Showing posts with label Bali. Show all posts
Showing posts with label Bali. Show all posts

Friday, February 15, 2013

ဂျာမူး ဂျာမူး



အင်ဒိုနီးရှား ကိုတာဝန် အသစ်နဲ့ မပြောင်း ခင်မှာ လုပ်ငန်းနဲ့ ပတ်သက်တဲ့ သင်တန်း တက်ဖို့ အရင်ရောက်ခဲ့ရပါတယ်။ ဘာလီက ဒန်ပါဆာလေဆိပ်ကို ပထမဦးဆုံး ခြေချ မိတဲ့ အခါမှာ ကတည်းက ဘာလီ နဲ့  ဘာလီကျွန်းသူကျွန်းသား တွေဟာ ကိုယ်နဲ့ မစိမ်း သလိုလို၊ အရင်တုန်းက ပဲ ရောက်ခဲ့ ဖူးသလိုလို ခံစားမှု မျိုး ဖြစ်ပေါ်လာပါတယ်။ ဘာလီကျွန်း ရဲ့ နာမည်ကျော် ဂျင်ဘာရမ် ကမ်းခြေက ဟိုတယ် (Seri Segara Hotel သီရိသမုဒ္ဒရာ ဟိုတယ်လို့ ဘာသာပြန်ရမယ်) မှာ ရက်သတ္တပါတ် နှစ်ပါတ်လောက် နေပြီး ရုံးကို အကြိုအပို့ လုပ်တဲ့ ကားနဲ့ မနက် ရှစ်နာရီခွဲ လောက် သွား၊ ပြီးရင် ညနေ ငါးနာရီကျော် ကျော်လောက်မှာ ဟိုတယ်ကို ပြန်ပို့ ဆိုတဲ့ အစီအစဉ်ဘောင်ထဲမှာပဲ နေသားကျနေခဲ့ရ ပါတယ်။  ဘာလီက လမ်းကျဉ်းကျဉ်းကလေးတွေ၊ လမ်းဆုံလမ်းခွ တွေ၊ အခိုင်အခန့် နတ်ကွန်းတွေ၊ လမ်းဘေး ဈေးဆိုင်ကလေးတွေ နဲ့ အသားညိုညို အပြုံးချိုချို ပိုင်ရှင် ဘာလီကျွန်းသူ တွေ ဟာ ကိုယ်နဲ့ ရင်းနှီးနေသလို မျိုး ခံစားရပါတယ်။ ဘာလီဟာ ကမ္ဘောဒီးယား က ဆီရမ်ရိ (Siem Reap) နဲ့ တူသလိုလို၊ မြန်မာပြည် မော်လမြိုင်က ရပ်ကွက် တခုထဲ ရောက်နေသလိုလိုဖြစ်နေမိပါတယ်။ ဆိုခဲ့တဲ့ အကြောင်းအရာတွကြောင့်ပဲ လား ခင်မင်နှစ်လိုဖွယ် ဘာလီ ကျွန်းသူ ကျွန်းသားတွေဟာ မြန်မာတွေနဲ့တူလွန်း လို့ပဲလား ဘာလီနဲ့ စိမ်းမနေပဲ သိပ်ရင်းနှီးသလိုဖြစ်နေတယ်လို့ခံစားမိပါတယ်။


ဘယ်လိုပဲ ဖြစ်ဖြစ် ကိုယ်နဲ့ မတူပဲ ထူးခြားတဲ့ အလေ့ အထ၊ ယဉ်ကျေးမှု အမူအကျင့် တွေကို တနင်္ဂနွေ နှစ်ပါတ် အတွင်း ရုံးသွား၊ ရုံးပြန် သတိထား လေ့လာကြည့်မိပါတယ်။ နားရွက်ကြားမှာ စကားဝါပန်းထိုးထားတတ်တဲ့ ခပ်ပျော်ပျော် လုပ်ဖော်ကိုင်ဖက် ဒရိုင်ဘာ ကတွတ် (Ketut) ပြီးရင် မနက်တိုင်း သတိထား မိတဲ့ အထဲမှာ ပုလင်းပေါင်းစုံကို တောင်းထဲထည့် ပြီး လည်ရောင်းနေတဲ့ ဈေးသည်တွေက ထိပ်ဆုံးက ပါပါတယ်။ တချို့ က ပုလင်းတွေထည့်ထားတဲ့ တောင်း ကို ပါတိတ်အစ နဲ့ ကျောပိုး သိုင်းပြီးလမ်းလျှောက် လည်ရောင်းကြ သလို၊ တချို့ က လည်း စက်ဘီး၊ တချို့ က ဆိုင်ကယ် အစရှိသဖြင့် ပုံစံ အမျိုးမျိုး နဲ့ ရောင်းတာတွေ့ ရပါတယ်။ အဲဒီ အသည် ဘာသည်လဲ ဆိုတာ တွေ့မိတိုင်း သိချင်စိတ် အလွန်ပြင်းပြင်းပြပြ ဖြစ်မိပေမယ့် ရုံးကိုရောက်တဲ့ အခါကျတော့ ရှုပ်ထွေးများပြားလှတဲ့ လုပ်ငန်းတာဝန်တွေ နဲ့ ဖိစီးပြီး လုပ်ဖော်ကိုင်ဖက်တွေကို မမေးမိပြန်ဘူး။ ဒီလို နဲ့ လုပ်ငန်းဆိုင်ရာ သင်တန်း နှစ်ပါတ်ပြီး လို့ ဘာလီက နေ မလေးရှား ကို ပြန်သာ လာခဲ့ရတယ် အဲဒီ အသည် ဘာသည် လဲ မသိလိုက်ရဘူး။

မလေးရှား ကနေ ဘာလီ ပြောင်းရတဲ့ အခါကျတော့လဲ ပြောင်းခါ စဆိုတော့ ရုံးတာဝန်၊ အိမ်ထောင်တာဝန် တွေကြောင့် အမှူ့ မဲ့ အမှတ်မဲ့ ပဲဖြစ်နေခဲ့ပါတယ်။ နောက်ပိုင်းမှာ အဲဒါကို ဂျာမူး ရောင်းသည့်အသည် ဆိုတာသိပေမယ့် တခါမှ အသေးစိပ်လေ့လာမကြည့်ရသေးပါဘူး။ ဒါပေမယ့် တညနေ ရုံးက အပြန် လမ်းမှာ လူတွေဝိုင်းနေတဲ့ အဲဒီအသည် တွေ့လို့ ကားရပ်ပြီး ၀င်အား ပေးပါတယ်။ ဘယ်လိုသောက်မလဲ လို့ဈေးသည်က မေးတော့ ဘယ်လိုမျိုးရလဲ ပြန်မေးလိုက်ပါတယ်။ သူပြန်ပြောတဲ့ အမျိုးပေါင်း များစွားကို နားသိပ်မလည်တော့ ရိုးရိုးပဲ  ပေး (Biasa saja)  လို့ ပြောလိုက်ပါတယ်။ အဲဒီမှာ သူက ပုလင်းပေါင်းစုံထဲ က အရည်ပေါင်းစုံ၊ အမှုံ့ ပေါင်းစုံ နည်းနည်း ချင်းထည့်ပြီး ဘဲဥ ထည့်မလား ထပ်မေးပါတယ်။ ကိုယ်စကား ပြန်မရခင်ပဲ ဘဲဥတလုံးကို ခွဲ ပြီး အကာတွေကို သွန်ပါတယ်။ အနှစ်ချည်းသီးသန့် ကိုစောစော က ခွက်ထဲ ကိုထည့် ပြီး မွှေပါတော့တယ်။ နှံ့လောက်ပြီ ထင်မှ ဖန်ခွက် အသစ်တစ်လုံးထဲ ကိုစောစောက ညိုပြစ်ပြစ် အရည်တွေထည့် ပြီး ကမ်းပေးပါတယ်။ ကျနော်လဲ မှာပြီးမှ တော့ မထူးပါဘူး ဆိုပြီး တကျိုက်တည်း မော့ ချလိုက်ပါတယ်။

ငရုတ်သီး ၊ ဆနွင်းမှုန့်၊ မဆလာတွေ ရောပြီး မွှေချက် ချက် ရင်တောင် ညီစို့စို့ နံတတ်တဲ့ ဘဲဥ အနှစ်ပါပေသော်လည်း လုံးဝ မညှီပဲ အရသာဟာ ချိုသလိုလို၊ ငန်သလိုလို၊ ခါးသလိုလို နဲ့ ပူရှိန်းရှိန်း ဖြစ်ပြီး တော့ လည်ချောင်းထဲ ကို နွေးခနဲ စီးဝင်သွားပါတယ်။ အိမ်ပြန်ရောက်တော့ လဲ လူက ပူရှိန်းရှိန်းဖြစ်နေပြီး ရေတ၀ ချိုးလိုက်ခါမှပဲ လန်းဆန်းပြီး ဗိုက်ပါ ဆာသွားပါတော့တယ်။ နောက်တော့ အိမ်နီးချင်း ဒေါက်တာမ လာလည် တုန်း အသေးစိပ် မေးတဲ့အခါကျမှ ဂျာမူးအကြောင်း တော်တော်များများ သိရပါတော့တယ်။ 

တကယ်တော့ ဂျာမူး ဆိုတာ အင်ဒိုနီးရှား နိုင်ငံ ဂျာဗား ကျွန်းမကြီး အနှံ့ က ကျွန်းသူ ကျွန်းသားတွေ နေ့စဉ် မှီဝဲ တဲ့ တိုင်းရင်းဆေး တစ်မျိုးပါပဲ။ ဆေးဖက်ဝင် အပင်ပေါင်းစုံ က အရွက်၊ အသီး၊ အရိုး၊ အမြစ်၊ အပွင့်၊ အခေါက် တွေကို ဆေးဖော်စပ်ပြီး သောက်သုံးကြ တာဖြစ်ပါတယ်။ ဂျာမူးကို ရှေးနှစ်ပေါင်းများစွာ ကတည်း က သုံးစွဲ လာလိုက်တာ ဆင်းရဲ ချမ်းသာ မရွေး၊ မြို့ပြ ကျေးလက် မခွဲ ခြားပဲ လူတန်းစားပေါင်းစုံ ရဲ့ မှီဝဲ အားထား ရာ တစ်ခု အဖြစ်ယခု အချိန်အထိ အင်ဒိုနီးရှား ကျယ်ကျယ်ပြန့် ပြန့် အားကိုးတကြီး မှီဝဲ့ အသုံး ပြုတာ ဖြစ်ပါတယ်။


ဂျာမူး ရှင်



ဂျာမူး မှာ ပါဝင်တဲ့ ဆေးဖက်ဝင် သစ်ရွက်၊ သစ်ခေါက်၊ သစ်မြစ်၊ သစ်ဖု၊ သစ်သီး၊ သစ်ဖူး ၊ သစ်ပွင့်


ဂျင်းပင်


ဂျာမူး ပြုလုပ်ပုံ ကို ရှာဖွေ လေ့လာပြီး ရေးရရင် တိုင်းရင်းဆေးကျမ်း ပုံစံ မျိုး ဖြစ်သွား နိုင်တဲ့ အတွက် ဂျာမူး ဖော်မြူလာတော့ ရေးဖို့ အစီအစဉ် မရှိပါ။သို့ ပေမယ့် အကြမ်းအားဖြင့် ဂျာမူး တဖုံ မှာ အခြေခံ ပါဝင်တဲ့ ပရဆေးပင် တွေ ရာပေါင်း များစွာ မှ အနည်းငယ်ကို စုစည်း ကြည့်တဲ့ အခါမှာ အောက်ပါအပင်တွေ အဓိကပါဝင်တာတွေ့ ရပါတယ်။ 
ဂျင်း (ချင်း) Ginger (Zingiber Officinale)
ဂျင်း တမျိုး Lempuyang (Zingiber Oronaticum)
ဂျင်း တမျိုး Temu Lawak/ Wild Ginger (Curcuma Cautkeridza) (ဘာလီကျွန်းသား တွေ ငှက်ပျောအူ၊ ကြက်သားနဲ့ ရောချက်ပြီး အထင်ကရ ပွဲတွေမှာ ကျွေးလေ့ရှိသည်။) 
နနွင်းတက် Kunyit/ Tumeric (Curcuma Domestica)
ဂျင်းတမျိုး Kencur/ Greater Galingale (Kaemferi Galanga)
ဂျင်းတမျိုး Lengkuas/ Ginger Plant (Elpina Galanga)
ဂျင်းတမျိုး Bengle (Zingiber Bevifalium)

(မှတ်ချက် အနေနဲ့ ၀န်ခံရရင် အဲဒီ သစ်ဥ သစ်ဖုတွေ အားလုံး ဟာ ဂျင်းတက် နဲ့ ဆင်တူယိုးမှား တွေချည်းပါပဲ။ တိုင်းရင်းဆေးပညာ နဲ့ ရုက္ခဗေဒမှာ နကန်း တလုံးမှ မတတ်တော့ ခပ်တည်တည် နဲ့ (ဂျင်းတမျိုး) ဆိုပြီး ရောချ လိုက်ပါတယ်။ စကားမစပ် ငယ်ငယ်တုန်း က အကြောင်းလေး သွားသတိရပါတယ်။ အမေက ဈေးမှာ ဂျင်း တက် နည်းနည်း သွားဝယ်ခိုင်းပါတယ်။ ဂျင်းတက် လို့ ဘာလို့ ခွဲပြောရသလဲ ဆိုတော့ ကျနော် တို့ နယ်မှာ ဂျင်းကို ပေါက်ပြီး တမျိုး၊ ပိုးတီး ပုံ တမျိုး လုပ်ရောင်းလို့ ပဲဖြစ်ပါတယ်။ ဆက်ရရင် ကျနော် ဈေး ကိုရောက်တော့ ဂျင်းတက် ရောင်းတဲ့ အသည် ကိုရှာမတွေ့ ပါဘူး။ အဲဒီမှာ အမှုန့် ရောင်စုံတွေ ကို သံဖြူနဲ့ လုပ်ထားတဲ့ မှန်ပုံး တွေ နဲ့ ထည့် ရောင်းတဲ့ ဆိုင် မှာ ဂျင်းတွေ ကို သံပုံး တခုနဲ့ သပ်သပ်ယပ်ယပ် ထည့်ထား တာကို သွားတွေ့ ပါတယ်။ ကျနော် က ဆိုင်ရှင် အဒေါ်ကြီး ကို ဂျင်း နှစ်ကျပ် ဖိုးလောက် ရောင်းပါ လို့ ပြောတော့ အဲဒီ အဒေါ်ကြီး က အဲဒါ မိတ်သလင်.. ကွဲ့ တဲ့ :P )


အရွက်
ငုပင် (ဟုထင်သည်) Secang (Caesalpinia Sappan)
ပိန်းရွက် တမျိုး Sambang Dara (Rexco Ecaria Bicolar Hassk)
ကွမ်းရွက် Brotowali (Tiospora Rumpii Boerl)
ဂျာဗားကျွန်း အနှံ့ ပေါက်တတ်သည့် အပင်တမျိုး Adas (Foeniculum Vulgare Mill)

အသီး
သံပရို / သံပုရာသီး Jeruk Nipis/ Calamondin (Citrae Aurantifalia Sivingle)
ခရမ်းကစော့ သီးတမျိုး (ဟုထင်သည်) Ceplukan (Physalic Angulata Him)
ပုန်းညှက် သီး (ဟုထင်သည်) Nyamplung (Calophylum Inaphyllu)

အခေါက်

သစ်ဂျပိုး Kayu Manis/ Cinamon (Gijeyzahyza Glabra)

အပွင့်
စပါယ် Melati/ Yasmin / Jasmine (Jataninum Sunbac Ait)
သမန်းမြက်ပွင့် (ဟုထင်သည်) Rumput Alang-alang (Gramineae)

တကယ်တန်း ဂျာမူး အကြောင်းလေ့လာရသည်မှာ မလွယ်ကူပါ။ အထူးသဖြင့် ကျနော့်လို ဂျင်းနဲ့ မိတ်သလင် ကိုပင် မခွဲတတ်သော သူများ အတွက် သာ၍ မလွယ်ပါသေးသည်။ ဂျာမူးကို အင်ဒိုနီးရှား မှာ ဘာလို့ ကျယ်ကျယ်ပြန့်ပြန့် မှီဝဲ သုံးစွဲ ကြသလဲ ဆိုတော့ -

၁) နေရာတကာ မှာ အလွယ်တကူရ နိုင်ခြင်း
၂) ဈေးနှုံး ချိုသာ ခြင်း
၃) ဘေးထွက် ဆိုးကျိုး မရှိ ခြင်း တို့ ကြောင့်လို့ ဆိုပါတယ်။

ဂျဗားသူ၊ ဘာလီ သူတွေ ချောတာ၊ ကျန်းမာ တာဟာ ဂျာမူး ဆိုတဲ့ လျှို့ ၀ှက်ချက်ကြောင့် လို့ ဆိုကြပါတယ်။ ဂျာမူး အကြောင်း ဆက်စပ်သမျှ ပြောရရင် ကုန်နိုင်ဘွယ် မမြင်ပါဘူး။ အင်ဒိုနီးရှား ရုပ်ရှင်ဇာတ်လမ်း တွဲတွေ ထဲမှာလဲ ဇာတ်ဆောင်မင်းသမီး တွေဟာ ဂျာမူးရောင်းတဲ့ ဂျာဗား က ဂျာမူးသည် အဖြစ် သရုပ်ဆောင်တာ ခဏခဏ ပါတတ်ပါတယ်။ သမီး အငယ်လေးရေ၀တီ မွေးခါစ မှာ ခင့် ကို မီးထွက် စမိခင်တွေသောက်ရတဲ့ ဂျာမူး ၀ယ်တိုက်ရပါတယ်။ မွေးကင်းစ ရေ၀တီကလေး ကိုလဲ ထက်လင်းရင်လူးဆေး မရနိုင်တဲ့ ဘာလီမှာ ဂျာမူး ရင်လူးဆေး Minyak Telon  ကိုပဲအားထား ရပါတယ်။ ဂျာမူး ဟာ ဘယ်လောက်အထိ လွှမ်းမိုးနိုင် သလဲ ဆိုရင် သမီးအကြီးမလေး ဘာလီသူ သူငယ်ချင်းတွေ နဲ့ ကစား တဲ့ အခါမှာ ကစားစရာ ခွက်တွေ၊ ဘူးတွေကို ခြင်းတခုထဲ ထည့်ပြီး "ဂျာမူး..ဂျာမူး" လို့ အော်ပြီး ဂျာမူး သည်လုပ်တန်း ကစားသည် အထိပါပဲ။ 
အင်ဒိုနီးရှား ကနေ မလေးရှားကို ပြန်ပြောင်း လာခဲ့ရပါပြီ။ ဒါပေမယ့် တခါ တလေမှာ "ဂျာမူး......ဂျာမူး" ဆိုတဲ့ အသံ ကိုတော့ ကြားယောင်နေတုန်းပါပဲ။                ။


ဓါတ်ပုံ / Photo / Gambar
ဓါတ်ပုံအားလုံး အင်တာနက်မှ ကူးယူပါသည်။ 
Photos are taken from internet and credits are due to all respective photographers.
Saya menganbil dari internet dan facebook. Maaf dan terimakasih.


ကိုးကား / Reference / Referensi
အချက်အလက်အများစု ကို အင်ဒိုနီးရှားဝက်ဆိုက်များမှ ရယူပါသည်။
Many facts about Jamu are taken from some Indonesian webpages.
Saya manganbil informasi dangan referensi dari Indonesia webpages. 




ဆက်ဖတ်ကြည့်မယ်...

Thursday, March 29, 2012

ဂျာကာတာ ခဏလေးများ


ပျော်ပျော်ရွှင်ရွှင် ရှော့ပင်ထွက်လို့ကောင်းတဲ့နေရာ၊ အင်ဒိုနီးရှားရဲ့ အကောင်းဆုံး အစားအသောက် တွေရ နိုင်တဲ့ မြို့၊ ယဉ်ကျေးမှု့အမွေအနှစ် တွေနဲ့သမိုင်းဝင် အထိမ်းအမှတ်တွေ စုစည်းရာ ဌာန၊ ပူနွေးစိုစွတ် တဲ့ ပါတ်ဝန်းကျင် နဲ့ ကြပ်ညပ်နေတဲ့ လမ်းမ ကျယ်ကြီးတွေရဲ့ အချိန်ကြာမြင့်စွာ ပိတ်ဆို့ နေတာတွေကို စိတ်ရှည်သည်းခံ နိုင်မယ် ဆိုရင် အရှေ့တောင်အာရှရဲ့ အကြီးဆုံး ဂျာကာတာ မြို့ ကိုတစ်ခေါက်လောက်တော့ အနည်းဆုံး လည်သင့် တဲ့ နေရာ လို့ ဆိုချင်ပါတယ်။ အင်ဒိုနီးရှား နိုင်ငံ ဘာလီကျွန်း မှာအလုပ်တာဝန် နဲ့ နေထိုင်စဉ် အတွင်း ဂျာကာတာ ကို အလုပ်ကိစ္စ အကြောင်းအမျိုးမျိုး နဲ့ ရောက်ဖြစ်ခဲ့ပါတယ်။ ရောက်တဲ့ အခေါက်တိုင်း ၂၄ နာရီထက် ပိုပြီး မနေဖြစ်ခဲ့ပေမယ့် အရှိန်အဟုန် နဲ့ ဖွင့်ဖြိုးတိုးတက် နေတဲ့ ဂျာကာတာ ကို တွေ့ကြုံ ခံစား ဖြစ်ခဲ့ပါတယ်။


လူဦးရေ ဆယ့်သုံးသန်း ကျော် မှီတင်း နေထိုင်ရာ အင်ဒိုနီးရှားရဲ့ မြို့တော် ဂျာကာတာ ဟာ သန်းပေါင်းများစွာသော ဆိုင်ကယ် တွေ၊ ကားတွေနဲ့ အမြဲ ရှုပ်ထွေး ပြည့်ကြပ်နေပြီး နေ့စဉ် နှင့် အမျှ လဲ ကျွန်းပေါင်း သောင်း သုံးထောင်ကျော်က ဒေသတွင်း ခရီးသွား တွေ စီးဝင် စီးထွက် နေရာ မြို့တော်ကြီးပဲ ဖြစ်ပါတယ်။ ဂျာကာတာ ကို မဖြစ်မနေ သွားရမယ့် ကိစ္စ တွေရှိလာတော့ ပထမ ဘာလီကျွန်းကနေ ဂီလီထရမ်ဝမ်ဂန် ဆိပ်ကမ်းကို ကိုယ့်ဖာသာ မောင်းသွား ပြီး အဲဒီကနေ မှ တဆင့် ဂီလီမာနောက် (Gilimanauk) ကို မော်တော်ကား တွေ ကွန်တိန်နာ တွေတင်တဲ့ ဇက်သင်္ဘောနဲ့ ဂျာဗားကျွန်း မကြီး ကိုရောက်၊ အဲဒီနောက် ဆူရာဗာရ (Surabaya) ကနေ တဆင့် ဆင်မာရမ် မြို့ (Semarang) မြို့ကို ဖြတ်ပြီး မြို့တော် ဂျာကာတာ အထိခရီးရှည် နှစ်ရက်ခန့် မောင်းပြီး နောက်တစ်နေ့ မှာ ဂျာကာတာ မှာလုပ်စရာ ကိစ္စ မှန်သမျှ လုပ်ပြီး အပြန်ကို တခြားဘက်က ပတ်ပြီး နာမည်ကျော် ဘန်ဒေါင်း (Bandung) နဲ့ ဂျိုဂျကာတာ (Yogyakarta) ကိုဖြတ်ပြီး ဂီလီမာနောက် ကနေမှ တဆင့် ဘာလီကို အပြန်ဖယ်ရီ ပေါ်ကို မောင်းတင်ပြီး အေးအေးဆေးဆေး ပြန်မယ် ဆိုပြီး ကြံစည် ထားခဲ့ ပါတယ်။

ရုံးက အော်ပရေးရှင်း မန်နေဂျာ ကာဒက် (Kadet) ကို လမ်းကြောင်း သေချာမေး၊ မြေပုံ နဲ့ သေချာ တိုက်ပြီး အလုပ်ကပေးထားတဲ့ တိုရိုတာ ဖိုးဝှီး ကို တောင့်တင်းအောင်ပြင်ဆင်ပေးဖို့ အကူအညီတောင်းထားခဲ့ပါတယ်။ သို့ပေမင့် တကယ်တမ်း သွားဖြစ်ခဲ့တဲ့ အခေါက်တိုင်းမှာတော့ Lion Air နဲ့ လေကြောင်းကချည်းသာ သွား ခဲ့ရပါတယ်။ မနက်စောစော သုံးနာရီလောက်ထ၊ ဒန်ပါဆာ (Denpasar) လေဆိပ်မှာ ကားရပ်ခဲ့ ပြီး အစောဆုံး လေယာဉ်နဲ့ ဂျာကာတာကို သွား၊ တနေကုန် လုပ်စရာ ရှိတာလုပ်၊ နောက်အကျဆုံး ဆယ့်တစ်နာရီလေယာဉ်နဲ့ ၊ ဘာလီကို ပြန်လာ၊ နောက်တနေ့မနက် နှစ်နာရီလောက် ပြန်ရောက်၊ မနက်ရုံး မှီအောင် တက်၊ အဲလိုချည်းသာ အခြေအနေအရ အလျဉ်မှီ စီစဉ် သွားလာခဲ့ရပါတယ်။ နှစ်နာရီကျော် စီးရတဲ့ လေယာဉ်ပေါ်က ဆင်းတာနဲ့ လေဆိပ်က မှီရာ ဘတ်စကားနဲ့ အလုပ်ကိစ္စတွေရှိရာ ဂျာကာတာမြို့လည်ခေါင် (Pusat Jakarta - Jakarta City Center) ကို (ကားမပိတ်ရင် တစ်နာရီခန့်၊ ကားကြပ်ရင် မခန့်မှန်းနိုင်) စိတ်ရှည်သည်းခံ ပြီး ရောက်အောင် သွားရပါတယ်။ ပထမ အခေါက်တွေက အမြန်ရောက်ချင်ဇောနဲ့ တက္ကစီ စီးခဲ့ ပေမယ့် ဘတ်စကား နဲ့ ရောက်ချိန် သိပ်မကွာဘူး ဆိုတာ နောက်ပိုင်းမှာ သိလာခဲ့ရလို့ ဘတ်စကားပဲ စီးပါတော့တယ်။ အမျိုးသားကျောက်တိုင်ရှိရာ မြို့လည်က ပြည်သူ့ ရင်ပြင် (Merdeka Square) ၀န်းနားက ဘတ်စ်စတေရှင် ကနေ သုံးဘီး ဆိုင်ကယ် ဒါမှ မဟုတ် ဆိုင်ကယ် တက္ကစီနဲ့ အလုပ်ကိစ္စရှိတဲ့ နေရာ ကို ခရီးဆက်ရပါတယ်။


ဂျာကာတာ ဟာ ဖွံ့ဖြိုးတက်မှု့ နဲ့ စီးပွားရေးရာ တောင့်တင်းမှု့ကို အဆင့်မြင့် ရှော့ပင်းစင်တာကြီးတွေနဲ့ တင် ဂုဏ်ယူဝင့်ကြွားစွာ သက်သေပြနိုင်ပါတယ်။ ဒေသခံ အင်ဒိုနီးရှန်း တွေရဲ့ ၀ယ်ယူနိုင်စွမ်း (purchasing power) ကို သိသာထင်ရှားစေပြီး ဈေးနှုန်းနဲ့ ရွေးချယ် စရာ ပေါများ မှု့ တွေက တော့ ဒေသတွင်းက စင်္ကာပူ၊ ကွာလာလမ်ပူ နဲ့ ဟောင် ကောင် တို့ ကိုယှဉ်နိုင်တယ် လို့ ဆိုပါတယ်။ ပလာဇာအင်ဒိုနီးရှား (Plaza Indonesia) ဟာ ပထမဆုံး ရောက်ခဲ့ တဲ့ နေရာဖြစ်ပြီး ဂျာကာတာ ရှော့ပင်းစင်တာတွေထဲ မှာ ဥပမာ ပြစရာ ပုံသက်သေကောင်းပဲ ဖြစ်ပါလိမ့်မယ်။ အင်ဒိုနီးရှားရဲ့ အကောင်းဆုံး ရှော့ပင်းစင်တာတွေထဲ ကတစ်ခုဖြစ်ပြီး (Gucci, Georgio Armania, Bvlgaria) စတဲ့ နာမည်ကြီး (luxury brands) တွေ အပြင် ကမ္ဘာကျော် အင်ဒိုနီးရှား ပါတိတ်တွေ ကိုလဲ ခေတ်မှီ ဖက်ရှင်ဒီဇိုင်း အမျိုးမျိုး နဲ့ တီထွင် ဆန်းသစ်ထားတဲ့ ဆိုင်တွေလဲ များစွာ တွေ့ ရမှာ ဖြစ်ပါတယ်။ တစ်ယောက်တည်း သွားခဲ့ တဲ့ အခေါက်တွေမှာ ရှော့ပင်းစင်တာ တွေ ကို စိတ်မ၀င်စားပေမယ့် မိသားစု နဲ့ ရောက်ခဲ့ တဲ့ အခါ မှာတော့ ခြေတို လာလို့ လော်ဘီ မှာ တစ်ယောက်တည်း ဖြစ်သလို ထိုင်စောင့် ခဲ့ရပါ တယ်။ ခြေတို သက်သာပေသော်ငြား စောင့်ရ မျှော်ရလွန်းလို့ လည်ပင်း တော့ နည်းနည်း ပိုရှည်လာလိမ့်မယ် တော့ထင်ပါတယ်။


ဂျာကာတာ မှာ အင်ဒိုနီးရှား ရဲ့ ရှေးဟောင်း အမွေ အနှစ်တွေ လေ့လာ ခံစား နိုင်မယ့် နေရာ မိုနာ့ စ် (Monas) ကိုမရောက်ခဲ့ဘူး ဆိုရင်တော့ ဂျာကာတာ ကိုရောက်ခဲ့ တယ်လို့ ပြောရမှာ တော်တော် ခက်ပါလိမ့်မယ်။ တကယ်တော့ မိုနာ့စ် ဆိုတာ အင်ဒိုနီးရှား ဆိုတာ ဖြစ်လာအောင် တိုက်ခိုက်ရယူလို့ အောင်မြင်မှု ရခဲ့ တဲ့ အထိမ်း အမှတ် ကျောက်တိုင်ကြီးပဲ ဖြစ်ပါတယ်။ မိုနာ့စ် ဆိုတာကလဲ ဘာဟာဆာ အင်ဒိုနီးရှား လို အတို ကောက် (Monumen Nasional - Mo Nas) ခေါ်တာ ပဲ ဖြစ်ပါတယ်။ လေးရာလေးဆယ့် သုံးပေ မြင့်တဲ့ မိုနာ့စ် ကို ၁၉၆၁ ခုနှစ်မှာ သမ္မတကြီး ဆူကာနို ရဲ့ ညွှန်ကြား ချက်နဲ့ ဆောက်ခဲ့တာ ဖြစ်ပြီး ၁၉၇၅ ခုနှစ်မှာ အများ ပြည်သူ လေ့လာကြည့်ရှု နိုင်ရန် ဖွင့်လှစ်ခဲ့တယ် လို့ ဆိုပါတယ်။ အတွင်းပိုင်းမှာ ဟိန္ဒူဧကရာဇ် မဂျပထစ် (Majapahit) ကစပြီး လွတ်လပ်သော အင်ဒိုနီးရှား နိုင်ငံ အဖြစ် ရင့်ကျူး နိုင်ခဲ့တဲ့ ၁၉၄၅ ခုနှစ်၊ သြဂုတ်လ ၂၇ ရက်နေ့ အထိ အင်ဒိုနီးရှား ရဲ့ ရုန်းကန် လှုပ်ရှား လာခဲ့ရတဲ့ နိုင်ငံရေး သမိုင်း ကို ပုံတူ သေသေး ကလေး တွေ နဲ့ ပြကွက် တစ်ခုခြင်း၊ တစ်ခန်း ခြင်း အသေးစိပ် ပြထားပြီး အင်္ဂလိပ်၊ ဘာဟာဆာ အင်ဒိုနီးရှား နှစ်ဘာသာ နဲ့ ရေး ထားတဲ့ ကြေးပြား လေးတွေ တစ်ခန်းခြင်း စီမှာ ကပ်ထားပါတယ်။

မိုနာ့စ် အပေါ်ကို မတက်မှီ အောက်ထပ် က အလင်းရောင် မှိန်မှိန်နဲ့ ခန်းမကျယ်ကြီး က ပြခန်း ပြကွက်တွေကို တစ်ခုခြင်း၊ တစ်ခန်းခြင်း အသေးစိပ် ဖတ်နေမယ် ဆိုရင် တစ်နေကုန် လောက် ကြာ နိုင်မယ် ထင်ပါတယ်။ ပြတိုက် တို့ ရဲ့ ထုံးစံ အတိုင်း အလယ်တန်း၊ အထက်တန်း ကျောင်းသူ ကျောင်းသား အုပ်စုတွေနဲ့ ပြည့်နေပြီး ဒေသတွင်း ခရီးသွား တွေလဲ တဖွဲဖွဲ လာလေ့လာ ကြည့်ရှု့ နေကြတာ တွေ့ရပါတယ်။ မိုနာ့စ် ရဲ့ အပေါ်ထပ် (Observation Deck) မှာတော့ မြို့တော် ဂျာကာတာ ရဲ့ ရှုခင်း ကို မြင်ကွင်းကျယ် ခံစား နိုင်မှာပါ။ ပူအိုက် စိုစွတ်လှတဲ့ ဂျာကာတာ ရဲ့ ရှုခင်း ကို ထောင့် အမျိုးမျိုးကနေ ချွေးတလုံး လုံး နဲ့ ဓါတ်ပုံ ဗွီဒီယို ရိုက် နေတဲ့ နိုင်ငံတကာ ခရီးသွား တွေလဲ မနည်းလှပါဘူး။

တစ်ခေါက်မှာ မိုနာ့စ်က အပြန် ပါဆာဘာရူး (Pasar Bharu - New Market) ကို သုံးဘီး ဆိုင်ကယ် နဲ့ ရောက်ခဲ့ပါတယ်။ ရှေးဟောင်း ပစ္စည်း တွေ ရောင်းတဲ့ ဆိုင်း တန်းတွေကို လူရှုပ်ရှုပ် ကို ဆန်ပြီး ဖြတ်အပြီး မှာ ဂျာကာတာ ရဲ့ ရုံးကန် လှုပ်ရှား နေရသူ အခြေခံ လူတန်းစား တွေရဲ့ ဘ၀ကို တစ်စိတ် တစ်ဒေသ မြင်သာ နိုင်ပါတယ်။ မိုးမျှော် တိုက်ကြီးတွေ၊ အဆင့်မြင့် ရှော့ပင်းစင်တာကြီး တွေ၊ အကောင်းဆုံး စားသောက်ဆိုင်ကြီးတွေ၊ ကြယ်ငါးပွင့် ဟော်တယ်ကြီး တွေကို နောက်ဆုံးပေါ် ဇိမ်ခံကား မျိုးစုံ နဲ့ သွားလာစား သောက် နေနိုင်တဲ့ သူတွေ အများကြီး ရှိသလို ကြိုက်လွန်းလှတဲ့ ကိုပီဂျာဟေး (Kopi Jahe - ဂျင်းနံ့ ပါတဲ့ ကော်ဖီ) ကို တစ်ထုပ် ရူပီးရား နှစ်ထောင် (မြန်မာငွေ နှစ်ရာကျပ်ခန့်) ကို မကြာခဏ မသောက် နိုင်တဲ့ သူတွေ နဲ့ လဲ တွေ့ ခဲ့ ရပါတယ်။ ကျနော် Grand Hyatt ဟိုတယ် လော်ဘီ အပေါက်နားမှာ ဆေးလိပ်သောက်နေတုန်း နောက်ဆုံးပေါ် ကားအမျိုးမျိုး မောင်းဝင်လာပြီး ဟိုတယ် ၀န်ထမ်းကို ကားသော့ ပစ်ပေး ပြီး ၀င်သွား တဲ့ ချမ်းသာသူ လု့ မလိုင်များ စွာ ကို တွေ့ ခဲ့ရသလို၊ သံချိတ် အကောက် တတ်ထားတဲ့ တုတ်တစ်ခြောင်း ကိုကိုင်ပြီး ဆာလာအိပ် အကြီးကြီး ထဲမှာ ပလတ်စတစ်၊ သံတိုသံစ စတာ တွေ လိုက်ကောက် နေတဲ့ ဒေသခံ ကြီးကြီး ငယ်ငယ် တွေကို လဲ တွေ့ခဲ့ ရပါတယ်။

ပါးမှာ သနပ်ခါး ပါးကွက်ကြားနဲ့ ပေါင်မှာ သေးစီးကြောင်း နဲ့ လုံမငယ် လို မိုးမျှော်တိုက်တာ အဆောက် အအုံကြီးတွေ၊ စီးပွားရေးစင်တာ ကြီး တွေ ရဲ့ ပြင် ပမှာ ဂျာကာတာ မြို့ ကို ပါတ်စီးနေတဲ့ ရေဆိုးထုပ် မြောင်းကြီး ဟာ မြစ်ကြီး တစ်စင်းလို ဖြစ်နေပြီး အမှိုက်သရိုက် ပလတ်စတ် တွေနဲ့ ပေါလော ပေါ် နေတာကိုလဲ မသတီစရာ တွေ့ မြင်နိုင်ဦးမှာပါ။ အခြေခံ နဲ့ အလယ် အလတ်တန်းစား တွေအားကိုးရတဲ့ ဘတ်စကား မှတ်တိုင် တွေမှာ လူတွေ စုပြုံ တိုးအုံ နေလေ့ရှိပြီး ဂျာကာတာ ရဲ့ ဆင်ခြေဖုန်း တွေ ဖြစ်တဲ့ ဘိုဂိုး (Bogor)၊ တင်ဂါရန် (Tingaran) စတဲ့ မြို့ငယ်လေးတွေ နဲ့ သွားလာ ချိတ်ဆက် မယ့် လူတွေ နဲ့ ဂျာကာတာ တီမော၊ ဘာရတ်၊ ဥတရ၊ ဆယ်လာတန် (Jakarta - Timor, Barat, Utara, Selatan - ဂျာကာတာရဲ့ အရှေ့၊ အနောက်၊ တောင်၊ မြောက်) ကို သွားလာ ကြမယ့် သူတွေ ဒွေးရော ယှက်တင် ရှိပါလိမ့်မယ်။

တစ်ခေါက်မှာ တော့ မနက် ကိုးနာရီ ကျော်ခန့် အလုပ်ကိစ္စရှိတဲ့ ရုံးတစ်ရုံး ကိုရောက်တော့ သူတို့ ရုံး က မဖွင့် သေးပါဘူး။ ခက်တာက ကိုယ့် မှာ ကလွယ်မထား အပ်တဲ့ ပြဿနာ မကြာခင် ပေါက်ကွဲ တော့ မယ့် အခြေ အနေ ဆိုတော့ အဲဒီရုံး က လုံခြုံ ရေး အစောင့် ကို ကိုး နာရီကျော် နေသည့် တိုင် မဖွင့် သေးတဲ့ အကြောင်း စိတ်မရှည် တဲ့ လေသံ နဲ့ အပြစ်တင် ပြေဆိုမိပါတယ်။ အမှန်က ဂျာကာတာ နဲ့ ဘာလီ စံတော်ချိန် မတူပဲ တစ်နာရီတိတိ ကွာ တာ ကို ကျနော် မေ့နေတာပါ။ ခက်တာ က သူ့ နေနဲ့ လဲ ဖွင့် ပေးလို့ မရပါဘူးတဲ့။ တိုးအော်ပရေတာ ဆိုတာ ဘယ်နေရာ ဘယ်ဒေသက ဟော်တယ် မဆို ရင်းနှီး ကျွမ်းဝင် သလို မျိုး ဆိုတော့ အနီးဆုံး ကြယ်ငါးပွင့် ဟိုတယ်၊ ဟိုတယ် နီကိုး (Hotel Nikko - Pusat Jakarta) ကိုပဲ အမြန်ဆုံး နည်းနဲ့ သုတ်ခြေတင် ရပါတယ်။ ကိစ္စပြီး မှ အပွိုင့်မင့် ရှိရာ စောစောက ရုံး ကို ပြန်ပြေးရပါတယ်။ အဲဒီတစ်ခေါက် အဆိုပါ ရုံး က အပြန်မှာ ရိုဂျာ့ (Malay / Singapore - Rojak: Indonesia - Rujak) တစ်ပွဲစား၊ ရေသန့် ဘူးကြီးကြီး ၀ယ်ပြီး ယခု လက်ရှိ အမေရိကန်သမ္မတဘာရက်ဟူစိန်အိုဘားမား (President Barack Hussien Obama) တက်ခဲ့ရာ မူလတန်း ကျောင်းကလေး ကို ကြည့်ချင် လို့ ပြင်းထန် တဲ့ နေရောင်အောက် မှာ နာရီဝက်ကျော် လမ်းလျှောက် ပြီှးရှာ ခဲ့ရပါတယ်။


အစက တော့ ဘာရက်အိုဘားမား ကလေး ပုံ ကြေးရုပ်ကို မန်တန် ပန်းခြံ (Menteng) မှာ ထားခဲ့ ပေမယ့် နောက် ပိုင်း မှာ အကြောင်းအမျိုးမျိုး ကြောင့် သူငယ်ငယ် က တက်ခဲ့ ရာ မူလတန်း ကျောင်း ကိုပြောင်းရွှေ့ ခဲတယ် လို့ ဆိုပါတယ်။ ဘာရက်အိုဘားမား ဟာ ဖရန်စစ်ကန် အစစ်စီ မူလတန်းကျောင်း (Franciscan Asisi Primary School) မှာ ဘာရီဆိုတိုရိ (Barry Soetoro) ဆိုတဲ့ နာမည် နဲ့ ဇန်န၀ါရီလ ၁ ရက်နေ့ ၁၉၆၈ ခုနှစ် ကျောင်း အပ်ခဲ့ ပြီး သုံး နှစ်တိတိ တက်ခဲ့ ပြီး မိဘတွေ အိမ်ပြောင်းရွှေ့ တဲ့ အတွက် ယခု ဘာဆုကီ အလယ်တန်းကျောင်း (Besuki 01 Elementary School, Menteng) မှာ အမေရိကန်နိုင်ငံ ဟာဝိုင်ယီ ကို မပြောင်းရွှေ့ ခင် အထိ တစ်နှစ် တက်ခဲ့တယ် လို့ ဆိုပါတယ်။ အိုဘားမား တက်ခဲ့ တဲ့ ကျောင်း ကလေး က အပြန်မှာ ညနေ စောင်း နေပေမယ့် နေရှိန် ကတော့ မကျ သေးပါဘူး။ လမ်း အကြာ ကြီး လျှောက် ခဲ့ ရလို့ ပင် ပန်း နေတဲ့ ကျနော် ဟာ ကျောင်းလမ်း ထိပ်က ဆိုင်ကယ် တက္ကစီ ကိုငှား ပြီး လေဆိပ် ကို သွားတဲ့ ဘတ်စတေရှင် ကိုသာ ငှားလိုက်ပါတော့ တယ်။

အမှန်တကယ် တော့ မြို့တော် ဂျာကာတာ ဟာ ရက် အနည်းငယ် အချိန်ပေးပြီး လည်ပတ်မယ် ဆိုရင် အပိုင်း (၃) ပိုင်း ပိုင်း ပြီး လေ့လာသင့်ပါတယ်။ ရှေးဟောင်း အဆောက် အအုံတွေ၊ ဗလီ တွေ နဲ့ ခရစ်ယန် ဘုရားရှိခိုးကြီး တွေ ကို တစ်ပိုင်း၊ ယဉ်ကျေးမှု့ အမွေ အနှစ် တွေ ကို ပြခန်း၊ ပြတိုက် တွေမှာ လေ့လာဖို့ က တစ်ပိုင်း ထားပြီး ကျန်တဲ့ အပိုင်းကို တော့ ရှော့ပင်၊ စားသောက် ဆိုင်တွေ နဲ့ အပန်းဖြေ ပန်းခြံ၊ တိရိစ္ဆာန်ဥယျာဉ် တွေ ကို တစ်ပိုင်း ဆိုပြီး လမ်းသင့် သလို အချိန်ရှိသမျှ လေးကို စီမံ ခန့် ခွဲပြီး လေ့လာသင့် တယ်လို့ ဆိုရမှာပါ။

ဂျာကာတာ မှာ ဆုမတြား ကနေ အနောက် ပါပူးဝါး အထိ ကျွန်းပေါင်းစုံ က လူတွေကို သွင်ပြင် အမျိုးမျိုး ကွဲပြားစွာ တွေ့ ရမှာ ဖြစ်ပါတယ်။ ဂျာကာတာ က လူတွေ ပြောတဲ့ အင်ဒိုနီးရှန်း ဟာ အရမ်းမြန်ပြီး အင်ဒိုနီးရှန်း နဲ့ ဂျာဗား စကား ရောယှက် ပြီး ပြောတာ ဖြစ်လို့ ကျနော့် အတွက် နားလည်ဖို့ အင်မတန်ခက်ခဲပါတယ်။ ရှော့ပင်းစင်တာ တွေမှာ တွေ့ရတဲ့ အင်ဒိုနီးရှန်း တွေဟာ တီဗွီဇာတ်လမ်းတွေထဲ ကထက် ပိုပြီး သန့် ပြန့်ချောမော ကြပါပေတယ်။ ဆင်ခြေဖုံး ကလူ တွေ ကိုလည်း ဇာတ်လမ်းတွေ ထဲမှာ ထက် ပိုပြီး ခက်ခဲ စွာ အပမ်းတကြီး ရုန်းကန် နေရတာ ကို မမျှ မတ တွေ့ ရမှာ ဖြစ်ပါတယ်။

အင်ဒိုနီးရှားရဲ့ ပြည်တွင်း လေကြောင်း တွေရဲ့ ထုံးစံ အတိုင်း သတ်မှတ်ချိန်ထက် နောက်ကျပြီး မှ ဘာလီ ကိုပြန်ရောက် လာတဲ့ ကျနော်ဟာ (အခေါက်တိုင်းလိုလို) နောက်တစ်နေ့ မနက် နှစ်နာရီမှ သာ အိမ်ကို ပြန်ရောက်ပါတော့တယ်။ ဂျာကာတာ ကိုရောက် ခဲ့ တဲ့ ခဏတာ လေး တွေဟာ အပူနဲ့ အအေး၊ အမြင့် နဲ့ အနိမ့်၊ ချမ်းသာ ခြင်း နဲ့ ဆင်းရဲခြင်း တွေကို တပြိုင် နက်ထဲ ခံ စားလိုက် ရတဲ့ အိမ်မက် ဆန်ဆန် ဖြစ်ရပ်တွေ ချည်း သာ စိတ် အမြင် မှာ စွဲ ထင်နေပါတော့တယ်။ ။

ဝိဟာရမဟာဝိဟာရ ဂရဟ ဗုဒ္ဓဘာသာ အသင်း (ဘတ်စကားပေါ်မှ AATO)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သံရုံး - ဂျာကာတာ (AATO)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သံရုံး - ဂျာကာတာ (AATO)

ဂျာကာတာဆင်ခြေဖုံး (ဘတ်စကားပေါ်မှ AATO)

ဂျာကာတာမြို့လည်တစ်နေရာ (လူကူးကုန်းကျော်တံတားပေါ်မှ AATO)

ဖြည့်စွက်ချက်။ ။ ဂျာကာတာ မှာရိုက်လာတဲ့ ဓါတ်ပုံ တွေ အများစု က မှားပြီး ဖျက်မိသွားလို့ ဘာမှ မကျန်တော့ ပါ။ သို့ ပေမယ့် ကွန်မန့် ပေးလာတဲ့ ဦးပေါက်စ ကိုကျေနပ် စေချင်လို့ ရိုက်ခဲ့တဲ့ အထဲ က ရှိတာလေး တွေတင်လိုက် ပါတယ်။ ပြည့်စုံ သွားလိမ့် မယ်လို့တော့ မထင်ဝံ့ ပါ။
updated 30th March 2012: AATO

Photos:
- Monas - Warsi
- Jakarta Macet - Jarkarta Post
- Cock - (JP/ID Nugroho) Jakarta Post
- Plaza Indonesia - Hkurniawan dari Wikitravel
- Barack Obama Statue - (Jakarta Post, Feb. 24, 2010)


ဆက်ဖတ်ကြည့်မယ်...

Thursday, September 29, 2011

ဘာလီ ယဉ်ကျေးမှု့ နှင့် ဓလေ့ထုံးတမ်း အစဉ် အလာများ မိတ်ဆက် အပိုင်း (၂)

အပိုင်း (၁) ၏အဆက်

အပိုင်း (၂) အတွက် အမှာ

ဘာလီ ကျွန်းမှာ နေထိုင်စဉ် အတွင်း ဘာလီကျွန်းသူကျွန်းသားတွေရဲ့ လူနေမှူစံနစ်၊ ကိုးကွယ်ရာဘာသာ၊ ယုံကြည်မှု့၊ စာပေနှင့် အနုသုခုမ၊ ဓလေ့ထုံးတမ်း အစဉ် အလာတွေကို လေ့လာမိတဲ့ အခါ အင်မတန်ထူးခြား တဲ့ အတွက် မှတ်စုထုတ်ပြီး တတ်နိုင်သလောက်ရေးမယ် ဆိုပြီးကြံစည် ဖြစ်ခဲ့ပါတယ်။ ရေးတဲ့ အခါမှာ လဲ အကြောင်းအရာလဲ စုံရမယ်၊ တတ်နိုင်သလောက်လဲ ပြည့်စုံရမယ်ဆိုပေမယ့် တကယ်တမ်း ရေးရရင် သေချာ သုတေသနလုပ် ရေးရမှာဖြစ်ပြီး မနုဿဗေဒ ဆိုင်ရာကျမ်းတစ်စောင် လို အချက်အလက် အသေးစိပ်တွေနဲ့ ပဲ ပြည့်နှက်နေမှာဖြစ်ပြီး အဲဒီအချက် အလက်တွေ စုဆောင်းဖို့ က နှစ်အတော်ကြာ အချိန်ပေးရမှာ ဖြစ်ပါတယ်။ သဘောအရ အင်မတန်ရှုပ်ထွေးလှတဲ့ လက်ရှိအလုပ် နဲ့ မိသားစု အရေးကိစ္စတွေ ထမ်းဆောင်နေရတဲ့ ကျနော့်လို ပုဂ္ဂိုလ် မျိုး မှာ အဲဒီလိုမျိုး အားထုတ်ဖို့ စွမ်းအား အင်မတန်နည်း လွန်းတာ လဲ ကိုယ့်ဖာသာ နားလည်ထားပါတယ်။ သို့ပါသော်လည်း ရေးချင်တဲ့ စိတ်က အသာစီးရတဲ့ အတွက် အနည်းဆုံးတော့ အားလုံးလဲခြုံမိအောင် မိတ်ဆက် သဘောမျိုး အကြောင်းအရာ ပေါင်းစုံ ပါအောင်ရေးမယ် ဆိုပြီး ရေးဖြစ်ခဲ့ပါတယ်။ စ ပြီးရေးမိတဲ့ အခါကျ မှ အင်မတန် ကျယ်ပြန့်ပြီး အင်မတန်ရှုပ်ထွေး ပြီးဆင်တူရိုးမှား ဓလေ့ထုံးစံတွေနဲ့ မူကွဲ တွေ က ကျွန်းတစ်ကျွန်းတည်းပေါ်မှာ ဖြစ်ပေမယ့် နေရာဒေသ နဲ့ မတူသောလူတန်းစား များ (Caste System) အပေါ်မူတည် ပြီး ကွဲပြား နေသေးတာ သိရပြန်ပါတယ်။

ဘာလီရိုးရာ နေအိမ် (Kuren)

ဘာလီက ရိုးရာအိမ်တွေအကြောင်း ပြောမယ်ဆိုရင် ဗိသုကာ ရှု့ထောင့် ကနေလေ့လာစရာ အနည်းဆုံး (အနည်းဆုံး) သုံးမျိုး ရှိပါတယ်။ ပထမတစ်မျိုးကတော့ ခြံ သို့မဟုတ် အိမ်ဝိုင်းထဲမှာ အဆောက်အအုံ လေး လုံး နဲ့ မိသားစု ဘုရားကျောင်းဆောင်များ နေရာ မျှသာဖြစ်ပါတယ်။ ဒုတိယတစ်မျိုးက တော့ အိမ်ဝိုင်းထဲ မှာ အိမ်တစ်လုံး တည်း ဆောက်ထားတဲ့ အိမ်မျိုး ဖြစ်ပါတယ်။ ဒါပေမယ့် တခါတရံ မီးဖိုဆောင် ကို သီးသန့် အိမ်ဘေး မှာ ဆောက်ထားတတ်ပါသေးတယ်။ တတိယ တစ်မျိုးကတော့ စုပေါင်းအိမ် (Housing Complex) ဖြစ်ပါတယ်။ ညီအစ်ကို မောင်နှမ၊ ဦးလေးအဒေါ် စသည်ဖြင့် မတူတဲ့ အိမ်ထောင်စု တွေ စုပေါင်း နေထိုင်ရာ အိမ်တန်းရှည် နှစ်ခု ဟာ ခြံ သို့ မဟုတ် အိမ်ဝိုင်းရဲ့ ဘယ်နှင့် ညာ တစ်ဘက်တစ်ချက် မှာ ဆောက်ထားတာ ဖြစ်ပါတယ်။ နောက်မှ နံရံတစ်ခု ကာ ပြီး ဂိတ်တံခါး (angkul-angkul) တစ်ခုနဲ့ တံဆာဆင်ပါတယ်။



အခြေခံအားဖြင့် အဆိုပါ အဆောက်အအုံ များဟာ မြေပြန့် လွင်ပြင်များ မှာ အဆောက်များ ပေမယ့် တောင်စောင်းတွေ၊ ဆင်ခြေလျှော တွေများတဲ့ဘာလီကျွန်း အလယ် ပိုင်းမှာ ဆိုရင်တော့ အနည်းငယ် ကွဲ ပြားပါသေးတယ်။ ဘာလီကျွန်း ကအိမ်အများစု မြေစိုက်အိမ်တွေ ဖြစ်နေတဲ့ အကြောင်း ကတော့ တခြား အင်ဒိုနီးရှားမှာ ရှိတဲ့ ဘာတက်၊ ဒါယက်ခ်၊ ထရိုဂျာ၊ မက္ကဆာ စတဲ့ ခြေတံရှည် အိမ်ဆောက်လေ့ရှိတဲ့ လူမျိုးစုတွေလို တောရိုင်းတိရိ စ္ဆာန် တွေရဲ့ ရန်ကကြောက်စရာ မလို၊ ကာကွယ်ဖို့ မလိုတဲ့ အပြင်၊ ချောင်း မြောင်း တွေကနေ ရေလျှံပြီး အိမ်တွေထဲ ကိုရေ၀င်တာ မျိုးတွေ မရှိလို့ ဖြစ်ပါတယ်။ တကယ်တန်းကျတော့ ဘာလီ လူမျိုးတွေရဲ့ အိမ်တွေဟာ တောရိုင်း တိရိစ္ဆာန်တွေနဲ့ သဘာဝ ရဲ့ ဘေးအန္တရာယ် ကို ကာကွယ်ဖို့ထက် နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ဆူလာဝစီ (Sulawasi)၊ မဒုရ (Maduras)၊ ကလီမင်တန် (Kalimentan @ Indonesia Borneo) စတဲ့ ကျွန်းသား တွေရဲ့ အောက်လမ်းမှော် ပညာတွေနဲ့ ပြုစားခြင်းတွေကို ကာကွယ် ဖို့ တန်ပြန်အထက်လမ်း အစီအရင် တွေထည့်သွင်းဆောက်လုပ်လေ့ရှိပါတယ်။

ဘာလီ လူမျိုးတွေရဲ့ အိမ်တစ်အိမ် ဟာ ဟိန္ဒူ နဲ့ ဗုဒ္ဓဘာသာ အယူအဆ အရ စကြာဝဠာရဲ့ အခြေခံ ဖွဲ့စည်းမှု့ ဓါတ်ကြီးလေးပါး (ရေ၊မြေ၊လေ၊မီး) အပြင် မြေတည်နေရာ၊ ဘုရားကျောင်း၊ သင်းချိုင်းမြေ၊ ဆွေမျိုးအသိုင်းအ၀ိုင်း နဲ့ လူမှု့ အဖွဲ့ အစည်း (Banjar)* စသည်တို့ နဲ့ အကွက်ညီယက်ဖောက် ဆက်နွယ်နေလေ့ရှိပါတယ်။ အိမ်တစ်အိမ် ရဲ့ ဗိသုကာ အဆေက်အအုံ ဒီဇိုင်းလက်ရာ များ ကို မချဉ်းကပ် မှီ အဆိုပါ ဓါတ် သဘောတွေ ဟာ ဆောက်လုပ်မယ့် အိမ်ရဲ့ သဘောသဘာဝ သွင်ပြင် လက္ခဏာများ ဖြစ်လာစေပါတယ်။ အထူးသဖြင့် အိမ်ရဲ့ အနေအထား နဲ့ ဦးတည် မျက်နှာလှည့် တဲ့ အရပ် တို့ ဟာ အလွန်အရေးပါ ပါတယ်။ အနှစ်ချုပ် အားဖြင့် အချက် နှစ် ချက် ကို အထူးအလေးပေး စဉ်းစား ပါတယ်။

၁။ လှေဦးတိုက်၊ လှည်းဦးတိုက် (tumbak runrung) ကို ရှောင်ပြီး ဆောက်လေ့ရှိပါတယ်။ လမ်း က အိမ်ကို လာဆုံနေတာ မျိုး ဆိုရင် လမ်းကို အိမ်က ပိတ်နေသလို မျိုး ဖြစ်ပြီး မမြင်ရတဲ့ ပရလောကသားတွေ အိမ်အတွင်းကို ၀င်နိုင် လို့ ခိုက် တယ်လို့ ယုံကြည်ကြပါတယ်။ အကယ်၍ မဖြစ်မနေ ဆောက်ရတော့မယ် ဆိုရင် ဘုရားကျောင်း ဆောင် ခပ်သေးသေးတစ်ခု လမ်းဦးတိုက် မှာ လမ်းကို မျက်နှာမူပြီး ဆောက်လိုက်ပါတယ်။ ပန်း၊ အုန်းရွက် စတာ တို့ နဲ့ ပူဇော်လေ့ရှိပြီး မမြင်အပ်တဲ့ နာမ်လောကသား တွေ ကို တားဆီးပါတယ်။ လမ်းနှစ်သွယ်ရဲ့ ကြားထိပ်တည့်တည် ကွင်းပြင်ဘက် ကို မျက်နှာ မူနေရင်တော့ နေဆာလှုံ နေတဲ့ပင့်ကူ (Celedu Nginyah) ဆိုပြီး ရှောင်ပါတယ်။ အကယ်၍ မဖြစ်မနေ ဆောက်ရမယ် ဆိုရင်တော့ ဘုရားကျောင်းဆောင် ကလေးကို ကွင်းပြင်ဘက် မျက်နှာမူပြီး ဆောက်ပါတယ်။ အိမ်သစ် တစ်လုံး နဲ့ မိသားစု အိမ်တစ်လုံးကြား မှာ ဆွေမတော် မျိုးမစပ် ဆောက်ပြီး နေ့လေ့ မရှိပါဘူး။ (Ngapit) လို့ ခေါ်ပြီး ရှောင်ရပါတယ်။ လမ်းရဲ့ ဘေးကွက်လပ် ညာဘက်ဘေးမှာ နဲ့ လမ်းရဲ့ တခြားတစ်ဘက်မှာ ဆွေမျိုးတော် သူရှိရင် လဲ ရှောင်ရပါတယ်။ လမ်းကိုင်တယ် (Negen Jalan) လို့ ခေါ်ပြီး မဆောက်ကြပါဘူး။

၂။ ရပ်ရွာ အရေးကိစ္စတွေအတွက် စည်းဝေးတိုင်ပင်ရာ ခန်းမ (ဓမ္မာရုံ လိုမျိုး) ရဲ့ မြောက်ဘက်နဲ့ အရှေ့ဘက် တည့်တည့် တွေမှာလဲ ဆောက်လေ့မရှိပါဘူး။ အဓိက အရေးပါတဲ့ အချက်က တောင်တွေဘက် ကို ဦးတည် တာဖြစ်ပါတယ်။ အဲဒါကြောင် ဘာလီကျွန်းရဲ့ တောင်ဘက် နဲ့ မြောက်ဘက် မှာ နေတဲ့ သူတွေဟာ ဦးတည်ရာ မတူ ပဲ (တနည်းအားဖြင့်) ဆန့် ကျင်ဘက် တွေဖြစ်နေတတ်ပါသေးတယ်။ ဘာလီကျွန်း မြောက်ပိုင်းမှာနေတဲ့ သူတွေ အတွက် မြောက်အရပ်ဟာ တောင်တန်း တွေကိုညွှန်းဆိုတာ ဖြစ်ပြီး၊ တောင်အရပ်ဟာ ပင်လယ်ကိုညွှန်းဆိုတာ ဖြစ်ပါတယ်။ အဲဒါကြောင့် မြောက်ပိုင်းမှာ နေတဲ့ သူတွေအတွက် မြောက်အရပ်ဟာ (တကယ်တော့) တောင် အရပ်ဖြစ်နေပြီး၊ တောင် အရပ်ဟာ (အမှန်တကယ်အားဖြင့်) မြောက် အရပ်ဖြစ်ပါတယ်။ အသစ်ဆောက်မယ့် အိမ်ရဲ့ မျက်နှာမူ ရာအရပ်နဲ့ ဆက်စပ်မှုကတော့ တောင်တန်း တွေတင် မကပဲ ဘုရားကျောင်း၊ မြစ်ဖျားပိုင်း၊ မြစ်ကမ်းပါး၊ ပင်လယ် ကမ်းခြေ၊ ရေကန်နဘေး ဒါ့အပြင် အထွတ်အမြတ်ထား ရာ မြေနေရာ စတာ တွေကို ထည့်သွင်းတွက်ချက်ရပါသေးတယ်။

ဘာလီ အိမ်တစ်လုံး ၏ သွင်ပြင်လက္ခဏာ
အစဉ်အလာအားဖြင့် အိမ်တစ်လုံး ကို ခြံဝန်းခတ်ထားရပါတယ်။ အိမ်ခြံဝန်း ကို အုတ်စည်းရိုး သို့မဟုတ် ကွန်ကရိ၊ ကျောက်တုံး စသည်ဖြင့် တို့ နဲ့ ခတ်တာ ကို ကာရန် (Karang) လို့ ခေါ်ပြီး၊ ပုဏ္ဏရိတ်၊ ဆူးခြုံ၊ ပန်းပင် စတာတွေနဲ့ သဘာဝအတိုင်းကာရံတာ ကိုတော့ ပန်ရန်းကာ (Penyengkar) လို့ ခေါ်ပါတယ်။ အိမ်တစ်အိမ် အတွက် ခြံစည်းရိုး ဟာ ယတြာ၊မာတြာ စတဲ့ ဟိန္ဒူ အတွေးအခေါ်များ နဲ့ ဆက်စပ်နေလေ့ရှိပြီး အလွန် အရေးပါပါတယ်။ အိမ်တစ်အိမ် ရဲ့ အ၀င်ဝ ဟာ ဂိတ်တံခါး (Angkul-angkul) ဖြစ်ပြီး ရွာလမ်းမ ကိုတိုက်ရိုက် ထွက်ပေါက် ပဲဖြစ်ပါတယ်။ အသေးစိပ် လေ့လာသင့်တာ ကတော့ ဘာလီစုပေါင်းအိမ်ယာ (Balinese Compound House) ပဲဖြစ်ပါတယ်။ အဲဒီ စုပေါင်းအိမ်ယာ ရဲ့ ဖွဲ့စည်းပုံနဲ့ သွင်ပြင်လက္ခဏာ ကလဲ လူတန်းစား (Caste System)အလိုက် ပုဏ္ဏား၊ အုပ်ချုပ်သူ၊ မူးမတ်စစ်သူကြီး၊ ကုန်သည်၊ လယ်သမား တံငါ စသည် အပေါ်မူတည် ပြီးလဲ များစွာ ကွဲပြားပြန်ပါသေးတယ်။


အရိုးရှင်းဆုံး အိမ်တစ်ဆောင် အတွက် အောက်ပါ အစိတ် အပိုင်း များ ပါဝင်ပါတယ်။

၁။ အ၀င်ဝ ဂိတ်တံခါး (Angkul-angkul)
၂။ မီးဖိုဆောင် (Pawon)
၃။ စပါးကျီ၊ စတို (Jineng)
၎။ အိမ်ထောင်ဦးစီး အိမ်ခန်း (Bale Dauh or Bale Loji) အနောက် ဖက်မှာ ဆောက်ပါတယ်။
၅။ ဇရပ်ဆောင် (Bale Dangin) မိသားစုဝင်များ ဘာသာရေးပွဲများကျင်းပရာ၊ ဆုတောင်ပထ္ထနာပြုရာ နေရာ
၆။ အိမ်ထောင် ၏ အသက်အကြီးဆုံး မိသားစုဝင် အိမ်ခန်း (Gedong or Meten) ဒါမှမဟုတ် အဖိုးတန်ပစ္စည်း များ သိမ်းတဲ့နေရာ အဖြစ်သုံးပါတယ်။
၇။ မိသားစု ဘုရားကျောင်းဆောင် (Sanggah or Merajan) အနည်းဆုံး ဘုရားကျောင်းဆောင်ခြောက်ခု ရှိပါတယ်။
၈။ အိမ်ရှေ့ ဘုရားကျောင်းဆောင် (Pengijeng karang) ခြံအပြင်မှာ ဆောက်ရတာ ဖြစ်ပါတယ်။

မိသားစုဘုရားကျောင်းဆောင် (Sanggah or Merajan) ဂါလူဂန်ပွဲတော်နေ့ by AATO

ဇရပ်ဆောင် (Bale Dangin) by AATO

ဘာလီရိုးရာ အိမ်တစ်ဆောင် အကြောင်း ပြောရင် အနည်းဆုံး မိသားစု ဘုရားကျောင်း အကြောင်းထည့် ပြောရမှာပါ။ အိမ်ထောင်စု တစ်ခုအတွက် လွန်လေကြကုန်သော မိဘဘိုးဘွား တွေရဲ့ဝိဥာဏ် တွေကလည်း ကိုးကွယ်ဆည်းကပ်ရာ ဖြစ်ပါတယ်။ နောက်တစ်ချက်က အိမ်ဆောက်ရာမြေနေရာရှိ မြေစောင့်ဘူမိနတ်ကို လည်း အလေးအနက်ထား ပသရပါတယ်။ သို့ပါသော်လည်း ဟိန္ဒူ နတ်ဘုရား များ ကိုပါအဓိကထား ကိုးကွားရာ ဖြစ်တဲ့ အတွက် အိမ်ထောင်စု အသစ် တစ်ခုဆိုရင် အနည်းဆုံး ဘုရားကျောင်းဆောင် ခြောက်ခု ရှိရမှာ ဖြစ်ပါတယ်။ နှစ်ပေါင်းများစွာ နေလာတဲ့ မိသားစုကြီး ဆိုလျှင်တော့ ဘုရားကျောင်းဆောင် ဧရိယာ (Sanggah or Merajan) အတွင်းများ ဘုရားကျောင်းဆောင်တွေ အများကြီး တွေ့ရမှာဖြစ်ပါတယ်။ အဆိုပါ မိသားစု ဘုရားကျောင်းဆောင် များဟာလဲ မတူညီတဲ့ လူတန်းစား အလိုက်ကွဲပြားဦးမှာ ဖြစ်ပါတယ်။ သိုပါသော်လည်း ဒန်ပါဆာ (Denparsa) လို လူဦးရေထူထပ်ပြီး အိမ်ခြေသိပ်သည်း တဲ့ ဘာလီကျွန်းရဲ့ မြို့တော်မှာ တော့ အိမ်တွေမှာ ဘုရားကျောင်းဆောင် နှစ်ခုသာ ထည့်သွင်းဆောက်လုပ်နိုင်ကြပါတယ်။ ခြံအပြည့် အဆောက် အအုံဆောက်လိုက်ရတဲ့ အခြေအနေမျိုးဆိုလျှင် ဘုရားကျောင်းဆောင် ကို အပေါ်ထပ်မှာသာ ဆောက်လုပ်ရတာဖြစ်ပါတယ်။ အထက်ပါဘုရားကျောင်းဆောင် နှစ်ခုကို တော့ ပထမသန နဲ့ တုဂု (Padmasana and Tugu) လို့ ခေါ်ပါတယ်။


ဝန်ခံချက်။ ။ ဘာလီရိုးရာ အိမ်အကြောင်း ကိုရေးရာ မှာ ဆောက်လုပ်ပုံ (ဗိသုကာနည်းပညာဆိုင်ရာများ)၊ အသုံးပြုသည့် ကိရိယာများ၊ ပန္နက်တင် အခန်းအနား၊ ထုတ်၊ယောက်၊ ဒိုင်း၊ မြား၊ ခေါင်၊ အမိုး၊ ဦးစွန်း၊ တံစက်မြိတ်၊ ဆောက်လုပ်စဉ်မှာ ရွတ်ဖတ်သရစ္ဖျယ်ရသည့် ဂါထာ၊ မန္တန်၊ စသည် စသည်တို့ ကို အကြောင်းအမျိုးမျိုး ကြောင့် မပါဝင်နိုင်ပါ။ လိုအပ်၍ အသေးစိပ် သိလိုပါက ဆက်သွယ်နိုင်ပါသည်။


အပိုင်း (၃)* ဘာလီရိုးရာ ကျေးလက်အုပ်ချုပ်ရေးနဲ့လူမှု့အဖွဲ့ အစည်း (Banjar) အကြောင်း ဆက်ရန်


Ref:
- Balinese House by I Made Terima 2002
Original Bibliography
  • Ardana, I Gusti Gede : Pengertian Pura di Bali, Universitas Udayana, Denpasar 1979
  • Bagus, I Gusti Ngurah : Sistem Pola Menetap Masyarakat Bali, Universitas Udayana, Denpasar Printed by Fakultas Sastra University of Udayana, no date
  • I.H.D ( Institute Hindu Dharma ) : Kumpulan Hasil Penelitian Sejarah Pura, Diperbanyak untukkepentingan Intern Mahasiswa Institute Hindu Dharma, Denpasar, no date
  • Swellengrebel : Patterns of Cosmic Order, dalam Bali Studies, Life, Thoughts, and Rituals,The Hague - Bandung, 1960
  • Soebandi, I Ketut : Pura Kawitan/Padharman dan Penyungsungan Jagat, Indo Press, 1981
- http://www.balibudaya.net/compound.html
- ကိုယ်တိုင် မေးမြန်းသုတေသန ပြုခြင်း မှတ်စု

ဒုတိယပိုင်း ဖျောက်ထားမည့်စာ

ဆက်ဖတ်ကြည့်မယ်...

License

License
Thank you very much for visiting my blog. I really do. I am trying to write and share my knowledge, experience,information etc etc. I would be very much appreciated for your either encouraging or critical comments to my any post. Furthermore, some photos herein the posts are not mine and perhaps some information too. However I always try to credit or mention the courtesy of the respective owner and/or where I got it from. Anyway please leave your message anything regards to my blog or if you want to use any part of information from my blog. I would follow up thereafter your message, accordingly.
Contact: thomasjrlatt@gmail.com