Caving (Spelunking) သမားတွေ အတွက်တော့ Gua Charas ဟာ Adventure Cave နဲ့ Show Cave အမျိုးအစား နှစ်မျိုးရှိရာမှာ အပြဂူ (Show Cave) အမျိုးအစား ဖြစ်ပါတယ်။ အကြမ်းအားဖြင့် ဂူအတွင်းပိုင်း ကျယ်ပြန့် ပြီး လမ်းလျှောက်ဝင်သွားလို့ ရတဲ့ ဂူအမျိုး အစား တွေကို Show Cave လို့ ခေါ်ပြီး ခက်ခဲခဲ ကြိုးတွေ ဓါတ်မီးတွေ စတဲ့ (Caving Gear) နဲ့ဝင်ရတဲ့ ဂူအမျိုးအစား တွေကိုတော့ Adventure Cave လို့ ဆိုရမှာဖြစ်ပါတယ်။ ဂူတွေ ထဲကို ၀င်ကြည့် ရင် စိတ်ဝင်စား စရာ၊ လေ့လာစရာ တွေ အများကြီး ရှိပါတယ်။ အနည်းဆုံး ဘူမိဗေဒ၊ ဂူအတွင်းထဲ က အင်းဆက်ပိုးမွှားတွေ၊ ဖားပြုပ်၊ မြွေ၊ လင်းနို့၊ အပင် အမျိုးအစားတွေ အပြင် ကမ္ဘာဦးလူသား တွေ နေထိုင်ခဲ့ တဲ့ ဂူတွေမှာ ဆိုရင် နံရံဆေးရေး ပန်းချီတွေ ကိုကြည့် ပြီး ဘယ်လို နေထိုင် ခဲ့တယ်၊ ဘယ်လို ကျောက်လက်နက် တွေ ကိုသုံး စွဲ ခဲ့တယ် စသည်ဖြင့် သမိုင်းမတင် မှီက အကြောင်းတွေကို လေ့လာ နိုင်မှာ ဖြစ်ပါတယ်။ Caving အကြောင်း ကို ဒီနေရာမှာ ရေးခဲ့ဘူးပါတယ်။
ပန်ချင်းတောင် ခြေ ကိုရောက်တော့ ကိုယ်ပိုင် ကားတွေ အပြင် တိုးရစ် တွေ အပြည့်နဲ့ Tour Bus တစ်စီး ရပ်ထားတာ တွေ့ ရပါတယ်။ နိုင်ငံခြားသားဧည့်သည်တွေကို ပြသရာ နာမည်ကြီး Point of Tourist Attraction မဟုတ်သော် လည်း ဒေသခံ တွေ နဲ့ အတူ တိုးရစ်တွေ ပါလာရောက် လေ့လာ ကြတာ တွေ့ ရပါတယ်။ ကာပါကင် ခ ၂ ရင်းဂစ် ပေးပြီး အပေါ်ကို တက်ကြည့် တဲ့ အခါမှာ ဂူကို ရုပ်တရက်မတွေ့ ရလို့ စိတ်ပျက် သလိုတောင် ဖြစ်သွားပါသေးတယ်။ ဒါပေမယ့် ဂူကို ထိမ်းသိမ်းစောင့် ရှောက်တဲ့ အိန္ဒိယ လူမျိုး က နောက်ထပ် ၀င်ကြေး ၂ ရင်းဂစ်ထပ်တောင်းပြီး တောင်ပေါ်ကိုတက်တဲ့ သံလှေကားရှိရာ ကို လမ်းညွှန်ပါတယ်။ တကယ်တော့ ချရပ်စ်ဂူ ဟာ တောင်ကြီးတောင် ပေါ်က ဂူလိုမျိုး တောင် ထိပ်နားမှာ ဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။ ဂူရှိရာ တောင်ပေါ် ကိုတက် တော့ တရုတ်ဘုံကျောင်း တွေမှာ တွေရတတ်တဲ့ အပြင်အဆင်မျိုး တွ့ ရပြီး တံဆောင်းလို နှစ်ထပ် အဆောက်အဦ နှစ်လုံး တွေ့ ရပါတယ်။ အထဲမှာ မယာယန ဆင်းတုတော်တွေ အများစု လိုမျိုး ဈာန မုဒြာ ဆင်းတုတော် တစ်ဆူ ဖူးတွေ့ ရပါတယ်။ တချိန်က တရုတ်ဗုဒ္ဓဘာသာ တွေကြီး စိုးခဲ့ ဟန်တူပေမယ့် ယခု အချိန်မှာတော့ အန္ဒိယ တမီလ် လူမျိုးတွေ ကိုပဲ စောင့်ရှောက်နေတာ တွေရပါတယ်။
ဝင်ကြေး ၂ ရင်းဂစ်ပေး ပြီး မတ်စောက်လှတဲ့ ကျောက်တောင်မှာ တပ်ဆင်ထားတဲ့ သံလှေကား နှစ်ဆင့် ကို တက်ပြီး ကျောက်သား လှေကား အတိုင်း အနည်းငယ် ထပ်တက်တာနဲ့ ဂူဝကို ရောက်ပါတယ်။ ဂူအ၀င်ဝမှာ ကတည်း Caving လုပ်ရင်ခံစားရလေ့ရှိတဲ့ အေးစိမ့်စိမ့် စိုစွတ်စွတ် အထိအတွေ့၊ အောက်သက်သက် အနံ့၊ လင်းနို့ တွေ အုပ်စုလိုက် လှုပ်ရှားသံ တွေ ကို စတင်ခံစား ရတော့ တာပါပဲ။ ဂူ အ၀က နေ အတွင်းပိုင်း ကို ဆက်သွယ် ထားတဲ့ မီးလိုင်း တွေ ရှိပြီး လျှောက်လမ်း တလျှောက်မှာ လျှပ်စစ်မီးတွေ သွယ်တန်း ထွန်းညှိထား ပေမယ့် ဂူထဲ မှာ မှောင်မည်း နေပြီး ထွန်းထားတဲ့ မီးရောင် တွေက လဲ အရောင် တွေ ပြန့် ပြီး အရာဝတ္ထု တွေကိုသဲသဲကွဲ ကွဲ မြင်ရ လောက်အောင် လင်းမနေပါဘူး။ ဂူအ၀ ကနေ အနည်းငယ် ဆင်းသွား လိုက်တာနဲ့ အန္ဒိယ အမျိုးသား တစ်ယောက် ကျောက်ဖြစ်နေတယ် ဆိုတဲ့ မြွေ ဆိုပြီး လာလည်သူ အိန္ဒိယအဖွဲ့ တွေကို တမီလ်လို ရှင်းပြနေပါတယ်။ စပ်စုချင်ပေမယ့် တယောက်တပေါက်မေးနေတဲ့ တမီလ်တွေ ကြားမှာ ဘယ်လိုမှ ကိုယ့်အတွက် အလှည့် ရောက်မလာနိုင်ဘူး ဆိုတာ သိရလို့ ရှေ့ ကို ပဲဆက် သွားကြည့် ရမှာ ကျောက်ဖြစ်သွားတဲ့ ငါး ဆိုပြီး သံဇကာ ကာထားပြီး အလှူခံ နေတဲ့ အိန္ဒယ အမျိုးသမီး တစ်ယောက် ကိုတွေ့ ရပါတယ်။ သူရှင်းပြတဲ့ ကျောက်ငါး အကြောင်းထက် ချပါတီ ကို ဒလိမ့်တုံး နဲ့ လှိမ့်နေသလို တမီလ်သံ ၉၉ ရာခိုင်နှုံး နဲ့ မလေးစကား ကို ဘယ်လိုမှ နားမလည် လို့ အမြန်စကား ဖြတ်ပြီး ပြေးရပါတော့တယ်။
အဲဒီနောက်မှာ ဆင်နဲ့ မျောက်က ဖူးမြော်နေပုံ ထိုင်ရက် ရုပ်ပွားတော်တစ်ဆူ ကို တွေ့ ရပြီး နံရံ အမြင့်ပိုင်းတွေမှာ တရုတ်၊ မလေး၊ တမီလ်၊ ဟင်ဒီ ဘာသာတွေနဲ့ အပြင် ထိုင်းလို စာတွေ ရေးထား တာတွေရပေမယ့် ဘာအကြောင်းအရာ၊ ဘာအဓိပ္ပါယ် ဆိုတာကိုတော့ နားမလည်လို့ မသိခဲ့ရပါဘူး။ ဂူအတွင်းပိုင်း အလည်လောက်မှာ သျှီဝလင်္ဂ (Shiva Lingam) နဲ့ ဟိန္ဒူ နတ်ဘုရားကျောင်း ဆောင် တစ်ခု ကို စတီး ပိုက်တွေ ကြွေပြား တွေနဲ့ အခိုင်အမာ ဆောက်ထားတာ တွေ့ ရပါတယ်။ အဲဒီဘုရားကျောင်း ကိုစောင့် ရှောက်တဲ့ ပုဏ္ဏား တစ်ယောက် ကိုလဲ ဘုရားဖူးတွေ ကြားထဲမှာ ခေါင်းတခါခါ လည်တရမ်းရမ်း လုပ်နေတာ လှမ်းတွေ့ ရပါတယ်။ ဂူ အတွင်းဖက်ဆုံး အပိုင်း ကို လမ်းညွှန် ဆိုင်းဘုတ်တွေ နဲ့ ပြထား ပြီး လျောင်း တောမူဘုရား တစ်ဆူကို ခပ်မှိန်မှိန် အလင်းရောင် အောက်မှာ ဖူးတွေ့ ရပါတယ်။
ဘုရားဖူး ဒေသခံ တွေ နဲ့ ပြတ်လေ့ ရှိပုံ မပေါ်ပေမယ့် ဂူအတွင်းထဲ က ဗုဒ္ဓရုပ်ပွားတော်တွေ ရဲ့ ပန်းတမော့ လက်ရာ ကတော့ တော်တော်ညံ့ တယ်လို့ ပဲ ပွင့်ပွင့်လင်းလင်း ဝေဖန်ရင် တော့ ငြင်းမယ့် သူရှိမယ် မထင်ဘူး။ ထုံးကျောက် ဂူ တွေမှာ တွေ့ ရလေ့ ရှိတဲ့ ကျောက် စက်ပန်းဆွဲ၊ကျောက် စက်မိုးမျှော်၊ ကျောက်စက် တိုင် စတာ တွေကို နေရာ အနှံ လိုလို တွေ့ ရပါတယ်။ သဘာဝရဲ့ လှပဆန်း ကျယ်မှု့ ကို အကောင်းစား ကင်မရာ တွေနဲ့ မှတ်တမ်းတင် ရိုက်ကူး နေတာ လဲ တွေ့ ခဲ့ရပါတယ်။ ကျနော် လဲ အားကျမခံ ပုံ အနည်းငယ် ရိုက်လာခဲ့ ပေမယ့် ဘာပုံ မှန်း သဲသဲ ကွဲကွဲ မပေါ်အောင် ကောင်းလွန်းလို့ စိတ်မကောင်း စွာပဲ ဖျက် ပြစ်လိုက်ရပါတယ်။
ဂူမကြီး ရဲ့ အပြင်ကို ထွက်လာပြီး ခြုံနွယ်တွေနဲ့ ပိတ်နေတဲ့ လူသွားလမ်း လေးအတိုင်း ထပ်တက်ကြည့် တဲ့ အခါမှာ ဒုတိယ ဆင့် ဂူ ကိုထပ်တွေ့ ရပါတယ်။ အဲဒီဂူ ကတော့ ပန်ချင်း တောင်ရဲ့ ထိပ်ပိုင်း မှာပါ။ တောင်ထိပ်ပိုင်း ကို တိုးလျှို ပေါက် သလိုမျိုး ဖြစ်နေတဲ့ အတွက် အလင်းရောင် ကောင်းစွာ ရရှိပြီး အတွင်းပိုင်း ကို ရှင်းရှင်းလင်း လင်း မြင်ရပါတယ်။ လေကောင်းလေသန့် ရတဲ့ အပြင် တောင်ထိပ်ပိုင်း က လှမ်းမြင်ရတဲ့ ရှုခင်း ကလဲ အမောပြေစေပါတယ်။ တောင်ထိပ်ပိုင်း က သစ်ပင်ခြုံနွယ် တွေထူထပ်စွာ ဖြစ်ပေါ် နေတဲ့ အပိုင်း က ငှက် တစ်ကောင်ရဲ့ အော်မြည်သံ ကို မကြာခဏ ကြားရလို့ သွားကြည့် ရမှာ ဆင်ခြေလျှော က အရမ်း မတ်ဆောက်လွန်း ပြီး လူသွား လို့ ရတဲ့ လမ်း မပေါက်တာ ကြောင့် ဆက်မသွား နိုင်ခဲ့ ပါဘူး။ ကျနော့် အထင် တော့ မလေးဒေသခံ ရစ်ငှက် တစ်မျိုး (Malayan Greater Argus) ဖြစ်လိမ့် မယ်လို့ ယုံကြည်ပါတယ်။ ဒါပေမယ့် အကောင် ကို မတွေ့ ခဲ့ ရလို့ အတိအကျ တော့ မပြော နိုင်ပေဘူး။
တောင်ထိပ်မှာ ဟိုး အဝေးက စီစီရီရီ မြင်နေရတဲ့ ဆီအုန်းပင်တွေ ကိုလှမ်းငေး ပြီး စီးကရက် တစ်လိပ်နဲ့ ခဏ အနားယူ ပါတယ်။ တောင်အောက် ကို ပြန်ဆင်းပြီးကွာလာ လမ်ပူ ကိုဦးတည် ကာ ပြန်လာခဲ့ ပြီး အရှေ့ ဘက် ကမ်းရိုးတန်း ခရီးစဉ် ကို အဆုံးသတ်လိုက်ပါတယ်။ ။