Wednesday, May 9, 2012

ကြောင်နံ့သာ

တနေ့ က ညဆယ်နာရီ ကျော်ကျော်လောက်မှာ မှ သမီး အကြီးမလေး က ဘာဂါ စားချင်ပါတယ် ဆိုပြီးဂျီနေ လို့ အပြင်မထွက်ချင်တော့ ပဲ ပျင်းနေတဲ့စိတ်ကို အသာချိုးနှိမ် ပြီးသွား ၀ယ်ရပါတယ်။ ဘာဂါ ဆိုင်က ဆဲဗင်းအလဲဗင်း ဆိုင်ကို အမှီပြု ဖွင့်ထားတာ ဖြစ်ပြီး ညပိုင်း မှသာ ထွက်ပါတယ်။ စေတနာ နဲ့ လက်ရာလေးက ကောင်းတော့ အဲဒီ ဘာဂါဆိုင်မှာ စောင့်နေတဲ့ သူ သုံးလေး ယောက်တော့ အမြဲလိုလိုရှိတတ် ပါတယ်။ ထုံးစံ အတိုင်း ကိုယ့်ရှေ့ ကမှာထား တဲ့ သူတွေ စောင့်နေရတာ နဲ့ ပဲ နာရီဝက်သာသာ လောက် တော့ ကြာသွားလို့ အိမ်ကို အမြန်ရောက်ချင် ဇောနဲ့ မီးပွိုင့် ကို ရှောင်ချင်တာ ကြောင့် လမ်းမကြီး က မမောင်းတော့ပဲ လူနေရပ်ကွက် ကနေ ဖြတ် ဖို့ အကြံနဲ့ ကားကို ကွေ့ဝင်လိုက်ပါတယ်။ လူနေရပ်ကွက် ဆိုပေမယ့် လုံးချင်း အိမ်လေး တွေနဲ့ ခြံဝန်း သီးသန့် နဲ့ ဆိပ်ငြိမ်ရပ်ကွက် ဆိုတော့ သစ်ပင်တွေ အုပ်အုပ် ဆိုင်းဆိုင်း နဲ့ ခပ်မှောင်မှောင်ပါ။ လမ်းသွယ်လေးတွေ ရှုပ်ရှုပ် ထွေးထွေး ဆိုတော့ မကြာခဏ သွားနေကျ ဆိုပေမယ့် မကြာ ခဏ ဆိုသလို ပဲ လမ်းမှားလေ့ရှိပါတယ်။ လမ်းသွယ်လေး တစ်ခု ထဲကို ချိုးဝင်လိုက် တဲ့ အခါမှာ ခွေး တစ်ကောင်လောက် အရွယ်ရှိတဲ့ မီးခိုးရောင် အကောင် ကြီး တစ်ကောင် လမ်းဘေး က ပန်းခြုံ အနီးမှာ ကားမီးရောင် ကို စူးစိုက် ပြီး ကြည့်နေတာ တွေ့လိုက်ရ လို့ ရုတ်တရက် ကြက်သီးဖြန်းဖြန်းထ ပြီး ဘရိတ် ကိုယောင်ပြီးနင်း လိုက်မိပါတယ်။ မလေးရှား နဲ့ အင်ဒိုနီးရှား မှာက ဒါမျိုးတွေ ပေါတယ် ဆိုပြီး နာမည်ဆိုးနဲ့ ကျော်ကြားလေ့ ရှိတတ်တယ်လေ။

အနှီ သတ္တ၀ါကတော့ စက္ကန့် အနည်းငယ် မျက်လုံးစိမ်းစိမ်း တစ်စုံနဲ့ သေချာ စူးစိုက် ကြည့် နေရာက ရုတ်တရက် မီးခိုးလိုမျိုး အငွေ့တွေ ထွက်လာပြီး လမ်းဘေး ကွန်ကရစ်မြောင်းဘေးကို ခုန်ဆင်း ပျောက်ကွယ်သွားပါတယ်။ ဒါပေမယ့် သူဘာကောင် ဆိုတာ သိလိုက်ရပြီ ဖြစ်လို့ ကြောက်စိတ်ထက် ကျေနပ် ပီတိဖြစ် တဲ့ စိတ် နဲ့ အိမ်ကို ပြန်လာ ခဲ့ပါတော့တယ်။

တကယ်ဆို ကျနော် အဲဒီ အကောင်မျိုး ကို သဘာဝ အတိုင်း တွေ့ ရတာ ဒါဟာ ဒုတိယ အကြိမ်မြောက်ပါ။ ပထမ အကြိမ်က လွန်ခဲ့ တဲ့ ငါးနှစ် ကျနော် မလေးရှားကို ရောက်စ တုန်းက အဲဒီအကောင်မျိုး တစ်ကောင် ခြံစည်းရိုး အပေါ်မှာ တတ်ထားတဲ့ သံဆူးကြိုး အခွေ အတိုင်း လျှောက်သွား နေတာကို ကျနော်နေထိုင်ရာ ကွန်ဒို ၀ရံတာကနေ လှမ်းတွေ့ ခဲ့ဘူးပါတယ်။ ကျနော့်စိတ်ထဲ မှာ ထူးဆန်းနေတာက အဲဒီလို တောနက်ထဲမှာသာရှိသင့်တဲ့ အကောင်မျိုးကို ကွာလာလမ်ပူ မြို့လည် ကောင် မျှော်စင် ညီနောင် နဲ့ မလှမ်းမကမ်း မှာ တွေ့ ရတာကိုပါ။

အဲဒီ ကြောင်နံ့ သာ (Malayan Civet - Viverra Tangalunga) လို့အမည်ရတဲ့ တောကြောင်ကြီးမျိုးကို မလေးလို မူဆန်း (Musang) လို့ ခေါ်ပြီး မလေးရှားကျွန်းဆွယ် အနှံ့အပြား အပြင် အရှေ့ဘက်နဲ့ အနောက် ဘက်က ကျွန်းတွေ မှာကျက်စားတယ် လို့ ဆိုပါတယ်။ ဒါ့အပြင် ဘော်နီယို၊ ဆုမတြ နဲ့ ဖိလစ်ပိုင် ကျွန်းစု တွေမှာ လည်း အများအပြား တွေ့ရ တတ်တယ် လို့ သိရပါတယ်။ တကယ်တော့ ကြောင်နံ့သာ အနေနဲ့ အရှေ့ တောင်အာရှ နိုင်ငံတော် တော်များများ မှာ ဒေသခံအနေနဲ့ တွေ့ရတတ်ပြီး တခြားမျိုး တူ တစ်ဝမ်းကွဲ မိသားစုဝင်တွေနဲ့ မတူတာက သူ့ရဲ့ အမည်းရောင် ခြေလေးခြောင်းနဲ့ မီးခိုးရောင် အကွက်တွေ အပြင်၊ အမြီးကို အလှဆင်ထားတဲ့ အဖြူ မီးခိုး အစင်းအကြားတွေကြောင့် သိသာထင်ရှားတဲ့ သွင်ပြင်လက္ခဏာ ရှိတယ် လို့ ဆိုရမှာပါ။ တောကြောင် လို့ ယေဘုယျ ခေါ်နေပေသြော်ငား ကြောင် နဲ့ အနည်းငယ် ဆင်သလို ဖြစ်နေယုံမျှသာဖြစ်ပြီး ကြောင်အမျိုး အနွယ် လုံးဝ မဟုတ်ပေ။ အခြား အသားစား နို့တိုက်သတ္တ၀ါ တစ်မျိုးမျှသာ ဖြစ်ပြီးမြွေပါ (mongoose) အမျိုး အနွယ် နဲ့ ပိုနီးစပ်ပါတယ်။  ကြောင်နံ့သာတွေ ဟာ တစ်ကိုယ်တော် ကျင်လည် ကျက်စားတတ်တဲ့ (solitary animal) တိရိစ္ဆာန် မျိုး ဖြစ်ပြီး တနေကုန် လုံခြုံစိတ်ချရဲ့ အသိုက် အမြုံမှာ အိပ်စက် အနားယူပြီး ညဉ့် အမှောင် ကို အကာအကွယ် ယူပြီး အစာရှာ ထွက်လေ့ရှိတယ်။ အသားစား သတ္တ၀ါ (carnivorous animal) ဖြစ်ပြီး မြေကြွက်၊ တောကြွက်၊ ရှဥ့်၊ ဖွတ်၊ ပုတတ်၊ ပုတ်သင်၊ ဖား၊ မြွေ စတာ တွေကို အစာအဖြစ် ဖမ်းစီး စားသောက်တတ်ပြီး မြေကျင်း ကြီး တွေတူးပြီး နေတတ်သလို သစ်ပင်အကြီးကြီး တွေ ရဲ့ အမြင့်ဆုံး အပိုင်း တွေကိုလဲ တက်နိုင်ကြပါပေတယ်။

လှုပ်ရှားမှု့ မြန်ဆန် သွက်လက်ပေသြော်ငား ကြောင်ကြီး မျိုးနွယ် တွေဖြစ်တဲ့ ကျား၊ ကျားသစ် တို့ အပြင် စပါးကြီး၊ စပါးအုံး လို မြွေကြီးများ၊ မိကျောင်း များ ရဲ့ အစာ အဖြစ်ကိုတော့ မကြာခဏ ကျရောက်တတ်တယ် လို့ ဆိုပါတယ်။ ကြောင်နံ့သာ အမ တွေဟာ နှစ်လ လောက် ကိုယ်ဝန်ဆောင်ပြီးတာ နဲ့ သားငယ် လေးကောင် ခန့် အထိပေါက် ပြီး ကလေးတွေ အရွယ်ရောက်၊ ကိုယ့်အစာ ကိုယ်ရှာစားတတ်တဲ့ အရွယ် အထိ မိခင်က စောင့်ရှောက်ပေးပါတယ်။ သူတို့ တွေဟာ အသက် နှစ်ဆယ် ခန့် အထိနေနိုင် ပေမယ့် အဲဒီ အရွယ်အထိ အသက်ရှည်ရှည် နေနိုင်တဲ့ အကောင်မျိုး အလွန်တွေ့ ရခဲတယ် လို့ ဆိုပါတယ်။ ကြောင်နံ့သာ တွေဟာ သဘာဝအရ သားကောင်ငယ်တွေကို ဖမ်းစီးစားသောက်တတ်တဲ့ တောရိုင်း သတ္တ၀ါ ဖြစ်လို့ အိမ်မွေးတိရိစ္ဆာန်အဖြစ် မွေးလို့ မရပါဘူး။ ဒါပေမယ့် တာမန်နီဂါရာ (Taman Negara National Park) မိုးသစ်တော ကြီးထဲမှာ လှည့်လည် ကျက်စား နေထိုင် ကြတဲ့ အော်ရန်အက်စလီ (Orang Asli) လူမျိုး တစ်ချို့ ဟာ အဆိုပါ အကောင်တွေ ကို သူတို့ နဲ့ အတူသွားလေရာ ခေါ်သွား လေ့ရှိတယ် လို့ ဆိုတယ်။

ဝမ်းနည်းစရာ ကောင်းတာက သစ်အလွန်အကျွံ ထုတ်လုပ်တာ နဲ့ မိုးသစ်တောကြီးတွေကို ဆီအုန်း စိုက်ခင်းတွေ အဖြစ် အသွင်ပြောင်းတာ တွေကြောင့် တခြား တောရိုင်းတိရိစ္ဆာန်တွေ နည်းတူး စိုးရိမ် စရာခြိမ်းခြောက် မှု့ ကိုခံစား နေရပါပြီ။ နောင် နှစ်အတန် ကြာလာရင် ကမ္ဘာပေါ်မှာ မျိုးတုန်း ပျောက်ကွယ် သွားတဲ့ အမွှေးရှည် ဆင်ကြီးတွေ၊ ကျားသစ်ကြီးတွေရဲ့ လမ်းကို လိုက်ကောင်း လိုက်ပါလိမ့်မယ်။ ဒါမှမဟုတ် ပိုးဟတ် တွေလိုမျိုး နှစ်သန်းပေါင်းများစွာ အထိ မျိုးဆက် မပျောက် ပဲ ရှင်သန်ကောင်း ရှင်သန်ပေလိမ့်မယ်။ ချားလ်စ်ဒါဝင် (Charles Darwin)နဲ့ ဟားဘတ်စပန်ဆာ (Herbert Spencer) တို့ ရဲ့ "Survival of the fittest" ဆိုတဲ့ စကားရှိတယ် မဟုတ်လား။              ။


ကိုးကား။              ။ A Field Guide to Mammals of Southeast Asia by Charles M. Francis

ဓါတ်ပုံ
- Malayan Civet by Adam Slavický  
- Malayan Civet caught by trapped camera by da-naturalist.blogspot.com

ဆက်စပ် ဖတ်စရာ
Malaysia Home of Most Diverse Ecosystem
A Trip to Taman Negara National Park 
A Trip to Taman Negara National Park - 2



11 comments:

ညိမ်းနိုင် said...

မြန်မာပြည်မှာရော...ဒီကောင်တွေ ရှိတယ်ကြားမိလား
ဗျ...၊ဒီကောင်တွေကို စိတ်ဝင်စားသွားတယ်ဗျိုး...၊
မွေးလို့ရရင် မွေးကြည့်ချင်ပါရဲ့....။

မြစ်ကျိုးအင်း said...

မုဆိုးဝတ္ထုတွေထဲမှာ ဖတ်ဖူးပေမယ့် အကောင်ကို ခုမှမြင်ဖူးတယ်။ ဗဟုသုတရစေတယ်။

Iora said...

တိရစ္ဆာန်တွေကို zoo မှာမြင်ရတာထက် အရိုင်းမြင်ရတာပိုစိတ်ဝင်စားစိတ်လှုပ်ရှားဘို့ ကောင်းတယ်။
ဒါပေမဲ့တကယ့်ရှိသင့်တဲ့တောမှာမဟုတ်ရင်တော့ စိတ်မကောင်းစရာပါ။ လူတွေကသူတို့ ရဲ့ Habitat တွေကိုကျူးကျော်မောင်ပိုင်စီးလာတော့ မြို့ လည်ခေါင်မှာရောက်လိုရောက်ဖြစ်ကုန်တာစိတ်မကောင်းစရာပါ။

နေ၀သန် said...

စိတ်ဝင်စားဖို့ကောင်းတယ်.. ကြောင်နံ့သာဆိုတာကို အခုမှတွေ့ဖူးတယ်..း)))

ခင်မင်လျက်
နေ၀သန်

Anonymous said...

ဖတ်သွားတယ် ကိုအေအေတီအို ရေ ဗဟုသုတ လေး တွေ အတွက် ကျေးဇူးပါ

ခင်မင်တဲ့
ရွှေစင်ဦး

ခရစ္စတလ် said...

ရန်ကုန်က ပြည်လမ်းမှာ အိမ်ဟောင်းမျက်နှာကျက်မှာ အိမ်ပြင်ဆောက်တော့ ကြောင်ကတိုးတွေ မိသားစုလိုက် ထွက်လာကြတယ်း)

sosegado said...

အပြင်မှာ တစ်ခါမှ မမြင်ဘူးပါ

ဘလော့တစ်ခု said...

ဒီကိစ္စက သဘာဝတရားနဲ့လူ နှစ်ဘက်လုံးနစ်နာတာပဲ။ လူတွေကမိုးပေါ်ရောက်လာတယ် (အထပ်မြင့်တိုက်တွေ) ငှက်တွေနေစရာပျောက်လာတယ်။ တောတွေရှင်းပြီးမြို့ပြတွေပေါ်လာတယ်။ စိတ်ဝင်စားဖို့ကောင်းတာက မလေးရှားရဲ့ မြို့ပြတည်ဆောက်ပုံလို့မထင်မိဘူးလား။ မြို့ပြကျယ်ပြန့်လာလေ သစ်တောထိခိုက်လာလေဖြစ်မှာမို့ မြို့ပြစီမံကိန်းတွေကိုတောင်ရပ်ခိုင်းသင့်တယ်လို့လည်းတွေးမိတယ်။ တကယ့် dilemma ပဲ။

ကိုရင် said...

ကျွန်တော် ၅ခါလောက်တွေ့ဘူးတယ်ဗျ ကိုသောမတ်ရဲ့..ဒမန်စာရာတောကို ဖြတ်ရင်းနဲ့ တွေ့တာ..တွေ့စက သူတို့အရွယ်အစားကြောင့် စိတ်ထဲတစ်မျိုးထင်ပြီး ကြောက်ပေမဲ့ နောက်ပိုင်း သိသွားတော့ မကြောက်တော့ဘူး..

Mary Grace said...

Hi your blogs looks so impormative and interesting.would you come and visit us back too
http://ads.com.mm/?cid=4fd9a687e4b0fa6db841e34f&utm_campaign=ads_mm_lb_blog_mgesc&utm_source=ads_lb_blog&utm_medium=lb_blog

Unknown said...

Hi, Very Interesting post you have here... It would be my pleasure if you visit my website too. Here's the link http://motors.com.mm/?utm_campaign=mot_mm_lb_blog_riche&utm_source=mot_lb_blog

License

License
Thank you very much for visiting my blog. I really do. I am trying to write and share my knowledge, experience,information etc etc. I would be very much appreciated for your either encouraging or critical comments to my any post. Furthermore, some photos herein the posts are not mine and perhaps some information too. However I always try to credit or mention the courtesy of the respective owner and/or where I got it from. Anyway please leave your message anything regards to my blog or if you want to use any part of information from my blog. I would follow up thereafter your message, accordingly.
Contact: thomasjrlatt@gmail.com