်လိုမှ နားမလည် လို့ အမြန်စကား ဖြတ်ပြီး ပြေးရပါတော့တယ်။

အဲဒီနောက်မှာ ဆင်နဲ့ မျောက်က ဖူးမြော်နေပုံ ထိုင်ရက် ရုပ်ပွားတော်တစ်ဆူ ကို တွေ့ ရပြီး နံရံ အမြင့်ပိုင်းတွေမှာ တရုတ်၊ မလေး၊ တမီလ်၊ ဟင်ဒီ ဘာသာတွေနဲ့ အပြင် ထိုင်းလို စာတွေ ရေးထား တာတွေရပေမယ့် ဘာအကြောင်းအရာ၊ ဘာအဓိပ္ပါယ် ဆိုတာကိုတော့ နားမလည်လို့ မသိခဲ့ရပါဘူး။ ဂူအတွင်းပိုင်း အလည်လောက်မှာ သျှီဝလင်္ဂ (Shiva Lingam) နဲ့ ဟိန္ဒူ နတ်ဘုရားကျောင်း ဆောင် တစ်ခု ကို စတီး ပိုက်တွေ ကြွေပြား တွေနဲ့ အခိုင်အမာ ဆောက်ထားတာ တွေ့ ရပါတယ်။ အဲဒီဘုရားကျောင်း ကိုစောင့် ရှောက်တဲ့ ပုဏ္ဏား တစ်ယောက် ကိုလဲ ဘုရားဖူးတွေ ကြားထဲမှာ ခေါင်းတခါခါ လည်တရမ်းရမ်း လုပ်နေတာ လှမ်းတွေ့ ရပါတယ်။ ဂူ အတွင်းဖက်ဆုံး အပိုင်း ကို လမ်းညွှန် ဆိုင်းဘုတ်တွေ နဲ့ ပြထား ပြီး လျောင်း တောမူဘုရား တစ်ဆူကို ခပ်မှိန်မှိန် အလင်းရောင် အောက်မှာ ဖူးတွေ့ ရပါတယ်။




လျောင်းတော်မူ (လမ်းညွှန် ဆိုင်းဘုတ်တွေမှာ Sleeping Buddha လို့ရေးထားပါတယ်။ အမှန်က Reclining Buddha ဖြစ်သင့်တာပါ)။

ဘုရားဖူး ဒေသခံ တွေ နဲ့ ပြတ်လေ့ ရှိပုံ မပေါ်ပေမယ့် ဂူအတွင်းထဲ က ဗုဒ္ဓရုပ်ပွားတော်တွေ ရဲ့ ပန်းတမော့ လက်ရာ ကတော့ တော်တော်ညံ့ တယ်လို့ ပဲ ပွင့်ပွင့်လင်းလင်း ဝေဖန်ရင် တော့ ငြင်းမယ့် သူရှိမယ် မထင်ဘူး။ ထုံးကျောက် ဂူ တွေမှာ တွေ့ ရလေ့ ရှိတဲ့ ကျောက် စက်ပန်းဆွဲ၊ကျောက် စက်မိုးမျှော်၊ ကျောက်စက် တိုင် စတာ တွေကို နေရာ အနှံ လိုလို တွေ့ ရပါတယ်။ သဘာဝရဲ့ လှပဆန်း ကျယ်မှု့ ကို အကောင်းစား ကင်မရာ တွေနဲ့ မှတ်တမ်းတင် ရိုက်ကူး နေတာ လဲ တွေ့ ခဲ့ရပါတယ်။ ကျနော် လဲ အားကျမခံ ပုံ အနည်းငယ် ရိုက်လာခဲ့ ပေမယ့် ဘာပုံ မှန်း သဲသဲ ကွဲကွဲ မပေါ်အောင် ကောင်းလွန်းလို့ စိတ်မကောင်း စွာပဲ ဖျက် ပြစ်လိုက်ရပါတယ်။


ဂူမကြီး ရဲ့ အပြင်ကို ထွက်လာပြီး ခြုံနွယ်တွေနဲ့ ပိတ်နေတဲ့ လူသွားလမ်း လေးအတိုင်း ထပ်တက်ကြည့် တဲ့ အခါမှာ ဒုတိယ ဆင့် ဂူ ကိုထပ်တွေ့ ရပါတယ်။ အဲဒီဂူ ကတော့ ပန်ချင်း တောင်ရဲ့ ထိပ်ပိုင်း မှာပါ။ တောင်ထိပ်ပိုင်း ကို တိုးလျှို ပေါက် သလိုမျိုး ဖြစ်နေတဲ့ အတွက် အလင်းရောင် ကောင်းစွာ ရရှိပြီး အတွင်းပိုင်း ကို ရှင်းရှင်းလင်း လင်း မြင်ရပါတယ်။ လေကောင်းလေသန့် ရတဲ့ အပြင် တောင်ထိပ်ပိုင်း က လှမ်းမြင်ရတဲ့ ရှုခင်း ကလဲ အမောပြေစေပါတယ်။ တောင်ထိပ်ပိုင်း က သစ်ပင်ခြုံနွယ် တွေထူထပ်စွာ ဖြစ်ပေါ် နေတဲ့ အပိုင်း က ငှက် တစ်ကောင်ရဲ့ အော်မြည်သံ ကို မကြာခဏ ကြားရလို့ သွားကြည့် ရမှာ ဆင်ခြေလျှော က အရမ်း မတ်ဆောက်လွန်း ပြီး လူသွား လို့ ရတဲ့ လမ်း မပေါက်တာ ကြောင့် ဆက်မသွား နိုင်ခဲ့ ပါဘူး။ ကျနော့် အထင် တော့ မလေးဒေသခံ ရစ်ငှက် တစ်မျိုး (Malayan Greater Argus) ဖြစ်လိမ့် မယ်လို့ ယုံကြည်ပါတယ်။ ဒါပေမယ့် အကောင် ကို မတွေ့ ခဲ့ ရလို့ အတိအကျ တော့ မပြော နိုင်ပေဘူး။



တောင်ထိပ်မှာ ဟိုး အဝေးက စီစီရီရီ မြင်နေရတဲ့ ဆီအုန်းပင်တွေ ကိုလှမ်းငေး ပြီး စီးကရက် တစ်လိပ်နဲ့ ခဏ အနားယူ ပါတယ်။ တောင်အောက် ကို ပြန်ဆင်းပြီးကွာလာ လမ်ပူ ကိုဦးတည် ကာ ပြန်လာခဲ့ ပြီး အရှေ့ ဘက် ကမ်းရိုးတန်း ခရီးစဉ် ကို အဆုံးသတ်လိုက်ပါတယ်။                  ။


Information Plaque by Tourism Malaysia








ဆက်ဖတ်ကြည့်မယ်...

Friday, June 1, 2012

စီနီယာကြီး နဲ့ Angry Bird


ကျနော် ဟာ တော်တော်များများ နေရာမှာ ဖေဖေနဲ့ တူ တယ်လို့ မေမေနဲ့ အတွင်းသိ ဆွေမျိုးတွေကဆိုကြတယ်။ စိတ်ဝင်စား တာတွေတူတယ်။ ၀ါသနာတူတယ်။ တွေးခေါ်ပုံတွေ တူတယ်။ ပြီးတော့ အများ က "ပေါက်ပေါက်ရှာရှာ" လို့ ပြောရမယ့် ကိစ္စမျိုး တွေ မှာ ၀ါသနာကြီး တာ တူတယ်။ အဲဒီလို ၀ါသနာ တွေက ငယ်စဉ် ကတည်း က ဖေဖေနဲ့ အတူ သူဝါသနာပါရာ အလုပ်တွေကူ လုပ်ပေးတာ တွေကစ တင် အမြစ်တွယ်ခဲ့တယ် လို့ ပဲယူဆရမယ်။ အထူးသဖြင့် စာအုပ်စုတာ၊ တံဆိပ်ခေါင်း မျိုးစုံ၊ ဒင်္ဂါးအဟောင်းတွေ၊ ရှေးဟောင်းပစ္စည်းမျိုးစုံ စုထားတာ တွေက ကျုရီယို ဆိုင်လိုလို၊ စာအုပ်အဟောင်း ဆိုင်လို လို ကို ဖြစ်လို့။ ဖေဖေ နဲ့ ၀ါသနာတူ လူကြီး တွေ အိမ်ကိုအလည် လာပြီး ခေါင်းစဉ် တူရာတူရာ အောက်မှာ ပြောဆိုဆွေးနွေးကြပြီ ဆိုရင် ကျနော်က ဘေးမှာ တမော့မော့နဲ့ နားထောင် နေခဲ့တာ။

ဖေဖေက သူနဲ့ ၀ါသနာတူ တဲ့သား ကို သိပ်သဘောကျ မှာပေါ့။ တခုခု ကို သိချင်လို့ မေးလိုက် မိပြီ ဆိုရင်လဲ မဆုံးနိုင်တော့ ဘူးရှင်း ပြတာ။ အထူးသဖြင့် သဘာဝ ပါတ်ဝန်းကျင်နဲ့ ပတ်သက်တာတွေ၊ တိရိစ္ထာန်တွေ အကြောင်း၊ ငှက်တွေ အကြောင်း၊ ခေတ်မီ ပြီး အမြော်အမြင်ရှိတဲ့ နိုင်ငံကြီးတွေမှာ သဘာဝဂေဟစနစ် ကို ဘယ်လို ထိမ်းသိမ်း တယ် ဆိုတဲ့ အကြောင်း တွေ ကို အသေးစိပ်တန် စိပ်၊ အကျယ်တ၀င့် လိုရင် အကျယ်တ၀င့်၊ အကြမ်းဖျင်းတန် ရင်အကြမ်းဖျင်း ရှင်းပြပါတယ်။ ဒါတင်မကသေးပဲ လက်ဟန်ခြေဟန်၊ ကိုယ်နေကိုယ်ထား အပြင် အသံထွက်သင့် ရင် အသံပါ အတုလုပ်ပြလေ့ရှိလို့ မေမေနဲ့ တကွ နီးစပ်ရာ တခြားလူတွေ အတွက်တော့ "ပေါက်ပေါက်ရှာရှာ" လို့ ပြောပြီး ရယ်ကြရပါတယ်။

အထူးသဖြင့် တိရိစ္ဆာန်တွေ ရဲ့ အချင်းချင်း အသံပေး ပြီး ဆက်သွယ်ကြပုံ၊ ဒေါသထွက်တဲ့ အသံ၊ ရန်သူကို တွေ့လို့ အချင်းချင်း သတိပေးတဲ့ အသံ၊ ကြောက်လို့ ထွက်တဲ့ အသံ၊ ဖို သံ ပေးပုံ စသဖြင့် အကြောင်းအရာ မျိုးစုံ မကုန်နိုင်အောင် ရှင်းပြလေ့ရှိပါတယ်။ ငှက်တွေအတွက် အသံဟာ အလွန်အရေးကြီးကြောင်း ကို ကြက်ဖကြီး တွန်ရင် အနီးအနားက ကြက်ဖ ငယ်တွေ မတွန်ရဲတဲ့ အကြောင်းနဲ့ နယ်မြေပိုင်ဆိုင်မှု အတွက် တွန်ရတာ ဖြစ်တဲ့ အကြောင်း ဥပမာပေးရှင်းပြပါတယ်။ မြေလတ် ဒေသက အိမ်ကလေးမှာ နေစဉ် ကျနော်ငယ်ငယ် ကတော့ ငှက်မျိုးစုံရဲ့ အသံ လုပ်ပြတတ်တာ မှတ်မိနေပါသေးတယ်။

ကျနော် အပါအ၀င် သားသမီးတွေ အတောင်အလက်စုံလို့ တကွဲ တပြားစီ နေကြတော့ ဖေဖေနဲ့ မေမေ နှစ်ယောက်ထဲ မြို့သစ်က အိမ်လေးမှာ နေကြရပါတယ်။ ကျနော် က အင်ဒိုနီးရှား နိုင်ငံ ဘာလီကျွန်းမှာ၊ ကျန်တဲ့ အကိုတွေ ညီမတွေက ကမ္ဘာ့ အရှေ့ ဖျားက နိုင်ငံလေးမှာ။ အဆင်ပြေတဲ့ ညီမများ က မိဘတွေကို သူတို့ ရှိတဲ့ နိုင်ငံမှာ နေဖို့ ခေါ် ကြပေမယ့် အကြာကြီး မနေနိုင်ရှာဘူး။ မတူတဲ့ ရာသီဥတု နဲ့ ခင်ရာ မင်ရာဆွေမျိုးမိသင်္ဂဟ တွေမရှိတဲ့ တစိမ်း နိုင်ငံမလို့ တဲ့။တခါနေရင် သုံးလ လောက်ပဲ နေနိုင်ကြတယ်။

ဖေဖေနဲ့ မေမေ က အသက်ကြီးပြီဆိုတော့ သားသမီး စုံစုံလင်လင်တဲ့ အတူ ဆုံ ချင်တယ်၊ မိသားစု ဓါတ်ပုံ ရိုက်ချင်တယ်ဆိုတော့ တဦးတည်း သီးသီးခြားခြားခွဲထွက် နေရတဲ့ ဘာလီကျွန်းက ကျနော်က မဖြစ်ဖြစ်အောင် ကျိုးစားပြီး မိဘတွေ နဲ့အတူ မတွေ့ရတာ နှစ်ပေါင်း များစွာကြာနေပြီဖြစ်တဲ့ အကို၊ ညီမတွေကို တွေ့ ဖို့ သွားရပါတယ်။ မိဘတွေ အနေနဲ့ လဲ တစ်ခေါက်တစ်ခေါက် ရောက်ဖို့ ကလွယ်တာ မဟုတ်လို့ အခုလက်ရှိ အဲဒီနိုင်ငံမှာ ရောက်နေတုန်း လေး ကိုလာစေချင်ကြတာပါ။ တကယ်ဆို ကျနော် အဲဒီကို ရောက်တော့ ဖေဖေနဲ့မေမေ က ပြန်ဖို့ တပါတ်ခန့်သာကျန်ပါတော့တယ်။ မပြန်ခင် မီတယ် ဆိုရုံကလေး မျှသာဖြစ်ပါတယ်။

ကျနော် ရောက်တော့ မိသားစု စုံစုံလင်လင် နဲ့ ဟိုး အရင် က လို   ပျော်ပျော် ပါးပါး  နောက်နောက် ပြောင်ပြောင် ပြန် ဖြစ်လာပါတယ်။ အတူသွား၊ အတူစား၊ ပြီးတော့ မတွေ့ရတာ ကြာပြီဆိုတော့ လူတိုင်းမှာ စကားတွေလဲ ပြော မကုန်နိုင် အောင်ပါပဲ။ ကျနော်က ဘာလီက အကြောင်း၊ အင်ဒိုနီး ရှား၊ မလေးရှား မှာ နေထိုင်အလုပ်လုပ် ရတဲ့ အကြောင်းတွေ ပြောသလို အကိုတွေ ညီမတွေကလဲ သူတို့ ဆီက အကြောင်းတွေ၊ မေမေနဲ့ ဖေဖေနဲ့ ကလဲ ရွှေပြည်တော်က အကြောင်း တွေ စသဖြင့်ပေါ့။ ကျနော့် အတွက် တော့ ကမ္ဘာ့ အရှေ့ဖျား က ကျွန်းနိုင်ငံလေး ရဲ့ ဖွံ့ဖြိုး တိုးတက်ပုံ ထက် စည်းကမ်းကြီးပုံ၊ အလုပ်အပေါ် တန်ဖိုးထား ကျိုးစားပုံတို့ ကိုသာ တအံ့တသြ ဖြစ်နေပါတော့တယ်။ နေရာတကာ လက်ညိုးတထိုးထိုး နဲ့ သိချင်တာ မှန်သမျှမေး လာလိုက်တာ အမှိုက် ကို အမှိုက် အမျိုးအစား အလိုက် ရက်သတ်မှတ်ပြီး ပစ် တဲ့ အကြောင်း၊ အိမ်ရှေ့ က အမှိုက် အထုပ်ကလေးတွေကို ပိုက်ကွန်အုပ်ထားတဲ့ အကြောင်းတွေကို ပါ တွေ့ မြင်ရပါတယ်။ ပိုက်ကွန်နဲ့ မအုပ်ရင် သူတို့ စီက ကျီးကန်းတွေက ထိုးဆွ ပြီး စားစရာ ရှာတတ်တဲ့ အတွက် အမှိုက်တွေ လမ်းပေါ်မှာပြန့် ကျဲနေတတ်လို့ အုပ်ထားတာ ဖြစ်ကြောင်းညီမဖြစ်သူက ရှင်းပြပါတယ်။

အဲဒီ မှာ တိုကျို မြို့ လည် က အတင့်ရဲလှတဲ့ တောကျီးကန်း (Large-billed Crow) တွေကို သတိပြု မိပါတယ်။ တောကျီးကန်း နဲ့ မြို့ ကျီးကန်း (House Crow) မတူတာက တောကျီးကန်း က ခန္ဓာကိုယ် ပိုကြီးရုံမျှ မကပဲ နှုတ်သီးက သိသိသာသာ ကြီးပါတယ်။ မြို့ ကျီးကန်း တွေလို မျိုး အာ ရင် "အား အား အား " လို့ မထွက် ပဲ "အား" နဲ့ "ဂဲ" ဆိုတဲ့ အသံ နှစ်သံ အကြားထွက် ပြီး ပို ကျယ်ပါတယ်။ ငှက်ပေါက် ကလေးတွေ၊ ကြွက်၊ ပုတ်သင် စတဲ့ အကောင်တွေကို အရှင်လိုက် ပေါက်သတ်ပြီး စားတတ်ပြီး အလွန်လဲ စည်းလုံးကြပါပေတယ်။

ကျနော်လဲ ဖေဖေ၊ မေမေ နဲ့ ညီမတွေ နဲ့ လည်ပတ်ရာ က အပြန် ညီမတွေ အိမ်နား အရောက်လမ်းဘေး ဓါတ်တိုင်ပေါ်မှာ တန်းစီ ပြီး နားနေတဲ့ တောကျီးကန်း တွေ ကိုတွေ့တော့ ဘယ်လိုမှ ချိုး နှိမ်လို့ မရတဲ့ ၀ါသနာ ကြောင့်  တောကျီးကန်း အသံ တု လုပ်လိုက်ပါတယ်။ ကျနော် ငှက်တွေ၊ တိရိစ္ဆာန်တွေရဲ့ အသံတု လုပ်ပြရင် သဘောကျလေ့ ရှိတဲ့ ဖေဖေ က" ဟေ့ကောင် မလုပ်ပါနဲ့ ကွ" ဆိုပြီး အသည်းအသန် တားတော့ မေမေနဲ့ ညီမတွေ က ၀ိုင်းရယ်ကြပါတယ်။


အကြောင်းကတော့ တနေ့မှာ ဖေဖေက အမှိုက်ထုပ် ကို ချောင်းနေတဲ့ ဓါတ်တိုင်ပေါ်က တောကျီးကန်းတွေကို သူတို့ အသံတု လုပ်ပြီး လှမ်းစ ပါသတဲ့။ အဲဒီမှာ တောကျီးကန်း အုပ်စုကသူရို့ ကို ရန်စ ပါတယ် ဆိုပြီး ၀ိုင်း "အာ" ရုံ တင်မက ပဲ ဖားသားကြီး ကို ၀ိုင်း "သမ" ဖို့ ဆင်းလာကြလို့ အိမ်ထဲ ကို အမြန်ပြန်ဝင် ပြီး ပုန်းနေရပါတယ်။ ဒေါသထွက်နေတဲ့ တောကျီးကန်း အုပ်က ဇွဲကောင်းကောင်း နဲ့ အပြင်မှာ စောင့်နေလို့ အပြင် ကိုတော်တော် နဲ့ မထွက် နိုင်ဖြစ်နေပြီး ညနေစောင်း မှ အပေါ် အင်္ကျီ လဲပြီး ထွက်ရပါသတဲ့။ အဲဒီနောက် ပိုင်းမှာ တောကျီးကန်း တွေကို မစ ရဲတော့ ပဲ ဝေးဝေးက ရှောင်ရပါတော့တယ်။              

တိုကျိုက အန်းဂရီး ဘတ် တွေကို တော့ ဖားသားကြီးလဲတော်တော်လေးစား သွားပုံရတယ်။ လမ်းမှာ တွေ့တိုင်း "စလု" ကိုပေးလို့။                ။




ဆက်ဖတ်ကြည့်မယ်...

Wednesday, May 9, 2012

ကြောင်နံ့သာ

တနေ့ က ညဆယ်နာရီ ကျော်ကျော်လောက်မှာ မှ သမီး အကြီးမလေး က ဘာဂါ စားချင်ပါတယ် ဆိုပြီးဂျီနေ လို့ အပြင်မထွက်ချင်တော့ ပဲ ပျင်းနေတဲ့စိတ်ကို အသာချိုးနှိမ် ပြီးသွား ၀ယ်ရပါတယ်။ ဘာဂါ ဆိုင်က ဆဲဗင်းအလဲဗင်း ဆိုင်ကို အမှီပြု ဖွင့်ထားတာ ဖြစ်ပြီး ညပိုင်း မှသာ ထွက်ပါတယ်။ စေတနာ နဲ့ လက်ရာလေးက ကောင်းတော့ အဲဒီ ဘာဂါဆိုင်မှာ စောင့်နေတဲ့ သူ သုံးလေး ယောက်တော့ အမြဲလိုလိုရှိတတ် ပါတယ်။ ထုံးစံ အတိုင်း ကိုယ့်ရှေ့ ကမှာထား တဲ့ သူတွေ စောင့်နေရတာ နဲ့ ပဲ နာရီဝက်သာသာ လောက် တော့ ကြာသွားလို့ အိမ်ကို အမြန်ရောက်ချင် ဇောနဲ့ မီးပွိုင့် ကို ရှောင်ချင်တာ ကြောင့် လမ်းမကြီး က မမောင်းတော့ပဲ လူနေရပ်ကွက် ကနေ ဖြတ် ဖို့ အကြံနဲ့ ကားကို ကွေ့ဝင်လိုက်ပါတယ်။ လူနေရပ်ကွက် ဆိုပေမယ့် လုံးချင်း အိမ်လေး တွေနဲ့ ခြံဝန်း သီးသန့် နဲ့ ဆိပ်ငြိမ်ရပ်ကွက် ဆိုတော့ သစ်ပင်တွေ အုပ်အုပ် ဆိုင်းဆိုင်း နဲ့ ခပ်မှောင်မှောင်ပါ။ လမ်းသွယ်လေးတွေ ရှုပ်ရှုပ် ထွေးထွေး ဆိုတော့ မကြာခဏ သွားနေကျ ဆိုပေမယ့် မကြာ ခဏ ဆိုသလို ပဲ လမ်းမှားလေ့ရှိပါတယ်။ လမ်းသွယ်လေး တစ်ခု ထဲကို ချိုးဝင်လိုက် တဲ့ အခါမှာ ခွေး တစ်ကောင်လောက် အရွယ်ရှိတဲ့ မီးခိုးရောင် အကောင် ကြီး တစ်ကောင် လမ်းဘေး က ပန်းခြုံ အနီးမှာ ကားမီးရောင် ကို စူးစိုက် ပြီး ကြည့်နေတာ တွေ့လိုက်ရ လို့ ရုတ်တရက် ကြက်သီးဖြန်းဖြန်းထ ပြီး ဘရိတ် ကိုယောင်ပြီးနင်း လိုက်မိပါတယ်။ မလေးရှား နဲ့ အင်ဒိုနီးရှား မှာက ဒါမျိုးတွေ ပေါတယ် ဆိုပြီး နာမည်ဆိုးနဲ့ ကျော်ကြားလေ့ ရှိတတ်တယ်လေ။

အနှီ သတ္တ၀ါကတော့ စက္ကန့် အနည်းငယ် မျက်လုံးစိမ်းစိမ်း တစ်စုံနဲ့ သေချာ စူးစိုက် ကြည့် နေရာက ရုတ်တရက် မီးခိုးလိုမျိုး အငွေ့တွေ ထွက်လာပြီး လမ်းဘေး ကွန်ကရစ်မြောင်းဘေးကို ခုန်ဆင်း ပျောက်ကွယ်သွားပါတယ်။ ဒါပေမယ့် သူဘာကောင် ဆိုတာ သိလိုက်ရပြီ ဖြစ်လို့ ကြောက်စိတ်ထက် ကျေနပ် ပီတိဖြစ် တဲ့ စိတ် နဲ့ အိမ်ကို ပြန်လာ ခဲ့ပါတော့တယ်။

တကယ်ဆို ကျနော် အဲဒီ အကောင်မျိုး ကို သဘာဝ အတိုင်း တွေ့ ရတာ ဒါဟာ ဒုတိယ အကြိမ်မြောက်ပါ။ ပထမ အကြိမ်က လွန်ခဲ့ တဲ့ ငါးနှစ် ကျနော် မလေးရှားကို ရောက်စ တုန်းက အဲဒီအကောင်မျိုး တစ်ကောင် ခြံစည်းရိုး အပေါ်မှာ တတ်ထားတဲ့ သံဆူးကြိုး အခွေ အတိုင်း လျှောက်သွား နေတာကို ကျနော်နေထိုင်ရာ ကွန်ဒို ၀ရံတာကနေ လှမ်းတွေ့ ခဲ့ဘူးပါတယ်။ ကျနော့်စိတ်ထဲ မှာ ထူးဆန်းနေတာက အဲဒီလို တောနက်ထဲမှာသာရှိသင့်တဲ့ အကောင်မျိုးကို ကွာလာလမ်ပူ မြို့လည် ကောင် မျှော်စင် ညီနောင် နဲ့ မလှမ်းမကမ်း မှာ တွေ့ ရတာကိုပါ။

အဲဒီ ကြောင်နံ့ သာ (Malayan Civet - Viverra Tangalunga) လို့အမည်ရတဲ့ တောကြောင်ကြီးမျိုးကို မလေးလို မူဆန်း (Musang) လို့ ခေါ်ပြီး မလေးရှားကျွန်းဆွယ် အနှံ့အပြား အပြင် အရှေ့ဘက်နဲ့ အနောက် ဘက်က ကျွန်းတွေ မှာကျက်စားတယ် လို့ ဆိုပါတယ်။ ဒါ့အပြင် ဘော်နီယို၊ ဆုမတြ နဲ့ ဖိလစ်ပိုင် ကျွန်းစု တွေမှာ လည်း အများအပြား တွေ့ရ တတ်တယ် လို့ သိရပါတယ်။ တကယ်တော့ ကြောင်နံ့သာ အနေနဲ့ အရှေ့ တောင်အာရှ နိုင်ငံတော် တော်များများ မှာ ဒေသခံအနေနဲ့ တွေ့ရတတ်ပြီး တခြားမျိုး တူ တစ်ဝမ်းကွဲ မိသားစုဝင်တွေနဲ့ မတူတာက သူ့ရဲ့ အမည်းရောင် ခြေလေးခြောင်းနဲ့ မီးခိုးရောင် အကွက်တွေ အပြင်၊ အမြီးကို အလှဆင်ထားတဲ့ အဖြူ မီးခိုး အစင်းအကြားတွေကြောင့် သိသာထင်ရှားတဲ့ သွင်ပြင်လက္ခဏာ ရှိတယ် လို့ ဆိုရမှာပါ။ တောကြောင် လို့ ယေဘုယျ ခေါ်နေပေသြော်ငား ကြောင် နဲ့ အနည်းငယ် ဆင်သလို ဖြစ်နေယုံမျှသာဖြစ်ပြီး ကြောင်အမျိုး အနွယ် လုံးဝ မဟုတ်ပေ။ အခြား အသားစား နို့တိုက်သတ္တ၀ါ တစ်မျိုးမျှသာ ဖြစ်ပြီးမြွေပါ (mongoose) အမျိုး အနွယ် နဲ့ ပိုနီးစပ်ပါတယ်။  ကြောင်နံ့သာတွေ ဟာ တစ်ကိုယ်တော် ကျင်လည် ကျက်စားတတ်တဲ့ (solitary animal) တိရိစ္ဆာန် မျိုး ဖြစ်ပြီး တနေကုန် လုံခြုံစိတ်ချရဲ့ အသိုက် အမြုံမှာ အိပ်စက် အနားယူပြီး ညဉ့် အမှောင် ကို အကာအကွယ် ယူပြီး အစာရှာ ထွက်လေ့ရှိတယ်။ အသားစား သတ္တ၀ါ (carnivorous animal) ဖြစ်ပြီး မြေကြွက်၊ တောကြွက်၊ ရှဥ့်၊ ဖွတ်၊ ပုတတ်၊ ပုတ်သင်၊ ဖား၊ မြွေ စတာ တွေကို အစာအဖြစ် ဖမ်းစီး စားသောက်တတ်ပြီး မြေကျင်း ကြီး တွေတူးပြီး နေတတ်သလို သစ်ပင်အကြီးကြီး တွေ ရဲ့ အမြင့်ဆုံး အပိုင်း တွေကိုလဲ တက်နိုင်ကြပါပေတယ်။

လှုပ်ရှားမှု့ မြန်ဆန် သွက်လက်ပေသြော်ငား ကြောင်ကြီး မျိုးနွယ် တွေဖြစ်တဲ့ ကျား၊ ကျားသစ် တို့ အပြင် စပါးကြီး၊ စပါးအုံး လို မြွေကြီးများ၊ မိကျောင်း များ ရဲ့ အစာ အဖြစ်ကိုတော့ မကြာခဏ ကျရောက်တတ်တယ် လို့ ဆိုပါတယ်။ ကြောင်နံ့သာ အမ တွေဟာ နှစ်လ လောက် ကိုယ်ဝန်ဆောင်ပြီးတာ နဲ့ သားငယ် လေးကောင် ခန့် အထိပေါက် ပြီး ကလေးတွေ အရွယ်ရောက်၊ ကိုယ့်အစာ ကိုယ်ရှာစားတတ်တဲ့ အရွယ် အထိ မိခင်က စောင့်ရှောက်ပေးပါတယ်။ သူတို့ တွေဟာ အသက် နှစ်ဆယ် ခန့် အထိနေနိုင် ပေမယ့် အဲဒီ အရွယ်အထိ အသက်ရှည်ရှည် နေနိုင်တဲ့ အကောင်မျိုး အလွန်တွေ့ ရခဲတယ် လို့ ဆိုပါတယ်။ ကြောင်နံ့သာ တွေဟာ သဘာဝအရ သားကောင်ငယ်တွေကို ဖမ်းစီးစားသောက်တတ်တဲ့ တောရိုင်း သတ္တ၀ါ ဖြစ်လို့ အိမ်မွေးတိရိစ္ဆာန်အဖြစ် မွေးလို့ မရပါဘူး။ ဒါပေမယ့် တာမန်နီဂါရာ (Taman Negara National Park) မိုးသစ်တော ကြီးထဲမှာ လှည့်လည် ကျက်စား နေထိုင် ကြတဲ့ အော်ရန်အက်စလီ (Orang Asli) လူမျိုး တစ်ချို့ ဟာ အဆိုပါ အကောင်တွေ ကို သူတို့ နဲ့ အတူသွားလေရာ ခေါ်သွား လေ့ရှိတယ် လို့ ဆိုတယ်။

ဝမ်းနည်းစရာ ကောင်းတာက သစ်အလွန်အကျွံ ထုတ်လုပ်တာ နဲ့ မိုးသစ်တောကြီးတွေကို ဆီအုန်း စိုက်ခင်းတွေ အဖြစ် အသွင်ပြောင်းတာ တွေကြောင့် တခြား တောရိုင်းတိရိစ္ဆာန်တွေ နည်းတူး စိုးရိမ် စရာခြိမ်းခြောက် မှု့ ကိုခံစား နေရပါပြီ။ နောင် နှစ်အတန် ကြာလာရင် ကမ္ဘာပေါ်မှာ မျိုးတုန်း ပျောက်ကွယ် သွားတဲ့ အမွှေးရှည် ဆင်ကြီးတွေ၊ ကျားသစ်ကြီးတွေရဲ့ လမ်းကို လိုက်ကောင်း လိုက်ပါလိမ့်မယ်။ ဒါမှမဟုတ် ပိုးဟတ် တွေလိုမျိုး နှစ်သန်းပေါင်းများစွာ အထိ မျိုးဆက် မပျောက် ပဲ ရှင်သန်ကောင်း ရှင်သန်ပေလိမ့်မယ်။ ချားလ်စ်ဒါဝင် (Charles Darwin)နဲ့ ဟားဘတ်စပန်ဆာ (Herbert Spencer) တို့ ရဲ့ "Survival of the fittest" ဆိုတဲ့ စကားရှိတယ် မဟုတ်လား။              ။


ကိုးကား။              ။ A Field Guide to Mammals of Southeast Asia by Charles M. Francis

ဓါတ်ပုံ
- Malayan Civet by Adam Slavický  
- Malayan Civet caught by trapped camera by da-naturalist.blogspot.com

ဆက်စပ် ဖတ်စရာ
Malaysia Home of Most Diverse Ecosystem
A Trip to Taman Negara National Park 
A Trip to Taman Negara National Park - 2



ဆက်ဖတ်ကြည့်မယ်...

Monday, May 23, 2011

အလုပ်ထဲ က သင်ခန်းစာ

အမှတ်တရ အမှားတစ်ခု

လူဆိုတာ အမှားနဲ့ မကင်းနိုင်ပါဘူး။ လူတိုင်း အမှားလုပ်မိတတ်ကြတာပါပဲ။ အမှားလုပ်လေ့ရှိတဲ့ လူ့သဘောကို အခြေခံ ပြီး စကားပုံတွေ၊ ဆိုရိုးစကားတွေ၊ အတွေအခေါ်တွေ၊ ဥပဒေသတွေ၊ သီဝရီ အစရှိသဖြင့် အများကြီး ရှိပါတယ်။ မှားတတ်ကြတဲ့ အမှား တွေအမျိုးမျိုးရှိပါသေးတယ်။ အမှားဗေဒ ကို ဋီကာချဲ့ ရရင် ကုန်နိုင်ဖွယ်မမြင်ပါဘူး။ သို့ပေမယ့် အများစုရဲ့ အနှစ်သာရ ဒါမှမဟုတ် ရည်ရွယ်ရင်းက "အမှားထဲ က သင်ခန်းစာယူတတ်ဖို့" ပဲ ဖြစ်ပါတယ်။ ကျနော် ပြောချင်တာက အလုပ်လုပ် ရင်းမှားတဲ့ အမှားမျိုး ကိုသာဖြစ်ပါတယ်။ အလုပ်များများ လုပ်တဲ့ သူဟာ အမှားများများ လုပ်ဖို့ အခွင့်အလမ်း ပိုများပါတယ်။ ဘာမှ မလုပ်ပဲ နေရင်တော့ အလုပ်နဲ့ ပတ်သက်ပြီး ဘာမှ မမှားနိုင်ပေဘူးပေါ့။ ဒီလို အမှားတွေ ကနေ သင်ခန်းစာ တွေ၊ အတွေ့အကြုံ တွေ တဖြည်းဖြည်း ရလာပြီး အလုပ်သဘောကို နားလည်လာတဲ့ အဆင့်က နေ ကျွမ်းကျင်တဲ့ အဆင့် ကိုရောက်လာရတာပါပဲ။

တချိန်တုန်း က မှားခဲ့တဲ့ လုပ်ငန်းဆိုင်ရာ အမှားကလေး တွေကို အခုအချိန်မှာ ပြန်တွေးကြည့်မိရင် ရယ်စရာ တောင် ကောင်းပါတယ်။ ဘာဖြစ်လို့များဒီလို ရိုးရှင်းလွယ်ကူတဲ့ ကိစ္စကလေးတွေကို တလွဲဖြစ်အောင်၊ မှားအောင်လုပ်ခဲ့ မိလေသလဲ ဆိုပြီးလဲ စဉ်းစားမိပါတယ်။ အဓိက က အသက်အရွယ်နဲ့ အတွေ့ အကြုံပါပဲ။ အလုပ်နဲ့ပတ်သက်တဲ့ အမှားပေမယ့် မရည်ရွယ်ပဲ တဖက်သား ကိုအကြီးအကျယ် ထိခိုက်စေ နိုင်ပါတယ်။ လွန်ခဲ့တဲ့ ဆယ့်ခြောက်နှစ် ခန့်က အခုလက်ရှိလုပ်နေတဲ့ ခရီးသွားလုပ်ငန်းကို စတင်ထိတွေ့ခွင့်ရခဲ့ပါတယ်။ ဆယ်တန်းစာမေးပွဲ ဖြေ ပြီးစ အောင်စာရင်း မထွက်ခင် အပြင်လောကနဲ့ ထိတွေ့ခွင့် ရအောင်လို့ ဘကြီးဖြစ် သူ အဆက်အသွယ်နဲ့ ရန်ကုန်မြို့လယ်ခေါင်၊ မြို့တော်ခန်းမ နားက ခရီးသွားလုပ်ငန်း ကုမ္ပဏီ မှာ အလုပ်သင် အဖြစ် စ ခဲ့ပါတယ်။

အဲဒီတုန်းက အကြောင်းတွေ ကို ပြန်စဉ်းစား ကြည့်မိရင် တချို့ အကြောင်းအရာ တွေက မှုန်မှုန် ၀ါးဝါး၊ တချို့ အကြောင်းအရာ တွေက ပြတ်ပြတ်သားသားရှင်းရှင်းလင်းလင်း။ မနေ့တနေ့က မှ ဖြစ်ခဲ့သလိုမျိုး။ ရန်ကုန်မြို့ စွန် ဆင်ခြေဖုံး မြို့သစ် နေအိမ်က နေ မိနစ် နှစ်ဆယ်ခန့် လမ်းလျှောက်မှ ရောက်တဲ့ မှတ်တိုင်က နေ ကျပ်ညပ်ခုန် ပေါက်နေတဲ့ ဘီအမ် ဘတ်စကား ကြီးကို တစ်နာရီ ခွဲသာသာ လောက်စီးလိုက်ရင် ဆူးလေမှတ်တိုင် ရုပ်ရှင်ရုံရှေ့ ကိုရောက်။ အဲဒီကနေ မှ ကုမ္ပဏီ ရုံးခန်း ကို သွက်သွက်လေး လျှောက်။ ရောက်ချိန် မနက် ရှစ်နာရီခန့် က ပုံမှန်ပါပဲ။ ရုံးခန်း ကိုရောက်ရောက် ချင်း မီးဖွင့်၊ အဲယားကွန်းဖွင့်၊ ပြီးတာနဲ့ အိုဗာစီး ကော (oversea calls) အတွက် ဘွတ်ကင်တင်။ မန်နေဂျာမမ ရုံး ရောက်လောက်မယ့် အချိန် မနက် ဆယ်နာရီခွဲ မှာ တခါ၊ ဆယ့်နှစ်နာရီ မှာ တခါ ငါးမိနစ်စီပြောပါမယ် ဆိုတာတခါတည်း နှစ်ကော စာတင်လိုက်ရပါတယ်။ ခရီးသွားလုပ်ငန်း ကုမ္ပဏီဆိုပေမယ့် အဓိက ကတော့ ပြည်တွင်း၊ ပြည်ပ လေယာဉ်လက် မှတ် အဓိကရောင်းတဲ့ (Travel Agency) သာဖြစ် လို့ ကျနော့်ရဲ့ နေ့စဉ် အလုပ်တွေက ဘွတ်ကင်တင်ခြင်း၊ စတေကာ သွားကပ် ရခြင်း၊ လေယာဉ်လက်မှတ် ထုတ်ရခြင်း၊ တဆင့်ခံ ကုမ္ပဏီ များက မှာတဲ့ လေယာဉ်လက် မှတ်များ သွားပို့ခြင်း တွေ သာ ဖြစ်ပါတယ်။ စတေကာ ကပ်တာနဲ့ ပတ်သက်ပြီး နည်းနည်းရှင်းပြရ ရင် အဲဒီအချိန်တုန်းက အခုလိုမျိုး Electronic Ticket မပေါ်သေးတော့ Good for Passage Ticket တွေ အပေါ်မှာ သွားမည့် ရက်နဲ့ အချိန် ကို လေယာဉ်လက်မှတ်ပေါ်မှာ ကပ်တာ ကို စတေကာကပ်တယ်လို့ ခေါ်ပါတယ်။ ဆူးလေဘုရားလမ်း က မြန်မာ့အပြည်ပြည်ဆိုင်ရာ လေကြောင်း (MAI)၊ ပန်းဆိုးတန်း က ဆစ်ခ်အဲဝေး (Silk Air) နဲ့ ဘီမန်း (Biman)၊ ဆူလေးအ၀ိုင်းဘေး ထားဝယ်တိုက်က ထိုင်းလေကြောင်း (Thai Airways) အစရှိသဖြင့် နေရာ အနှံ့ မှာရှိတဲ့ လေကြောင်းလိုင်း တွေကိုသွားရပါတယ်။ အလုပ် နည်းနည်းပါးရင် တော့ လေကြောင်းဆိုင်ရာ (2 code)၊ လေဆိပ်နာမည် (3 code) တွေကို ကျက်ရတဲ့ အပြင် IATA ကထုတ်တဲ့ မော်ဂျူး တွေကိုလေ့လာရပါတယ်။ အလုပ်မထွက်ခင် အထိ IATA Module ၈ခု အထိ အလွတ်ဖြေနိုင်ခဲ့ပါတယ်။ (အခုအချိန်မှာတော့ Amadias, Abacus အစရှိတဲ့ GDS စနစ်တွေနဲ့ Electronic Ticket တွေထုတ် နိုင်ပြီ ဖြစ်တဲ့ အတွက် နောက်လူသစ် များမှာ စာကျက်စရာမလိုတော့ပြီ။)

ဒီလောက် ဆိုရင် ကျနော်လုပ်ရ တဲ့ အလုပ်သဘောကို စောကြော မိပေလောက်ပြီ။ ကျနော်ရဲ့ ပထမဆုံး လုပ်ငန်း အတွေ့ အကြုံ ဖြစ်တဲ့အတွက် နေရာတကာ သိချင်၊ တတ်ချင်၊ လုပ်ချင် ဖြစ်နေတဲ့ "တက်ကြွတဲ့ ကြက်ဖ" ဆိုသလိုမျိုး သွက်လက် တက်ကြွ၊ တနည်းအားဖြင့် ပြာယာခတ် နေတာ ပြန်မှတ်မိပါသေးတော့တယ်။ အဲဒီအချိန် အခါကလဲ နိုင်ငံခြားကို ရှိုးဂျော့ တွေ အုပ်လိုက်သင်းလိုက်၊ အုံလိုက်ကျင်းလိုက် ထွက်နေတဲ့ အချိန် ဖြစ်တော့ ကျနော်တို့ ကုမ္ပဏီလို လေယဉ်လက်မှတ်ရောင်းတဲ့ ခရီးသွား လုပ်ငန်းအေဂျင်စီ တွေမှာ လက်မလည် အောင်အလုပ်များကြပါတယ်။ သက်ဆိုင်ရာ လေကြောင်းလိုင်းတွေမှာ Bulk Ticket ခေါ်တဲ့ ခရီးစဉ် (Sector) တခုတည်း ကို အစောင်ရေ ရာနဲ့ ချီပြီး ထုတ်ရတာ တောင် နိုင်ငံခြားကို ထွက်တဲ့ သူများလွန်း လို့ ပြိုက်ခနဲ ပြိုက်ခနဲ ဆိုသလို ကုန်ပါတယ်။ အဲဒီ အချိန်ကတော့ စင်္ကာပူ နဲ့ ဘန်ကောက်ကို အများ ဆုံးထွက် ကြပါတယ်။ အဲဒီအချိန်က စင်္ကာပူ မှာ နိုင်ငံခြားသားတွေ အတွက် အလုပ်အကိုင် အခွင့် အလမ်း တွေ ပေါများ လွန်း တော့ အနယ်နယ် အရပ်ရပ်က ကိုရွှေမြန်မာ တွေ စင်္ကာပူ ကို အဓိက သွားကြပါတယ်။ လေယာဉ်လက်မှတ် အသွား တစ်ကြောင်း (one way) ပဲဝယ်ပြီး ၀င်လို့ရပေမယ့် နောက်ပိုင်းမှာ အထောက် အထားမခိုင်လုံလို့ ပြန်လွှတ်ခံရ (reject) အလုပ်ခံရသူတွေ များ လာလို့ စင်္ကာပူ အစိုးရက အလုပ်လုပ်ခွင့်ပါမစ် (work permit) အရင်ရမှသာ အဲဒီ ပါမစ် ကိုပြပြီး လေယာဉ်လက်မှတ် အသွားတစ်ကြောင်း ၀ယ်လို့ရပါတယ်။ အဲဒါမပါရင် လေကြောင်းလိုင်းကလဲ မတင်ပါဘူး။ အဲဒီလိုနဲ့ လေယာဉ်လက်မှတ် လာဝယ်တဲ့ သူတွေမှာ စင်္ကာပူ ကပို့တဲ့ work permit စာရွက်ကလေး တွေ ယူလာကြတာ တွေ့လာရပါတယ်။ စင်္ကာပူ ပါမစ်ကလဲ ဈေးတော့ သေးမယ် မထင်ဘူး။ လက်မှတ်လာဝယ် ကြသူတွေ ပြောပြောနေလို့ သူတို့ ဘယ်လိုရင်းနှီး ကြရတယ် ဆိုတာ သဘောပေါက်လာရပါတယ်။

အဲဒီလို အုပ်စုလိုက်လာဝယ် ကြရင် ရုံးမှာ ရှိသမျှ လူအကုန် မနားရပါဘူး။ လေယာဉ်လက်မှတ် ရေးတယ်ဆိုတာ လဲ နာမည် မမှားအောင် အရမ်းဂရုစိုက်ရပါတယ်။ နာမည် တလုံးမှားသွားတာနဲ့ အဲဒီလက်မှတ် ကိုသုံးလို့ မရတော့ ပါဘူး။ အသစ်တစောင် ယူပြီး ပြန်ရေးရပါတယ်။ လေယာဉ်လက်မှတ် တွေက တန်ဖိုးကြီးတော့ အမှားနည်းအောင် အတွေ့ အကြုံများတဲ့ သူတွေပဲ ရေးကြပါတယ်။ အရမ်း ရှုပ်လာရင် တော့ ကျနော်လဲ ၀င်ရေးရတော့တာပါပဲ။ ဒီလိုနဲ့ ကျနော်လဲ လေယာဉ်လက်မှတ်ရေးကျင့် ရလာပါတော့တယ်။ လေယာဉ်လက်မှတ် အသစ်မှာ နာမည်ရေးပြီးတာနဲ့ အပေါ်ဆုံးနှစ်ရွက် ကို ဖြတ်လိုက်ရပါတယ်။ (အဲဒါကြောင့်လက်မှတ်ဖြတ်တယ် ဆိုတဲ့ စကားပေါ်လာတာဖြစ်မယ်)။ လက်မှတ်က မှင်ခံ ဖြစ်တာမို့ အောက်မှာတော့ နာမည်နဲ့ ခရီးစဉ်ပေါ်နေပါတယ်။ လေကြောင်းလိုင်းနဲ့ အေးဂျင့် လုပ်ငန်းဆိုင်ရာ ရှင်းလင်းတဲ့ အခါမှာ စောစောက ဖြတ်ထားတဲ့ လက်မှတ်ကလေး နှစ်ရွက်ကို သုံးရပါတယ်။ အဲဒီက လက်ရေးကို ကြည့်ပြီး ဒါဘယ်သူဖြတ်တဲ့ လက်မှတ်လဲ ဆိုတာ သိနိုင်ပါတယ်။

တစ်ခုသော ညနေစောင်း ရုံးဆင်းခါနီး မှာ စင်္ကာပူ ကို work permit နဲ့ သွားမယ့် အဖွဲ့ တစ်ဖွဲ့ ရောက်လာပါတယ်။ အားလုံး လိုလိုက မှော်ဘီ နဲ့ တိုက်ကြီးတ၀ိုက် က လူတွေပါ။ သူတို့တွေက အမျိုးတွေ နဲ့ သိကြပြီးသား သူငယ်ချင်းတွေဖြစ်ပါတယ်။ အရေအတွက် အတိအကျ မမှတ်မိပေမယ့် ဆယ်ယောက်ကျော်တယ် ဆိုတာတော့ မှတ်မိပါတယ်။ သူတို့ အားလုံး ပါမစ်အတူလျှောက်၊ အတူကျ ပြီး အတူသွားကြဖို့ အတူလက်မှတ် လာဝယ်ကြတာပါ။ သူတို့ကြည့်ရတာ တက်ကြွပြီး ပျော်ရွှင်နေကြပါတယ်။ ဒါပေမယ့် သူတို့ အထဲမှာ တစ်ယောက်က ပါမစ်လျှောက်တာ နည်းနည်း နောက်ကျ သွားလို့ နောက် တစ်ရက် နှစ်ရက် နေမှ ကျမှာ ဖြစ်ပါတယ်။ ဒါပေမယ့် သူကလဲ သူငယ်ချင်း တွေ အမျိုးတွေ နဲ့ အတူသွားချင်လို့ လေယာဉ်လက်မှတ် တခါတည်း လာဝယ်တာပါ။ သူတစ်ယောက် အတွက်က လွဲ လို့ ပါမစ် ပါသူ အားလုံးလေယာဉ် လက်မှတ် အသွား တစ်ကြောင်း (one way) ပဲထုတ်စရာ လိုပါတယ်။ သူက တော့ အသွားအပြန် လက်မှတ် ၀ယ်ရတယ်ပေါ့။ သူ့နာမည်က ကိုဇော်မိုး လို့မှတ်မိပါတယ်။ ဒါတွေ ကျနော် အစက မသိခဲ့ပါဘူး။

မန်နေဂျာလုပ်သူ က အံဆွဲ ထဲက သားရေပင်နဲ့ စည်းထားတဲ့ လေယာဉ်လက် မှတ် အလွတ် ထုတ်ထဲ က ဆွဲ ထုတ် ပြီး အဲဒါတွေရေး ဆိုပြီး လှမ်းပေးပါတယ်။ အဲဒီ အထဲမှာ အသွားအပြန်လက်မှတ် (Round Trip Ticket) က ကိုဇော်မိုး အတွက် တစ်စောင်ထဲပါ။ ကျနော်က သွက်လက် တက်ကြွနေသူဆိုတော့ ကျနော် ရေးမယ် ဆိုပြီး ယူရေးလိုက်ပါတယ်။ အားလုံးရေးပြီး တော့ နာမည်စာလုံးပေါင်းမှန်မမှန် ပြန်စစ်ကြည့်ပါတယ်။ အားလုံး မှန်တယ် ဆိုတာ သိရတော့ ကာယကံရှင်တွေကို နာမည်ခေါ်ပေးပြီး စစ်စေပါတယ်။ သူတို့အားလုံးလဲ ကိုယ့် နာမည် မှန်မမှန် စစ်ကြည့် ပြီး စိတ်တိုင်းကျ တော့မှ ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး ပြန်သွားကြပါတယ်။ ရက်အနည်းငယ် အတွင်း နိုင်ငံခြား သွားကြတော့ မယ့်သူတွေ ဆိုတော့လဲ ပျော်ရွှင် တက်ကြွနေပေမပေါ့။

ဒီလို့နဲ့ စနေနေ့ ခရီးသွား လုပ်ငန်းတွေ အားလုံး ထုံးစံ အတိုင်း နေ့တ၀က် ပဲဖွင့်တာ ဖြစ်လို့နေ့လည် ရုံးက အပြန် အိမ်မှာ ခနနားနေ တုန်း ညနေ ပိုင်း မှာ ကျနော့် အိမ်ကို ဖုန်းဝင်လာပါတယ်။ ဖုန်းဆက်လာ သူက မန်နေဂျာ ဖြစ်ပါတယ်။ အကြောင်းက နိုင်ငံခြားက ပြန်လာသူ တစ်ဦးက ဒေါသတကြီး ရုံးကို ရောက်အလာ။ ရုံးက ပိတ်နေ။ မန်နေဂျာ အိမ် ကိုစုံစမ်းပြီး ရောက်ချလာပါတယ်။ ဖုန်းထဲ ကပြောတဲ့ မန်နေဂျာ မမရဲ့ အသံကိုကြားရတာ ကျနော့် ခေါင်းကို မိုးကြိုး ပစ်ချလိုက်သလိုပါပဲ။

ကံဆိုးချင်တော့ ကိုဇော်မိုး အတွက် ဖြစ်ရမယ့် အသွားအပြန်လက်မှက်ကို သူတို့ အထဲက ပါမစ်ရပြီးသား တစ်ယောက် အတွက်ရေးလိုက်မိ ပြီး၊ ပါမစ် မကျသေးတဲ့ ကိုဇော်မိုး အတွက် ကိုတော့ one way လက်မှတ် ရေးပေးလိုက်မိပါတယ်။ ဒါကို ကျနော်အပါ အ၀င် ဘယ်သူမှ သတိမထားလိုက် ကြပါဘူး။ ထုံးစံ ဆိုရင် ရန်ကုန်လေဆိပ် မှာကတည်းက သူ ကျန်နေခဲ့ရမှာပါ။ ဒါပေမယ့် သူကစင်္ကာပူ အထိ ပါသွားပြီး စင်္ကာပူ အင်မီဂရေးရှင်းမှာ ပြဿနာ တက်ပါတယ်။ သူနဲ့ သွားတဲ့ သူ့အမျိုးတွေ သူငယ်ချင်းတွေ အားလုံး ၀င်လို့ရ သွားပြီး သူတစ်ယောက် တည်းသာ ၀င်လို့မရပဲ ကျန်နေခဲ့ပြီး ရန်ကုန်ကိုပြန်တဲ့ လေယာဉ်ပေါ် ပြန်တင်ပေးလိုက်ပါတယ်။ ဒါတင်မကသေး ပဲ ရန်ကုန်လေဆိပ်က လူဝင်မှု့ကြီးကြပ်ရေးက အရာရှိ ကျေးဇူးရှင် တွေက ပါဝါကုန် သုံးပြီး ပတ်စပို့ ကိုပါ သိမ်းထားလိုက်ပါတယ်။

ကိုဇော်မိုး အတွက် တော့ ဖြစ်သမျှ အကြောင်း အရာအားလုံးဟာ ပေါက်ကွဲ စရာချည်းပါ။ ပတ်စပို့ အသိမ်းခံလိုက်ရ တာ အဆိုးဆုံး ဖြစ်ပါတယ်။ လေဆိပ်ကနေ ချက်ချင်း ကားငှားပြီး ခရီးဆောင်အိတ်ကို တင်။ မှော်ဘီက အိမ်ကို မပြန်သးပဲ လေယာဉ်လက်မှတ် ၀ယ်ခဲ့ရာ ကုမ္ပဏီကို လာရှင်းတာပါ။ အသွားအပြန်လက်မှတ် ၀ယ်ခဲ့ရဲ့ သားနဲ့ one way ပဲရေးပေးလိုက်တဲ့ သူကို ပြဿနာ လာရှာတာပါပဲ။ သူမှတ်မိ နေပါတယ်။ အဲဒီကုမ္ပဏီက ချာတိတ်တစ်ကောင် ပြာယာခတ်ပြီး ရေးပေးလိုက်တယ်ဆိုတာ။ အဲဒီအချိန်မှာ သာ သူ့ကို တွေ့လိုက်ရင် တော့ လုံးဝ မသက်သာ ပါဘူး။ ဖြစ်ချင်တော့ အဲဒီနေ့ ဟာ စနေနေ့ ဖြစ်ပြီး နေ့တစ်ဝက်ဆိုတော့ သူရောက်သွားချိန်မှာ ဘယ်သူမှမရှိတော့ပါဘူး။

ပြန်ဆက်ရရင် ကုမ္ပဏီ ကမန်နေဂျာမမ က တော်ပါတယ်။ တာဝန်မဲ့ စကားလုံးဝ မပြောပဲ ဖြစ်သမျှ ကိစ္စအတွက် စိတ်မကောင်းပါကြောင်း၊ လေယာဉ်လက်မှတ် အသစ် အစားပြန်ပေးမယ့် အကြောင်း၊ ပတ်စပို့ အသစ်လျှောက်ဖို့လဲ အကူအညီ ပေးပါမယ့် အကြောင်း ပြောဆိုပြီး နှစ်သိမ့် လိုက်ပါတယ်။ အဲဒီအားလုံးရဲ့ တာဝန်က ကျနော့် အပေါ်ကျပါတယ်။ မန်နေဂျာ မမရဲ့သူငယ်ချင်း ပြည်ထဲရေးက အရာရှိ က ကူညီပေးလို့ ပတ်စပို့ အမြန်ပြန်ကျပါတယ်။ ပတ်စပို့ရုံး ဟိုပြေးဒီပြေး၊ ဖောင်ဖြည့်၊ လျှောက်လွှာတင်၊ တန်းစီ၊ မိတ္တူကူး စတဲ့ အလုပ်တွေ အကုန် ကျနော်လုပ်ရပါတယ်။ ကိုဇော်မိုးက ပတ်စပို့ရုံးနားက လက်ဖက်ရည်ဆိုင်မှာ ပဲထိုင်စောင့်ပါတယ်။ တစ်ရက်နှစ်ရက် ကျနော့် ကို မကြည်လို့ စကားလုံးဝ မပြောပါဘူး။ ထမင်းချိုင့် က ရုံးမှာ ထားခဲ့ရတာ ဆိုတော့ ထမင်းငတ်၊ ရေငတ်ပါပဲ။ ပတ်စပို့ကိစ္စ အဆင်ပြေ တဲ့လမ်းစ တွေ့လာတဲ့ တဲ့နောက်ပိုင်း မှ သူ ကျနော့် ကို စကားစပြော ပြီး တဖြည်းဖြည်း သူ့အကြောင်းကိုယ့် အကြောင်းသိလာပြီး နားလည်လာကြပါတယ်။

ကလေးရှိတဲ့ အိမ်ထောင်သည် ကိုဇော်မိုး ဟာ တကယ်တော့ ဆေးလိပ်ခုံ ပိုင်ရှင်ပါ။ စင်္ကာပူကို သွားရင် ပို အဆင်ပြေနိုင်တယ် ဆိုပြီး ဆေးလိပ်ခုံကို ရောင်း ချပြီး စင်္ကာပူ ကိုသွား ဖို့ စီစဉ်ခဲ့တာပါတဲ့။ သူ့ အတွက် ကဘုရင့်နောင် ဖောင်ဖျက် သလိုမျိုး ဖြစ်လို့ ဘာတစ်မှ အမှားမခံနိုင်တာပါတဲ့။ ဖြစ်ခဲ့တဲ့ ကိစ္စမှာ သူ ပြန်သုံးသပ်ကြည့် တာက တာဝန်ရှိသူက သူ့လေယာဉ်လက်မှတ် ကိုသီးခြား ခွဲထုတ် ပြီးရေးခိုင်းစေခဲ့ရင် ပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် လက်မှတ်ရေးတဲ့ ညီငယ်ကသာ သေချာ စီစစ်ပြီးမှ ရေးခဲ့ရင်ပဲ ဖြစ်ဖြစ်ဒီလို ကိစ္စမျိုး လုံးဝ ဖြစ်မလာ နိုင်ပါဘူးတဲ့။ ဒါပေမယ့် တာဝန်ယူတတ်တဲ့ ကုမ္ပဏီ ဖြစ်လို့ သာ ပတ်စပို့ ပြန်ကျပြီး လေယာဉ်လက်မှတ် တစောင်ပြန်ပေးလို့သာ သူ့ အနေနဲ့ ဘ၀ပျက်လုနီး မဖြစ်တာပါတဲ့။

အနှစ်ချုပ်ရ ရင် ကိုဇော်မိုး က အဆင်ဆင်ပြေပြေနဲ့ စင်္ကာပူ ကိုပြန်ဝင် သွားပါတယ်။ ကျနော့် အတွက် တော့ အလုပ်လုပ်ရင် စေ့စပ်သေချာ စွာလုပ်ရမယ် ဆိုတဲ့ တန်ဖိုးကြီး သင်ခန်းစာ တစ်ခု ရသွားပါတယ်။ ။


Photo Credit to: ulcercity.blogspot.com


ဆက်ဖတ်ကြည့်မယ်...

License

License
Thank you very much for visiting my blog. I really do. I am trying to write and share my knowledge, experience,information etc etc. I would be very much appreciated for your either encouraging or critical comments to my any post. Furthermore, some photos herein the posts are not mine and perhaps some information too. However I always try to credit or mention the courtesy of the respective owner and/or where I got it from. Anyway please leave your message anything regards to my blog or if you want to use any part of information from my blog. I would follow up thereafter your message, accordingly.
Contact: thomasjrlatt@gmail.com