Monday, January 23, 2012

ကိုမိုဒို ဖွတ်နဂါးကြီးများ ရာဇ၀င်


ဖွတ်နဂါးကြီး တွေအကြောင်း နဲ့ ဆက်စပ် ပါတ်သက်သမျှအားလုံးလိုလို ဟာ စိတ်ဝင်စားဖွယ်၊ ထိတ်လန့် ကြောက်မက်ဖွယ်၊ အူလှိုက် အသည်းတုန် ရွံရှာ ဆက်ဆုပ်ဖွယ် ရာများချည်း ဖြစ်ပါတယ်။ ရက်စက် ကြမ်းကြုပ်တဲ့ ဟန်ပန်အမူအယာ များနဲ့ ကြောက်မက်ရွံရှာဖွယ် သွင်ပြင်လက္ခဏာများရှင် ဖွတ်နဂါးကြီး တွေဟာ ဒဏ္ဍာရီ ပုံပြင် တွေထဲမှာ ပါလေ့ရှိတဲ့ နဂါးကြီးတွေ လို အစိမ်းရောင်သန်းနေတဲ့ မွဲညစ်ညစ် ညိုမည်းမည်း အကြေးခွံထူထူ ဖုံးလွှမ်းထားတဲ့ ခန္ဓာကိုယ်၊ နှာခေါင်းပေါက် ကျယ်ကျယ်၊ သွားရည် တမြားမြား ဖြစ်နေတဲ့ ပါးစပ်ပေါက်ထဲက ချွန်မြမြ သွား တွေ ရဲ့ ကြားက လျှာ နှစ်ခွ ထွက်နေပုံ ဟာ ရုတ်တရက် မီးလျှံ တွေ ထွက်ကျမလာ နိုင်တာ သိ ပေမယ့်လဲ စိုးရိမ်ထိတ်လန့် မှု့ ကို တော့ဖြင့် မလျော့ကျ စေပါဘူး။

အမှန်တကယ်တော့ အနှီ ရက်စက်ကြမ်းကြုပ်တဲ့ သတ္တ၀ါကြီး တွေဟာ ကမ္ဘာ့ အကြီးဆုံး ဖွတ်ကြီး တွေဖြစ်ပြီး အင်ဒိုးနီးရှား နိုင်ငံ ကိုမိုဒို (Komodo)၊ ရင်ကာ (Rinca)၊ ပါဒါ (Pada) နဲ့ ကိုမိုဒိုကျွန်း အနီးနားတ၀ိုက်က ကျွန်း ကလေးတွေပေါ်မှာ နေထိုင်ကျက်စားပါတယ်။ ကိုမိုဒိုဖွတ်နဂါး တွေဟာ သားကောင်း တွေကို အမဲလိုက်ပြီး အရှင်လတ်လတ် ကိုက်ဖြတ် ဆုတ်ဖြဲစား သလို၊ အကောင်အသေတွေကိုလဲ မြိန်ရေယှက်ရေ စားပါသေးတယ်။ နောက်တစ်ချက်ကတော့ ကြီးနိုင်ငယ်ညှင်း ပုံစံ မျိုး ဇာတ်တူသားလဲ စားပါတယ်။ သူတို့ ဘာတွေစားတယ် ဆိုတာ အတိအကျ စာရင်းလိုက်ကောက်လို့ မရ နိုင်ပေမယ့် အနည်းဆုံး ဆယ်ရာခိုင် နှုံးက ဖြင့် ဇာတ်တူသား တခြားဖွတ် တွေကို စားတယ်လို့ ဆိုပါတယ်။


သူတို့ ဟာ ဖြုန်းကနဲ ကမူးရှုးတိုး ပုံစံ မျိုး အလျှင်အမြန် ပြေးနိုင် သလို ရေကူးကလဲ တော်ပြန်ပါသေးတယ်။ သူတို့ ထက် ပိုမြန်တဲ့၊ ပိုသန်မာတဲ့ ကျွဲလို နွားလို သားကောင်တွေကို တောင်တစ်ချက် အမိအရ ကိုက်လိုက်ခြင်း အားဖြင့် သူတို့ ပါးစပ် က တတောက်တောက် ကျနေတဲ့ သွားရည် တွေထဲ က ဘက်တီးရီးယား မျိုးစုံ ကြောင့် တဖြည်းဖြည်း နှေးကွေး လေးလံ ပြီး ဆက်မသွားနိုင်တော့ ပဲ ခန္ဓာကိုယ် အစိပ်အပိုင်းတွေကို ရက်ရက်စက်စက် ကိုက်ဖြတ် ဆုတ်ဖဲ့ စားခြင်း ကို အရှင်လတ်လတ် ခံရ ပါတယ်။ အကိုက်ခံ လိုက်ရတဲ့ သားကောင် နောက် ကို သူတို့ ရဲ့ ထူးခြား လှတဲ့ အနံ့ ခံ အာရုံ အပြင် ပြူတစ်ပြူတစ် ထွက် နေတဲ့ လျှာ ကြီး နှစ်ခွ နဲ့ ခြေရာခံပြီး သေအံ့မူးမူး ဖြစ် နေတဲ့ သားကောင် ကို ကိုက်ဖဲ့ ပြီး စားပါတယ်။

ဖွတ်နဂါးကြီးတွေ ဟာ အသက် ငါးနှစ်က ဆယ်နှစ် အတွင်း မှာ အရွယ်ရောက် ပြီး မိတ်လိုက် နိုင်ကြပြီး မှတ်တမ်းများ အဆိုအရ အသက် ငါးဆယ် ကျော် အထိရှင်သန် နေထိုင်ပါတယ်။ မိခင် ဖွတ်နဂါးမကြီး က ဥဥ ဖို့ အသိုက်ဆောက်လုပ်ပြီး တခါဥ ရင် ဥပေါင်း သုံးဆယ်ကျော် ဥလေ့ ရှိပါတယ်။ ဖွတ်နဂါး ပေါက်ကလေး တွေ ဥခွံ ထဲက ကိုယ့်ဖာသာ ဖောက်ထွက် နိုင်ဖို့ ကိုးလ လောက် ကြာတတ်ပါတယ်။ အကောင်ပေါက် ကလေးတွေဟာ ဥက ဖောက် ထွက် နိုင်တာ နဲ့ ချက်ချင်း နီးစပ်ရာ အပင်ကြီး ပေါ်တွေကိ ပြေးတက်ကြရပါတယ်။ ဒါမှသာ တခြား အရွယ်ရောက်ပြီး ဖွတ်နဂါးကြီးတွေ ရဲ့ အစာ ဖြစ်က လွတ်ကင်း မှာ ဖြစ်ပါတယ်။ သူတို့ လေးတွေဟာ သစ်ပင်ကြီး တွေပေါ်မှာ ပဲ ကိုယ့် ကိုယ်ကို ထိန်းကျောင်း နိုင်တဲ့ လေးနှစ်သား အရွယ် လောက်အထိ နေကြရပါတယ်။

တကယ်လို့ သာ ကမ္ဘာ့ အံ့ဖွယ် ရှစ်ခုသာ ရှိခဲ့ မယ်ဆိုရင် အဲဒီရှစ်ခုမြောက် ဟာ ကိုမိုဒိုကျွန်းသာ ဖြစ်ပါလိမ့် မယ်။ သားရိုင်း တိရိစ္ဆာန် ကျေးငှက် များစွာ ရှိတဲ့ အင်ဒိုနီးရှားရဲ့ ဧရိယာ အကျယ် အ၀န်းဟက်တာပေါင်း ငါးသောင်းကိုးထောင် ရှိတဲ့ အမျိုးသား ဥယျာဉ်ကြီးထဲ က သုံးထောင်ကျော်သော ကိုမိုဒိုဖွတ်နဂါးကြီး တွေ (Komodo Dragons or Varanus Komodoensis) ဟာ ကမ္ဘာဦးက ဒိုင်နိုဆော မျိုးနွယ် တွေရဲ့ အကြီးမားဆုံးသော နောက်ဆုံး လက်ကျံ မျိုးဆက် ပဲဖြစ်ပါတယ်။ အကယ်၍ စာဖတ်သူ ဟာ ကျနော် အထက်က ရေးခဲ့ တာတွေကို မယုံ နိုင်ဘူး ဆိုရင်လဲ လက်ခံ ပါတယ်။ ဘာလို့လဲ ဆိုတော့ ကျနော် ပြောတာ နားထောင် ဖူးသူ မှန်သမျှ ဟာ မယုံကြည်တဲ့ မျက်ဝန်း တွေနဲ့ ကျနော် ကိုစိုက် ကြည့် ပြီး ဟုတ်ကော ဟုတ်ကဲ့ လား ဆိုတဲ့ မေးခွန်း ကိုသာ အကြိမ်ကြိမ် ပြန်မေးတာ ကြားခဲ့ရဖူးလို့ ပါ။

ဒေသခံ တွေဟာ ကိုမိုဒိုနဂါးကြီး တွေကို အိုရာ (Ora) လို့ ခေါ်ကြပါတယ်။ အဖိုး၊ ဒါမှမဟုတ်ရင် အဖွားလို့ အဓိပ္ပါယ် ရပြီး လူသားစင်စစ် ကနေ ပြောင်းလဲ ထားတယ် လို့ ယုံကြည်ကြပါတယ်။ ဒေသခံ တွေဟာ သူတို့ရဲ့ မြေး မြစ်တွေ ဖြစ်လို့ အန္တရာယ် မပေးဖို့ တောင်းပန်လေ့ရှိပါတယ်။ အဆိုပါ ဖွတ်နဂါးကြီးတွေဟာ အရှည် ဆယ်ပေ ကနေ ဆယ့်ငါးပေ ခန့် အထိ ရှိတတ်ပြီး ရှေ့ ခြေကို ထောက်ပြီး ခေါင်းထောင် လိုက်မယ် ဆိုရင် သုံးလေးပေလောက် အထိ မြင့် ပါတယ်။ အလေးချိန်အားဖြင့် ပေါင် တရာ့ငါးဆယ် ကနေ ပေါင် သုံးရာလောက် အထိကြီးထွား လေ့ရှိပါတယ်။ အပြေး မြန်သလို တွင်း အနက်ကြီးတွေကို လဲ တူးနိုင်ကြပါတယ်။ ရေကူး၊ ရေငုတ်တော် ပြီး အကောင်ငယ်လေး တွေ ဆိုရင် သစ်ပင် အမြင့် ကြီး တွေကိုပေါ်ပါ တက်နိုင်ကြပါတယ်။

သူတို့ ရဲ့ အစာ တွေဟာ အများအား ဖြင့် ဆိတ်၊ သမင်၊ ဒရယ်၊ မြင်း၊ တောကျွဲ၊ တောဝက် စသည်ဖြင့် ကျွန်းပေါ် မှာရှိတဲ့ တောနက် ထဲ မှာ ရှင်သန်နေထိုင် တဲ့ တောရိုင်း တရိစ္ဆာန်တွေ အပြင် ဒေသခံ တွေ မွေးထားတဲ့ ကြက်၊ဘဲ၊ ဆိတ်၊ကျွဲ စတာ တွေကို ပါ လစ်ရင် လစ်သလို ၀င်ဆွဲလေ့ ရှိပါတယ်။ ဖွတ်နဂါးကြီးတွေရဲ့ ပိုင်နက် နယ်ပါယ် ဟာ ကိုမိုဒို သဘာဝဥယျာဉ် လို့ သတ်မှတ်ထားတဲ့ ကိုမိုဒို၊ ရင်ကာ၊ ပါဒါ နဲ့ ကိုမိုဒို ကျွန်းဝန်းကျင် က ကျွန်း ကလေး တွေ တ၀ိုက် တင် မကသေးပဲ ဖလောရက်စ် (Flores Island) ကျွန်းတ၀ိုက်မှာ ပါ ခဏခဏ တွေ့ရလေ့ ရှိလို့ အဆိုပါ နေရာမှာလဲ နေထိုင် ကျက်စားတယ် လို့ မှတ်ယူရမှာ ဖြစ်ပါတယ်။

တကယ်လို့ တစုံတယောက် ကနေ ကိုမိုဒိုနဂါးကြီးတွေ ဟာ အန္တရာယ် ရှိသလားလို့ မေးလာခဲ့ ရင် အဖြေက ရှိတယ်၊ မရှိဘူး နှစ်မျိုး ဖြစ်နေပါလိမ့် မယ်။ အကြောင်းသိတဲ့ ဒေသခံ တွေအတွက်အန္တရာယ် မရှိနိုင်ဘူး ဆိုပေမယ့် တိုးရစ် လိုမျိုး ခဏတာ လာလည်တဲ့ သူတွေ အတွက် ကတော့ အင်မတန် အန္တရာယ် ကြီးပါပေတယ်။ ကိုမိုဒို ကျွန်းပေါ်မှာ ခြေရာ လက်ရာ အစအန မကျံ အောင် ပျောက်ဆုံး သွားခဲ့ ကြတဲ့ ကံဆိုးသူ တိုးရစ် တွေ ရှိခဲ့ ဖူးပါတယ်။ အကယ်၍ အင်ဒိုနီးရှားက ကိုမိုဒို အမျိုးသား ဥယျာဉ်ကို လည်ပါတ်ခွင့် ကြုံလာခဲ့မယ် ဆိုရင် အမျိုးသားဥယျဉ်က ချမှတ်ထားတဲ့ လမ်းညွှန်ချက် စည်းကမ်းတွေကို အလေးအနက် လိုက်နာဖို့ လိုပါလိမ့်မယ်။ အထူးသဖြင့် အနီရောင် အ၀တ်အစား တွေကို မ၀တ်မိဖို့ ပါပဲ။ အကယ်၍ ကိုမိုဒိုဖွတ်နဂါးကြီးတွေသာ သူတို့ ရဲ့ အစာ လို့ မြင်သွားပြီဆိုရင် ဖြင့် ရိုင်ဖယ် သေနတ်ကိုင် ရိန်းဂျား အစောင့် တွေလဲ လုံခြုံအောင် ကာကွယ်ပေးဖို့ တတ်နိုင်လိမ့်မယ် မထင်ဘူး။ ။



ကိုးကား
- ကိုမိုဒို အမျိုးသားဥယျာဉ် ထုတ်စာရွက်စာတမ်းများ
- Paul (Komodo Specialist)
- Flores Tourism
- Wikipedia
- National Geographic Magazine
- ဖလောရက်စ် ဒေသခံ လုပ်ဖော်ကိုင်ဖက် များ၏ ပြောပြချက် များ

Photo credits to:-
- Picture 1 (http://www.infohostel.com/)
- Picture 2 (http://www.komodragonfacts.com/)
- Picture 3 (http://www.komolarges.com/)
- Picture 4 (image.google.com)



ဒုတိယပိုင်း ဖျောက်ထားမည့်စာ

ဆက်ဖတ်ကြည့်မယ်...

Wednesday, January 18, 2012

ဘာလီကို လည်မယ်ဆို


အင်ဒိုနီးရှား ဂုဏ်ဆောင် ဘာလီကျွန်း ဟာ ကမ္ဘာ့ ပထ၀ီမြေပုံပေါ်မှာ သေးသေးလေးသာ မြင်ရမှာ ဖြစ်ပေမယ့် ကမ္ဘာ့ခရီးစဉ်ဒေသ မြေပုံပေါ်မှာတော့ ထင်ထင်ရှားရှား ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြရတဲ့ အထင်ကရ ခရီးစဉ်ဒေသတစ်ခု ဖြစ်ပါတယ်။ အကယ်၍သာ ကျွန်းတစ်ပါတ် ကားတစ်စီး နဲ့ ကမ်းခြေ တစ်လျှောက်မောင်း လို့ သာရခဲ့ မယ်ဆိုရင် တစ်နေ့တည်း နဲ့တောင် တစ်ပါတ်ပြည့်အောင် မောင်းလို့ ရစရာ ရှိကောင်း ရှိပေမယ့် ခရီးစဉ် ဒေသ တစ်ခု အတွက် ဆိုရင်တော့ အင်မတန် ကြီးမားတဲ့၊ လည်စရာ၊ လေ့လာစရာ အပြည့်နဲ့ ခရီးစဉ်ဒေသ ကြီး တစ်ခုလို့ ဆိုရမှာ ဖြစ်ပါတယ်။

ဘာလီ ကိုရောက်ဖူးတယ် ဆိုတဲ့ နီးစပ်ရာ အသိမိတ်ဆွေ တွေကို ဘာလီကို ဘယ်လိုမြင်လဲ လို့ သာမေးကြည့် မယ်ဆိုရင် သူတို့ ရဲ့ အမြင်ဟာ ဘာလီမှာ ပွင့်တဲ့ တရုတ်စကားပန်း ဖြူဖြူ လေးတွေလို အဆုပ်လိုက် အခဲလိုက်၊ အပင်ပေါ် ရော အပင်အောက်ရော မှာ ပြန့်ကျဲ နေသလို ကြည်နူးစရာ အဖြေ တွေအများကြီး ရလာမှာ ဖြစ်ပါတယ်။ ဘာလီကိုသာ တစ်ခေါက်လောက် ရောက်ဖူးခဲ့မယ် ဆိုရင် သဲဖွေးဖွေး ကမ်းခြေ ကလေးတွေ၊ သာယာတဲ့ လှေကားထစ် စပါးခင်းတွေ၊ ဒေသခံ ဘုရားဖူးတွေ နဲ့ ပြတ်လေ့မရှိတဲ့ ဘုရားကျောင်းတွေ က ပွဲတော်တွေ၊ ဘာလီ ရိုးရာ တေးသံနဲ့ အကအလှ၊ ကမ်းခြေမှာ တလူလူလွင့်နေတဲ့ တံခွန်တိုင် တွေ ဟာ စိတ် အစဉ် ပုံရိပ်ထဲ မှာ နှစ်ပေါင်း များစွာ ကြာအောင် စွဲထင် နေမှာ သေချာပါတယ်။

တကယ်တော့ ဘာလီဟာ တိုးပရိုဂရမ် (Tour Program) တစ်ခုနဲ့ ဘောင်ခတ်ပြီး အကန့် အသတ် တစ်ခုအတွင်း မှာ သာလည်လို့ ရတဲ့ ကျွန်းတစ်ကျွန်း မဟုတ်ပါဘူး။ နေ၀င်ရှုခင်း နဲ့ ပင်လယ်စာ အကင် တွေကြောင့် စည်ကားလွန်းလှတဲ့ ဂျင်ဘာရမ် (Jimbaran) ကနေ တိုးရစ်တွေ စက်ကျ တတ်တဲ့ ကုတ (Kuta) လို နေရာမျိုး က နေ စမင်ညာက် (Seminyak) လို ဇိမ်ခံ ဟိုတယ်ကြီးတွေရှိတဲ့ နေရာ အထိ တစ်လျှောက် လုံး ရှည်လျားတဲ့ ကမ်းခြေကြီး အတိုင်း ရက်ပေါင်းများ စွာ အပျော်ရှာ လို့ ရပါတယ်။ ယဉ်ကျေးမှု့ အနုလက်ရာ တွေပြုလုပ်ရောင်းချ တဲ့ တောအုပ်စိမ်းစိမ်း ထဲက ဥဘွတ် (Ubud) ကနေ မီးတောင်တွေ ရှိတဲ့ ဘာလီ ကျွန်း အလည်ပိုင်း ကိုပဲ သွားမလား ဒါမှမဟုတ် အမ်မက် (Amed) တို့ လိုဗီးနား (Lovina) နဲ့ ပန်မျူတာရန် (Pemuteran) တို့ လို ကမ်းခြေမြို့ ငယ်လေးတွေမှာ ရက်တွေလ တွေကို မေ့ထားပြီး နေဦးမလား၊ နောက်ပြီး မျက်စိရှုပ်လွန်းလို့ တိုးရစ် တွေ ကိုမမြင်ချင်ဘူး ဆိုရင်တောင် နူဆာလန်ဘွန်ဂန် (Nusa Lambongan) ကျွန်းက ဖြင့် မလှမ်း မကမ်း မှာရှိနေသေး တော့တယ်။


ပြောရမယ် ဆိုရင် ဘာလီကျွန်းသူ တွေ နေ့စဉ် နတ်တင် လေ့ ရှိတဲ့ အုန်းရွက် ခေါစာ ခွက်ကလေး တွေလိုမျိုး စွဲဆောင်မှူ့ မျိုးစုံ ဟာ အကွက်ညီညီ ယက်ဖောက်ထား တယ်လို့ ပြောရင် မလွန်ပါဘူး။ ဆိုခဲ့ တဲ့ အကြောင်း အရာ တွေဟာ မြင်သာ ထင်ရှားတာလေးတွေ တချို့ကိုသာ စုစည်း ပြီး ပြောသလို ဖြစ်နေပါလိမ့်မယ်။ တကယ်တော့ ဘာလီ ဟာ အင်ဒိုနီးရှား တစ်နိုင်ငံလုံး မှာ ဧည့်သည် နဲ့ သဟဇာတ အဖြစ်ဆုံး (Visitor Friendly) ကျွန်း လို့ ရဲရဲ ကြီး ဆိုဝံ့ပါတယ်။ ရှိပါသေးတယ်။ ဘာလီရိုးရာ အနှိပ် ကလေးခံပြီး၊ ဆေးပေါင်း စပါး (Herbal Spa) မှာ နွမ်းနယ် မှု့တွေ ကိုဖြေလျော့ မလား။ Discovery Shopping Mall နဲ့ မာတာဟာရီ (Mata Hari) မှာပဲ ဈေးဝယ်မလား။ ကရစ်ရှနာ (Krishna) နဲ့ ဘာလီ အနှံ့ က အမှတ်တရပစ္စည်း ဆိုင်တွေ (Oleh Oleh) မှာပဲ လက်ဆောင်ပေးဖို့ ၀ယ်ဦးမလား။ သေချာတာက တော့ ဘာလီက အပြန်ဧည့် သည်တိုင်း ဟာ အလာတုန်းက လိုမျိုး မဟုတ်တော့ပဲ အိပ် အကြီး အသေး မျိုးစုံနဲ့ ပစ္စည်း မျိုးစုံ ပါသွားကြတာပါပဲ။

အစား အသောက် ဆိုရင်လဲ လမ်းဘေး ဈေးဆိုင် (Warung) ကလေးတွေက နေစပြီး ဟိုတယ်ကြီးတွေ နဲ့ ဖိုင်းဒိုင်းနင်း (Fine Dining) ရက်စတောရင့် ကြီးတွေ အထိ တတ်နိုင်သလို နှစ်သက်သလို စားလို့ ရပါတယ်။ မမေ့ရမှာ က ဘာဘီဂူလင်း (Babi Guling) နဲ့ ထမင်းကလေး တစ်ဇွန်းလောက် စားလိုက် ဒါမှ မဟုတ် ဘာလီစတိုင် ပင်လယ်စာ အကင်လေးစားလိုက်၊ ဘင်တန်ဘီယာ (Bintang Beer) ကလေး တကြိုက်လောက် ကြိုက်လိုက်၊ မျက်နှာ ချိုချို ညိုညိုစိုစို ဘာလီမ လေး တွေ ကို ကြည့်လိုက်.. လုပ်ဖို့ ကိုပါ။ :P

ဘာလီကို ဘယ်လိုလာ၊ ဘယ်မှာတည်းပြီး ဘယ်ကိုသွားရမှာလဲ လို့ မေးလာခဲ့ရင် အဖြေက လေယာဉ်လက်မှတ်ဝယ် ပြီးသွားပါ။ ဘယ်မှာ ပဲတည်းတည်း၊ ဘယ်ကိုပဲ သွားသွား မှား စရာ အကြောင်း လုံးဝ မရှိဘူးလို့ သာ ဆိုပါရစေ...။ ။


မှတ်ချက်။ ။ ရေးထားတာ တော့ ကြာပါပြီ။ ဟိုတစ်စ ဒီတစ်စ နဲ့ အဆုံး မသတ်ဖြစ် နေတာပါ။ ဘာလီ ကိုခဏခဏ လာလည်ချင်တဲ့ အစ်မချစ် နဲ့ အစ်ကိုပန်းသီး၊ ခရီးခဏခဏသွား တတ်တဲ့ အစ်မချော၊ အစ်ကိုဧရာ နဲ့ အစ်မသီတာ၊ လာလည်ချင်တယ် ဆိုတဲ့ မေသိမ့်သိမ့်ကျော်၊ တိုးပရိုဂရမ် တွေ တိုးဂိုက်တွေ ရှိလား ဆိုတဲ့ စော (အ၀ါရောင်မြေ)၊ စော ပြောသလိုပါပဲ ဆိုတဲ့ Iora၊ ဘာလီခရီးစဉ် အကြံလေးပေးပါဦး ဆိုတဲ့ သရ၊ ဆရာကိုဟန်ကြည် တို့ နဲ့ တစ်နှစ်တာ နေခဲ့တဲ့ ဘာလီကျွန်း ကို သတိရ၍ ရေးသည်။





ဆက်ဖတ်ကြည့်မယ်...

Friday, December 16, 2011

နှစ်သစ် မင်္ဂလာ နှင့် မြန်မာ့ ခရီးသွားလုပ်ငန်း


မြန်မာနိုင်ငံသည် အရှေ့တောင် အာရှမှာ အလှဆုံး နိုင်ငံထဲ က တစ်နိုင်ငံဖြစ်ပြီး မြင့်မားသည့် ယဉ်ကျေးမှူ့ဓလေ့ထုံးစံများ၊ သမိုင်းအစဉ်အလာနှင့် ရေမြေတောတောင် သဘာဝ အလှ အပြင်ဇီဝမျိုးစုံ မျိုးကွဲအ ကြွယ်ဝ ဆုံး နိုင်ငံ ဖြစ်သော်လည်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှု့မှာ အာဆီယံ ၁၀ နိုင်ငံ အတွင်း အဆင့် ၉ မျှသာ ရပ်တည်နိုင်သည်။ နိုင်ငံတကာ နှင့် ဒေသအတွင်း တွင် ခရီးသွားလုပ်ငန်း ကို အားသွန်ခွန်စိုက် လုပ်ကိုင်နေကြသော်လည်း မြန်မာနိုင်ငံအနေဖြင့် ခရီးသွားလုပ်ငန်းမှ ရရှိသော ၀င်ငွေမှာ အနည်းဆုံး ပမာဏမျှသာ ဖြစ်သည်။ မြန်မာ့ခရီးသွားလုပ်ငန်း ဖွင့်ဖြိုးတိုးတက်ရန်အတွက် ရည်တိ၊ုရည်ရှည် စီမံကိန်းများချမှတ်ပြီး အသင်းအဖွဲ့ များဖွဲ့စည်းကာ ဆောင်ရွက်နေသော်လည်း အကြောင်းအမျိုးမျိုးကြောင့် အောင်မြင်သင့်သလောက် မအောင်မြင်သေးပေ။

နိုင်ငံတော် အစိုးရအနေဖြင့် ခရီးသွားလုပ်ငန်း အား ပိုမိုအာရုံစိုက်၍ လုံလောက်သော ဘဏ္ဍာငွေများ စိုက်ထုပ်ပြီး ခရီးသွားမြှင့်တင်မှုများ ပြုလုပ်ရန်လိုအပ်ပေသည်။ ခရီးသွားလုပ်ငန်းအတွက် အဓိကကျသော အခြေခံအဆောက်အအုံ များ (လေဆိပ်၊ ဟိုတယ်၊ လမ်း၊ တံတား စသည်) တို့ လုံလောက်ပြီး အဆင်ပြေချောမွေ့ စွာ ၀န်ဆောင်မှု့ ပေးနိုင်စေရေး အတွက် သာမက နိုင်ငံတကာခရီးသွား ဧည့်သည်များ အလွယ်တကူ ၀င်ရောက် စေရေးအတွက် ဗီဇာကင်းလွတ်ခွင့်၊ ဆိုက်ရောက်ဗီဇာ စသည် တို့ ကိုပါ တဆင့်ခြင်း ဆောင်ရွက်သင့်ပါသည်။

နိုင်ငံ့ ခရီးသွားလုပ်ငန်း ဖွင့်ဖြိုးတိုးတက်စေရန် အတွက် ဒေသအတွင်း ခရီးသွားလုပ်ငန်း အောင်မြင်နေသော မလေးရှား နိုင်ငံ (၂၀၁၀ ခုနှစ် အတွင်း ခရီးသည် ၀င်ရောက်မှု့ ၂၄.၅၇၇ သန်း) နှင့် ထိုင်းနိုင်ငံ (၂၀၁၀ ခုနှစ် အတွင်း ခရီးသည်ဝင်ရောက်မှု့ ၁၅.၉၃၆ သန်း) တို့ ၏ နည်းလမ်းများ ကို အတုယူ လုပ်ဆောင်သင့်ပါသည်။ ထို့ အပြင် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဝန်ကြီးဌာန မှ ကြီးကြပ်၍ အထက်ပါ နိုင်ငံများ နှင့် သင့်တော်သော အခြား နိုင်ငံခြား တက္ကသိုလ် ကောလိပ်များ၊ ဟိုတယ် နှင့် ခရီးသွားလုပ်ငန်း သင်တန်းများ သို့ စေလွှတ် ကာ တက်ရောက်လေ့လာစေသင့်ပါသည်။
၎င်းမှ တဆင့် Train the Trainer အစီအစဉ်မျိုးများ ဖြင့် ပြည်တွင်း တက္ကသိုလ်ကောလိပ်များ တွင်လည်း ခရီးသွား လုပ်ငန်းဆိုင်ရာ သင်တန်းများ ပိုမိုထိရောက်စွာ လုပ်ဆောင်ပြီး လူ့စွမ်းအားအရင်းအမြစ်ဖွင့်ဖြိုးတိုးတက်အောင် ဆောင်ရွက်သင့်ပါသည်။ ခရီးသွားလုပ်ငန်း အသိပညာများ အား အခြေခံပညာအဆင့် ကျောင်းသား လူငယ်များ ထိတွေ့ လေ့လာသိရှိစေရန် အတွက် သင်ရိုးညွှန်းတမ်း များတွင် ထည့်သွင်းခြင်း၊ ဌာနဆိုင်ရာ များတွင် ပညာပေးခြင်းများ ပြုလုပ်ရန်လိုအပ်ပါသည်။ ခရီးသွားလုပ်ငန်းမှာ ခရီးသွား လုပ်ငန်းဝန်ကြီးဌာန တစ်ခုတည်းနှင့် သာပတ်သက်သော လုပ်ငန်းမဟုတ်ပဲ အလွန်ကျယ်ပြန့် သော လုပ်ငန်းကြီး တစ်ခုဖြစ်ရာ သက်ဆိုင်ရာအာဏာပိုင်များ အပြင် ပြည်သူလူထု အားလုံးပါ ၀ိုင်းဝန်း လုပ်ဆောင်ရန်လို အပ်ပါသည်။

ခရီးသွားလုပ်ငန်း၏ သဘောသဘာဝ မှာ နိုင်ငံခြားခရီးသည် တစ်ဦးချင်း ဆက်စပ် ပါတ်သက်သူမှန်သမျှ ဒေသခံ အားလုံး အတွက် အကျိုးရှိစေရာ ဆင်းရဲမွဲတေမှု့ ပပျောက်အောင် တိုက်ဖျက်နိုင်မည့် လုပ်ငန်း ကြီး တစ်ခုဖြစ်သဖြင့် နိုင်ငံတော် ခေတ်မီဖွင့်ဖြိုးတိုးတက်စေရေး အတွက် အလွန်အရေးပါသည့် အခန်းကဏ္ဍ ဖြစ်ကြောင်း မြန်မာ့ခရီးသွားလုပ်ငန်း အလျင်အမြန် ဖွံ့ဖြိုးတိုးတက်လိုသူ တိုးအော်ပရေတာ တစ်ဦး အနေဖြင့် တိုက်တွန်း တင်ပြအပ်ပါသည်။ ။


မှတ်ချက်။ ။ မရှင်းပါက ပုံအပေါ်ကို နှိပ်၍ ကြည့်ပါရန်။

ဆက်ဖတ်ကြည့်မယ်...

Saturday, October 15, 2011

ဘာလီ ငလျင်


သီတင်းကျွတ်လပြည့် ကျော် ၁ ရက်နေ့။ ။ ကလေး အငယ်ဆုံးလေး နေသိပ်မကောင်းတာ နဲ့ ရုံးက နေခွင့်တိုင် ပြီး အိမ်မှာ ဝေယျာဝစ္စယောဂီ လုပ်နေတုန်း မနက် ၁၁ နာရီလောက် ထင်ပါတယ် ရုတ်တရက် ဂျက်လေယာဉ် အကြီးကြီး တစ်စင်း အနီးကပ် မောင်းလိုက် သလို မျိုး အသံကြီး ဝေါခနဲ ပေါ်လာပါတယ်။ အိမ်နီးချင်း ဒေါက်တာမ က သူ့ ကလေးကိုချီပြီး "ဟီဒို့....ဟီဒို့....ဟီဒို့" နဲ့ ဆက်တိုက်အော်နေတာ နဲ့ ဘာ ဖြစ်တယ် ဆိုတာ မေးလို့ မရနိုင်ပဲ ကြောင် နေမိပါတယ်။ အဲဒီ အခါ မှာ ခင် က ကလေး အငယ်လေး ကိုချီခေါ် လာပြီး အပြင်ကို ထွက်ဖို့ အသည်းအသန်ပြော ပါတယ်။ ဒါပေမယ့် ကျနော့် ရဲ့ သွက်လက် ဖြတ်လတ်တဲ့ ကွန်ပျူတာ ဦးနှောက် က ချက်ချင်း အလုပ်မလုပ်သေးပဲ "ဟီဒို့" ဆိုတာ နဲ့ ဝေါခနဲ ကြားရတဲ့ အသံ ကို စဉ်းစား ဆက်စပ်နေပါတယ်။ နောက်မှ ခြံ တခါး မကြီး က တဗျန်းဗျန်း မြည်လာပြီး အိမ် နှစ်လုံး စလုံး ကို ရုတ်တရက် ဆွဲခါ လိုက်သလို မျိုး လှုပ်သွား တော့ မှ အော်..ငလျင် လှုပ်တာပါ့ လား ဆိုပြီး သဘောပေါက် ပါတော့တယ်။ :)

အဲဒီတော့ မှ ကလေး အကြီး ကို ကျနော်၊ ကလေး အငယ် ကို ခင် က ချီပြီ ဖိနပ် တောင် မစီး နိုင်တော့ ပဲ အိမ်ရှေ့ ကို ပြေးထွက် ကြရပါတယ်။ အိမ်နီး ချင်း ဒေါက်တာမမ ကတော့ ဘာစကား မှ မေးလို့ မရပဲ တ ဟီဒို့ ထဲ ဟီဒို့ နေပါတယ်။ ငလျင်က တော့ သုံးလေး မိနစ် အတွင်းမှာ သုံး ကြိမ်လောက် လှုပ်ခါ ပြီး ငြိမ်သွား ပါတယ်။ အဲဒီမှာ အိမ်နီးချင်း က အိမ်ထဲ ပြေးဝင် ပြီး တီဗွီ ထ ဖွင့် သတင်း မှန်သမျှ ကြည့်ပါတော့တယ်။ အင်ဒိုနီးရှား အစိုးရ က လွင့်ဆဲ လိုင်းအားလုံးကို ဖြတ်ပြီး Breaking News Live ဆိုပြီး တိုက်ရိုက် ငလျင် အကြောင်း ကိုပြောပါတော့တယ်။ တကယ်တော့ ငလျင် ဟာ ဘာလီကျွန်းရဲ့ မြို့တော် ဒန်ပါဆာ ရဲ့ အနောက် မြောက် ဘက် မြေအောက် ၁၀ ကီလိုမီတာ လောက် ကို ဗဟိုပြု ပြီး လှုပ်သွား တာဖြစ်ပြီး ၆.၈ မဂ္ဂနီကျု ရှိပါတယ်တဲ့။

ဟာဝိုင်ယီ အခြေဆိုက် ဆူနာမီ သတိပေးဌာန အဆိုအရ ငလျင်ကြောင့် ဆူနာမီရေးလှိုင်း ဖြစ်နိုင်ဖွယ် မရှိဘူး ဆိုမှ သာ ဟင်းကနဲ သက်ပြင်းချ နိုင်ပါတယ်။ ဖြစ်ရင်လဲ ဆူနာမီဇာတ်လမ်းတွေ၊ သဘာဝဘေးအန္တာရယ် အကြောင်း ဇာတ်လမ်းတွေ ကြည့်ထားပြီး အတွေ့အကြုံ ရှိဖူးထားသလို ဖြစ်နေတော့ သိပ်မကြောက်ပါဘူး။ :) ချက်ချင်းဆိုသလို အထုပ်ထ ပြင်ထားပါတယ် :)) ပတ်စပို့၊ ကလေး စောင်၊ ရေဗူး၊ မုန့်၊ ကလေးချီတဲ့ ခါးပတ် လိုဟာတွေ ကို အဆင်သင့်လုပ်ထားပါတယ်။ အိမ်နီး ချင်း အပြောအရ အဲဒီလို ဘေးအန္တာရယ်မျိုး ကိုရှောင်မယ် ဆိုရင် ကား နဲ့ လုံးဝ အဆင်မပြေ နိုင်ဘူးလို့ ဆိုပါတယ်။ ဟုတ်တယ်လေ။ လမ်းမှာ ပိတ်နေတာနဲ့ပဲ လွတ်မှာ မဟုတ်တော့ ဘူး။ သူ့ မှာ ကဆိုင်ကယ် နှစ်စီး ရှိတော့ အဆင်ပြေတယ် (ဆိုင်ကယ် နှစ်စီး အပြိုင်စီးလို့ ရတာပေါ့ :)) ကျနော်လဲ ဆိုင်ကယ် ကိုလူတွေ အများကြီး နဲ့ မစီး ဘူးတော့ စီးခဲ့ ရင် ဘယ်လို ဆိုတာ ကြိုတွေးထားပါတယ်။

အဆင်သင့် ပြင်ပြီးပြီဆိုတော့ သတင်းတွေကိုပဲ မျက်ခြေမပြတ် စောင့် ကြည့် နေပါတယ်။ လေဆိပ် နားက ကုတ (Kuta) ဆိုတဲ့ နေရာ မှာ ဆောက်လက် စ အဆောက် အအုံ တစ်ခု ပြိုကျ သွားတယ် လို့ ကြေငြာသွားပါတယ်။ နောက်ထပ် ပြီး အာဆီယံထိပ်သီး ဆွေးနွေးပွဲ ကျင်းပမယ့် နူဆာဒူဝါ (Nusa Dua) မှာလဲ ဆောက်လက်စ အဆောက် အအုံ တစ်ခု ပြိုကျ သွားပြန်ပါသတဲ့။ ဘာလီ ရဲဌာန ရဲ့ ဘာလီ အနှံ လမ်းစုံ လမ်ခွ တွေမှာ တပ်ထားတဲ့ စီစီတီဗွီ (CCTV) တွေကို တိုက်ရိုက် ဖွင့် ပြပြီး လက်ရှိ ဖြစ်ပျက်နေတာ ကို ပြပါတယ်။ ဘာလီရဲ့ နေရာ ဒေသ အစုံ ကလူတွေကို ဖုန်းဆက်ပြီး တိုက်ရိုက် မေးမြန်း ချက်တွေကို ထုတ်လွှင့်ပါတယ်။ ဘယ်နေရာတွေမှာ ဘာဖြစ်နေတယ် ဆိုတာ တီဗွီသတင်း ကြည့်နေရင်းနဲ့ သိလို့ စိတ်မပူတော့ ပါဘူး။ ဘာမှ မသိရတာ သာ ကြောက်စရာ မလား။



နိုင်ငံတကာ သတင်းဌာနတွေ ကလဲ နေရာ အနှံ့ က နိုင်ငံတကာ ခရီးသွားဧည့်သည် တွေကို အင်တာဗျူးပြီး တိုက်ရိုက် ထုတ်လွှင့်ကြပါတယ်။ အင်ဒိုနီးရှား အစိုးရ ငလျင်သတိပေး ဌာနကနေ လုံးဝ စိုးရိမ်စရာ မရှိတဲ့ အခြေ အနေမျိုးထုတ်လွှင့် ပြီးတဲ့ အခါမှ အားလုံး စိတ်ချလက်ချ နေနိုင်ပါတော့တယ်။ အိမ်နီးချင်း ဘာလီ လူမျိုးကတော့ ဘာလီကျွန်းကို နတ်ဒေ၀တာ တွေ အမြဲစောင့်ရှောက်တဲ့ အတွက် သဘာဝဘေး အန္တာရယ်တွေက နေ ကင်းလွတ်နေတယ် ဆိုပါတယ်။ ဘူမိဗေဒပညာရှင်တွေအဆို အရ ဂျာဗားကျွန်းမကြီး နဲ့ ဆက်စပ်မှု မရှိတဲ့ ဘာလီကျွန်းဟာ ငလျင်အန္တာရယ် ဖြစ်နိုင်ခြေ ဟာ တခြားကျွန်းများ နဲ့ တန်းတူမဟုတ်သည့် တိုင် ကွာခြားချက် သိပ်မရှိလှဘူးလို့် ဆိုပါတယ်။ ဒါပေမယ့် အင်ဒိုနီးရှား မှာငလျင်နဲ့ ဆူနာမီလို သဘာဝဘေးအန္တာရယ် ကြုံတိုင်း အစိုးရအရာရှိကြီးတွေ နဲ့ ပညာရှင်တွေ ဘာလီကျွန်း ဘာကြောင့် ကွက်ကွက် လေး ကျန်နေခဲ့တယ် ဆိုတာ တအံ့တသြ ဆွေးနွေးကြရတယ် လို့ ပြောစမတ်တွင်ပါတယ်။

ဒါကြောင့်လဲ ဘာလီ ကို နတ်ဒေ၀တာတွေ စောင့် ရှောက်ထားတဲ့ မီးလျှံစက်ကွင်း ထဲက ကျွန်းလို့ "The Blessed Island of The Ring of Fire"လူတွေပြောကြ တင်စားကြရတာ ဖြစ်ပါတယ်။ ။


ဆက်စပ်ဖတ်စရာ။ ။ မီးလျှံနိုင်ငံ

ဆက်ဖတ်ကြည့်မယ်...

Thursday, September 29, 2011

ဘာလီ ယဉ်ကျေးမှု့ နှင့် ဓလေ့ထုံးတမ်း အစဉ် အလာများ မိတ်ဆက် အပိုင်း (၂)

အပိုင်း (၁) ၏အဆက်

အပိုင်း (၂) အတွက် အမှာ

ဘာလီ ကျွန်းမှာ နေထိုင်စဉ် အတွင်း ဘာလီကျွန်းသူကျွန်းသားတွေရဲ့ လူနေမှူစံနစ်၊ ကိုးကွယ်ရာဘာသာ၊ ယုံကြည်မှု့၊ စာပေနှင့် အနုသုခုမ၊ ဓလေ့ထုံးတမ်း အစဉ် အလာတွေကို လေ့လာမိတဲ့ အခါ အင်မတန်ထူးခြား တဲ့ အတွက် မှတ်စုထုတ်ပြီး တတ်နိုင်သလောက်ရေးမယ် ဆိုပြီးကြံစည် ဖြစ်ခဲ့ပါတယ်။ ရေးတဲ့ အခါမှာ လဲ အကြောင်းအရာလဲ စုံရမယ်၊ တတ်နိုင်သလောက်လဲ ပြည့်စုံရမယ်ဆိုပေမယ့် တကယ်တမ်း ရေးရရင် သေချာ သုတေသနလုပ် ရေးရမှာဖြစ်ပြီး မနုဿဗေဒ ဆိုင်ရာကျမ်းတစ်စောင် လို အချက်အလက် အသေးစိပ်တွေနဲ့ ပဲ ပြည့်နှက်နေမှာဖြစ်ပြီး အဲဒီအချက် အလက်တွေ စုဆောင်းဖို့ က နှစ်အတော်ကြာ အချိန်ပေးရမှာ ဖြစ်ပါတယ်။ သဘောအရ အင်မတန်ရှုပ်ထွေးလှတဲ့ လက်ရှိအလုပ် နဲ့ မိသားစု အရေးကိစ္စတွေ ထမ်းဆောင်နေရတဲ့ ကျနော့်လို ပုဂ္ဂိုလ် မျိုး မှာ အဲဒီလိုမျိုး အားထုတ်ဖို့ စွမ်းအား အင်မတန်နည်း လွန်းတာ လဲ ကိုယ့်ဖာသာ နားလည်ထားပါတယ်။ သို့ပါသော်လည်း ရေးချင်တဲ့ စိတ်က အသာစီးရတဲ့ အတွက် အနည်းဆုံးတော့ အားလုံးလဲခြုံမိအောင် မိတ်ဆက် သဘောမျိုး အကြောင်းအရာ ပေါင်းစုံ ပါအောင်ရေးမယ် ဆိုပြီး ရေးဖြစ်ခဲ့ပါတယ်။ စ ပြီးရေးမိတဲ့ အခါကျ မှ အင်မတန် ကျယ်ပြန့်ပြီး အင်မတန်ရှုပ်ထွေး ပြီးဆင်တူရိုးမှား ဓလေ့ထုံးစံတွေနဲ့ မူကွဲ တွေ က ကျွန်းတစ်ကျွန်းတည်းပေါ်မှာ ဖြစ်ပေမယ့် နေရာဒေသ နဲ့ မတူသောလူတန်းစား များ (Caste System) အပေါ်မူတည် ပြီး ကွဲပြား နေသေးတာ သိရပြန်ပါတယ်။

ဘာလီရိုးရာ နေအိမ် (Kuren)

ဘာလီက ရိုးရာအိမ်တွေအကြောင်း ပြောမယ်ဆိုရင် ဗိသုကာ ရှု့ထောင့် ကနေလေ့လာစရာ အနည်းဆုံး (အနည်းဆုံး) သုံးမျိုး ရှိပါတယ်။ ပထမတစ်မျိုးကတော့ ခြံ သို့မဟုတ် အိမ်ဝိုင်းထဲမှာ အဆောက်အအုံ လေး လုံး နဲ့ မိသားစု ဘုရားကျောင်းဆောင်များ နေရာ မျှသာဖြစ်ပါတယ်။ ဒုတိယတစ်မျိုးက တော့ အိမ်ဝိုင်းထဲ မှာ အိမ်တစ်လုံး တည်း ဆောက်ထားတဲ့ အိမ်မျိုး ဖြစ်ပါတယ်။ ဒါပေမယ့် တခါတရံ မီးဖိုဆောင် ကို သီးသန့် အိမ်ဘေး မှာ ဆောက်ထားတတ်ပါသေးတယ်။ တတိယ တစ်မျိုးကတော့ စုပေါင်းအိမ် (Housing Complex) ဖြစ်ပါတယ်။ ညီအစ်ကို မောင်နှမ၊ ဦးလေးအဒေါ် စသည်ဖြင့် မတူတဲ့ အိမ်ထောင်စု တွေ စုပေါင်း နေထိုင်ရာ အိမ်တန်းရှည် နှစ်ခု ဟာ ခြံ သို့ မဟုတ် အိမ်ဝိုင်းရဲ့ ဘယ်နှင့် ညာ တစ်ဘက်တစ်ချက် မှာ ဆောက်ထားတာ ဖြစ်ပါတယ်။ နောက်မှ နံရံတစ်ခု ကာ ပြီး ဂိတ်တံခါး (angkul-angkul) တစ်ခုနဲ့ တံဆာဆင်ပါတယ်။



အခြေခံအားဖြင့် အဆိုပါ အဆောက်အအုံ များဟာ မြေပြန့် လွင်ပြင်များ မှာ အဆောက်များ ပေမယ့် တောင်စောင်းတွေ၊ ဆင်ခြေလျှော တွေများတဲ့ဘာလီကျွန်း အလယ် ပိုင်းမှာ ဆိုရင်တော့ အနည်းငယ် ကွဲ ပြားပါသေးတယ်။ ဘာလီကျွန်း ကအိမ်အများစု မြေစိုက်အိမ်တွေ ဖြစ်နေတဲ့ အကြောင်း ကတော့ တခြား အင်ဒိုနီးရှားမှာ ရှိတဲ့ ဘာတက်၊ ဒါယက်ခ်၊ ထရိုဂျာ၊ မက္ကဆာ စတဲ့ ခြေတံရှည် အိမ်ဆောက်လေ့ရှိတဲ့ လူမျိုးစုတွေလို တောရိုင်းတိရိ စ္ဆာန် တွေရဲ့ ရန်ကကြောက်စရာ မလို၊ ကာကွယ်ဖို့ မလိုတဲ့ အပြင်၊ ချောင်း မြောင်း တွေကနေ ရေလျှံပြီး အိမ်တွေထဲ ကိုရေ၀င်တာ မျိုးတွေ မရှိလို့ ဖြစ်ပါတယ်။ တကယ်တန်းကျတော့ ဘာလီ လူမျိုးတွေရဲ့ အိမ်တွေဟာ တောရိုင်း တိရိစ္ဆာန်တွေနဲ့ သဘာဝ ရဲ့ ဘေးအန္တရာယ် ကို ကာကွယ်ဖို့ထက် နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ဆူလာဝစီ (Sulawasi)၊ မဒုရ (Maduras)၊ ကလီမင်တန် (Kalimentan @ Indonesia Borneo) စတဲ့ ကျွန်းသား တွေရဲ့ အောက်လမ်းမှော် ပညာတွေနဲ့ ပြုစားခြင်းတွေကို ကာကွယ် ဖို့ တန်ပြန်အထက်လမ်း အစီအရင် တွေထည့်သွင်းဆောက်လုပ်လေ့ရှိပါတယ်။

ဘာလီ လူမျိုးတွေရဲ့ အိမ်တစ်အိမ် ဟာ ဟိန္ဒူ နဲ့ ဗုဒ္ဓဘာသာ အယူအဆ အရ စကြာဝဠာရဲ့ အခြေခံ ဖွဲ့စည်းမှု့ ဓါတ်ကြီးလေးပါး (ရေ၊မြေ၊လေ၊မီး) အပြင် မြေတည်နေရာ၊ ဘုရားကျောင်း၊ သင်းချိုင်းမြေ၊ ဆွေမျိုးအသိုင်းအ၀ိုင်း နဲ့ လူမှု့ အဖွဲ့ အစည်း (Banjar)* စသည်တို့ နဲ့ အကွက်ညီယက်ဖောက် ဆက်နွယ်နေလေ့ရှိပါတယ်။ အိမ်တစ်အိမ် ရဲ့ ဗိသုကာ အဆေက်အအုံ ဒီဇိုင်းလက်ရာ များ ကို မချဉ်းကပ် မှီ အဆိုပါ ဓါတ် သဘောတွေ ဟာ ဆောက်လုပ်မယ့် အိမ်ရဲ့ သဘောသဘာဝ သွင်ပြင် လက္ခဏာများ ဖြစ်လာစေပါတယ်။ အထူးသဖြင့် အိမ်ရဲ့ အနေအထား နဲ့ ဦးတည် မျက်နှာလှည့် တဲ့ အရပ် တို့ ဟာ အလွန်အရေးပါ ပါတယ်။ အနှစ်ချုပ် အားဖြင့် အချက် နှစ် ချက် ကို အထူးအလေးပေး စဉ်းစား ပါတယ်။

၁။ လှေဦးတိုက်၊ လှည်းဦးတိုက် (tumbak runrung) ကို ရှောင်ပြီး ဆောက်လေ့ရှိပါတယ်။ လမ်း က အိမ်ကို လာဆုံနေတာ မျိုး ဆိုရင် လမ်းကို အိမ်က ပိတ်နေသလို မျိုး ဖြစ်ပြီး မမြင်ရတဲ့ ပရလောကသားတွေ အိမ်အတွင်းကို ၀င်နိုင် လို့ ခိုက် တယ်လို့ ယုံကြည်ကြပါတယ်။ အကယ်၍ မဖြစ်မနေ ဆောက်ရတော့မယ် ဆိုရင် ဘုရားကျောင်း ဆောင် ခပ်သေးသေးတစ်ခု လမ်းဦးတိုက် မှာ လမ်းကို မျက်နှာမူပြီး ဆောက်လိုက်ပါတယ်။ ပန်း၊ အုန်းရွက် စတာ တို့ နဲ့ ပူဇော်လေ့ရှိပြီး မမြင်အပ်တဲ့ နာမ်လောကသား တွေ ကို တားဆီးပါတယ်။ လမ်းနှစ်သွယ်ရဲ့ ကြားထိပ်တည့်တည် ကွင်းပြင်ဘက် ကို မျက်နှာ မူနေရင်တော့ နေဆာလှုံ နေတဲ့ပင့်ကူ (Celedu Nginyah) ဆိုပြီး ရှောင်ပါတယ်။ အကယ်၍ မဖြစ်မနေ ဆောက်ရမယ် ဆိုရင်တော့ ဘုရားကျောင်းဆောင် ကလေးကို ကွင်းပြင်ဘက် မျက်နှာမူပြီး ဆောက်ပါတယ်။ အိမ်သစ် တစ်လုံး နဲ့ မိသားစု အိမ်တစ်လုံးကြား မှာ ဆွေမတော် မျိုးမစပ် ဆောက်ပြီး နေ့လေ့ မရှိပါဘူး။ (Ngapit) လို့ ခေါ်ပြီး ရှောင်ရပါတယ်။ လမ်းရဲ့ ဘေးကွက်လပ် ညာဘက်ဘေးမှာ နဲ့ လမ်းရဲ့ တခြားတစ်ဘက်မှာ ဆွေမျိုးတော် သူရှိရင် လဲ ရှောင်ရပါတယ်။ လမ်းကိုင်တယ် (Negen Jalan) လို့ ခေါ်ပြီး မဆောက်ကြပါဘူး။

၂။ ရပ်ရွာ အရေးကိစ္စတွေအတွက် စည်းဝေးတိုင်ပင်ရာ ခန်းမ (ဓမ္မာရုံ လိုမျိုး) ရဲ့ မြောက်ဘက်နဲ့ အရှေ့ဘက် တည့်တည့် တွေမှာလဲ ဆောက်လေ့မရှိပါဘူး။ အဓိက အရေးပါတဲ့ အချက်က တောင်တွေဘက် ကို ဦးတည် တာဖြစ်ပါတယ်။ အဲဒါကြောင် ဘာလီကျွန်းရဲ့ တောင်ဘက် နဲ့ မြောက်ဘက် မှာ နေတဲ့ သူတွေဟာ ဦးတည်ရာ မတူ ပဲ (တနည်းအားဖြင့်) ဆန့် ကျင်ဘက် တွေဖြစ်နေတတ်ပါသေးတယ်။ ဘာလီကျွန်း မြောက်ပိုင်းမှာနေတဲ့ သူတွေ အတွက် မြောက်အရပ်ဟာ တောင်တန်း တွေကိုညွှန်းဆိုတာ ဖြစ်ပြီး၊ တောင်အရပ်ဟာ ပင်လယ်ကိုညွှန်းဆိုတာ ဖြစ်ပါတယ်။ အဲဒါကြောင့် မြောက်ပိုင်းမှာ နေတဲ့ သူတွေအတွက် မြောက်အရပ်ဟာ (တကယ်တော့) တောင် အရပ်ဖြစ်နေပြီး၊ တောင် အရပ်ဟာ (အမှန်တကယ်အားဖြင့်) မြောက် အရပ်ဖြစ်ပါတယ်။ အသစ်ဆောက်မယ့် အိမ်ရဲ့ မျက်နှာမူ ရာအရပ်နဲ့ ဆက်စပ်မှုကတော့ တောင်တန်း တွေတင် မကပဲ ဘုရားကျောင်း၊ မြစ်ဖျားပိုင်း၊ မြစ်ကမ်းပါး၊ ပင်လယ် ကမ်းခြေ၊ ရေကန်နဘေး ဒါ့အပြင် အထွတ်အမြတ်ထား ရာ မြေနေရာ စတာ တွေကို ထည့်သွင်းတွက်ချက်ရပါသေးတယ်။

ဘာလီ အိမ်တစ်လုံး ၏ သွင်ပြင်လက္ခဏာ
အစဉ်အလာအားဖြင့် အိမ်တစ်လုံး ကို ခြံဝန်းခတ်ထားရပါတယ်။ အိမ်ခြံဝန်း ကို အုတ်စည်းရိုး သို့မဟုတ် ကွန်ကရိ၊ ကျောက်တုံး စသည်ဖြင့် တို့ နဲ့ ခတ်တာ ကို ကာရန် (Karang) လို့ ခေါ်ပြီး၊ ပုဏ္ဏရိတ်၊ ဆူးခြုံ၊ ပန်းပင် စတာတွေနဲ့ သဘာဝအတိုင်းကာရံတာ ကိုတော့ ပန်ရန်းကာ (Penyengkar) လို့ ခေါ်ပါတယ်။ အိမ်တစ်အိမ် အတွက် ခြံစည်းရိုး ဟာ ယတြာ၊မာတြာ စတဲ့ ဟိန္ဒူ အတွေးအခေါ်များ နဲ့ ဆက်စပ်နေလေ့ရှိပြီး အလွန် အရေးပါပါတယ်။ အိမ်တစ်အိမ် ရဲ့ အ၀င်ဝ ဟာ ဂိတ်တံခါး (Angkul-angkul) ဖြစ်ပြီး ရွာလမ်းမ ကိုတိုက်ရိုက် ထွက်ပေါက် ပဲဖြစ်ပါတယ်။ အသေးစိပ် လေ့လာသင့်တာ ကတော့ ဘာလီစုပေါင်းအိမ်ယာ (Balinese Compound House) ပဲဖြစ်ပါတယ်။ အဲဒီ စုပေါင်းအိမ်ယာ ရဲ့ ဖွဲ့စည်းပုံနဲ့ သွင်ပြင်လက္ခဏာ ကလဲ လူတန်းစား (Caste System)အလိုက် ပုဏ္ဏား၊ အုပ်ချုပ်သူ၊ မူးမတ်စစ်သူကြီး၊ ကုန်သည်၊ လယ်သမား တံငါ စသည် အပေါ်မူတည် ပြီးလဲ များစွာ ကွဲပြားပြန်ပါသေးတယ်။


အရိုးရှင်းဆုံး အိမ်တစ်ဆောင် အတွက် အောက်ပါ အစိတ် အပိုင်း များ ပါဝင်ပါတယ်။

၁။ အ၀င်ဝ ဂိတ်တံခါး (Angkul-angkul)
၂။ မီးဖိုဆောင် (Pawon)
၃။ စပါးကျီ၊ စတို (Jineng)
၎။ အိမ်ထောင်ဦးစီး အိမ်ခန်း (Bale Dauh or Bale Loji) အနောက် ဖက်မှာ ဆောက်ပါတယ်။
၅။ ဇရပ်ဆောင် (Bale Dangin) မိသားစုဝင်များ ဘာသာရေးပွဲများကျင်းပရာ၊ ဆုတောင်ပထ္ထနာပြုရာ နေရာ
၆။ အိမ်ထောင် ၏ အသက်အကြီးဆုံး မိသားစုဝင် အိမ်ခန်း (Gedong or Meten) ဒါမှမဟုတ် အဖိုးတန်ပစ္စည်း များ သိမ်းတဲ့နေရာ အဖြစ်သုံးပါတယ်။
၇။ မိသားစု ဘုရားကျောင်းဆောင် (Sanggah or Merajan) အနည်းဆုံး ဘုရားကျောင်းဆောင်ခြောက်ခု ရှိပါတယ်။
၈။ အိမ်ရှေ့ ဘုရားကျောင်းဆောင် (Pengijeng karang) ခြံအပြင်မှာ ဆောက်ရတာ ဖြစ်ပါတယ်။

မိသားစုဘုရားကျောင်းဆောင် (Sanggah or Merajan) ဂါလူဂန်ပွဲတော်နေ့ by AATO

ဇရပ်ဆောင် (Bale Dangin) by AATO

ဘာလီရိုးရာ အိမ်တစ်ဆောင် အကြောင်း ပြောရင် အနည်းဆုံး မိသားစု ဘုရားကျောင်း အကြောင်းထည့် ပြောရမှာပါ။ အိမ်ထောင်စု တစ်ခုအတွက် လွန်လေကြကုန်သော မိဘဘိုးဘွား တွေရဲ့ဝိဥာဏ် တွေကလည်း ကိုးကွယ်ဆည်းကပ်ရာ ဖြစ်ပါတယ်။ နောက်တစ်ချက်က အိမ်ဆောက်ရာမြေနေရာရှိ မြေစောင့်ဘူမိနတ်ကို လည်း အလေးအနက်ထား ပသရပါတယ်။ သို့ပါသော်လည်း ဟိန္ဒူ နတ်ဘုရား များ ကိုပါအဓိကထား ကိုးကွားရာ ဖြစ်တဲ့ အတွက် အိမ်ထောင်စု အသစ် တစ်ခုဆိုရင် အနည်းဆုံး ဘုရားကျောင်းဆောင် ခြောက်ခု ရှိရမှာ ဖြစ်ပါတယ်။ နှစ်ပေါင်းများစွာ နေလာတဲ့ မိသားစုကြီး ဆိုလျှင်တော့ ဘုရားကျောင်းဆောင် ဧရိယာ (Sanggah or Merajan) အတွင်းများ ဘုရားကျောင်းဆောင်တွေ အများကြီး တွေ့ရမှာဖြစ်ပါတယ်။ အဆိုပါ မိသားစု ဘုရားကျောင်းဆောင် များဟာလဲ မတူညီတဲ့ လူတန်းစား အလိုက်ကွဲပြားဦးမှာ ဖြစ်ပါတယ်။ သိုပါသော်လည်း ဒန်ပါဆာ (Denparsa) လို လူဦးရေထူထပ်ပြီး အိမ်ခြေသိပ်သည်း တဲ့ ဘာလီကျွန်းရဲ့ မြို့တော်မှာ တော့ အိမ်တွေမှာ ဘုရားကျောင်းဆောင် နှစ်ခုသာ ထည့်သွင်းဆောက်လုပ်နိုင်ကြပါတယ်။ ခြံအပြည့် အဆောက် အအုံဆောက်လိုက်ရတဲ့ အခြေအနေမျိုးဆိုလျှင် ဘုရားကျောင်းဆောင် ကို အပေါ်ထပ်မှာသာ ဆောက်လုပ်ရတာဖြစ်ပါတယ်။ အထက်ပါဘုရားကျောင်းဆောင် နှစ်ခုကို တော့ ပထမသန နဲ့ တုဂု (Padmasana and Tugu) လို့ ခေါ်ပါတယ်။


ဝန်ခံချက်။ ။ ဘာလီရိုးရာ အိမ်အကြောင်း ကိုရေးရာ မှာ ဆောက်လုပ်ပုံ (ဗိသုကာနည်းပညာဆိုင်ရာများ)၊ အသုံးပြုသည့် ကိရိယာများ၊ ပန္နက်တင် အခန်းအနား၊ ထုတ်၊ယောက်၊ ဒိုင်း၊ မြား၊ ခေါင်၊ အမိုး၊ ဦးစွန်း၊ တံစက်မြိတ်၊ ဆောက်လုပ်စဉ်မှာ ရွတ်ဖတ်သရစ္ဖျယ်ရသည့် ဂါထာ၊ မန္တန်၊ စသည် စသည်တို့ ကို အကြောင်းအမျိုးမျိုး ကြောင့် မပါဝင်နိုင်ပါ။ လိုအပ်၍ အသေးစိပ် သိလိုပါက ဆက်သွယ်နိုင်ပါသည်။


အပိုင်း (၃)* ဘာလီရိုးရာ ကျေးလက်အုပ်ချုပ်ရေးနဲ့လူမှု့အဖွဲ့ အစည်း (Banjar) အကြောင်း ဆက်ရန်


Ref:
- Balinese House by I Made Terima 2002
Original Bibliography
  • Ardana, I Gusti Gede : Pengertian Pura di Bali, Universitas Udayana, Denpasar 1979
  • Bagus, I Gusti Ngurah : Sistem Pola Menetap Masyarakat Bali, Universitas Udayana, Denpasar Printed by Fakultas Sastra University of Udayana, no date
  • I.H.D ( Institute Hindu Dharma ) : Kumpulan Hasil Penelitian Sejarah Pura, Diperbanyak untukkepentingan Intern Mahasiswa Institute Hindu Dharma, Denpasar, no date
  • Swellengrebel : Patterns of Cosmic Order, dalam Bali Studies, Life, Thoughts, and Rituals,The Hague - Bandung, 1960
  • Soebandi, I Ketut : Pura Kawitan/Padharman dan Penyungsungan Jagat, Indo Press, 1981
- http://www.balibudaya.net/compound.html
- ကိုယ်တိုင် မေးမြန်းသုတေသန ပြုခြင်း မှတ်စု

ဒုတိယပိုင်း ဖျောက်ထားမည့်စာ

ဆက်ဖတ်ကြည့်မယ်...

Friday, September 23, 2011

အကြွင်းမဲ့ ကန့်ကွက်ပါသည်


ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်းကို အကြွင်းမဲ့ ကန့်ကွက်ပါသည်


Save Irrawaddy, No Dam on Burma's Vital River

ဆက်ဖတ်ကြည့်မယ်...

License

License
Thank you very much for visiting my blog. I really do. I am trying to write and share my knowledge, experience,information etc etc. I would be very much appreciated for your either encouraging or critical comments to my any post. Furthermore, some photos herein the posts are not mine and perhaps some information too. However I always try to credit or mention the courtesy of the respective owner and/or where I got it from. Anyway please leave your message anything regards to my blog or if you want to use any part of information from my blog. I would follow up thereafter your message, accordingly.
Contact: thomasjrlatt@gmail.com