Monday, May 23, 2011

အလုပ်ထဲ က သင်ခန်းစာ

အမှတ်တရ အမှားတစ်ခု

လူဆိုတာ အမှားနဲ့ မကင်းနိုင်ပါဘူး။ လူတိုင်း အမှားလုပ်မိတတ်ကြတာပါပဲ။ အမှားလုပ်လေ့ရှိတဲ့ လူ့သဘောကို အခြေခံ ပြီး စကားပုံတွေ၊ ဆိုရိုးစကားတွေ၊ အတွေအခေါ်တွေ၊ ဥပဒေသတွေ၊ သီဝရီ အစရှိသဖြင့် အများကြီး ရှိပါတယ်။ မှားတတ်ကြတဲ့ အမှား တွေအမျိုးမျိုးရှိပါသေးတယ်။ အမှားဗေဒ ကို ဋီကာချဲ့ ရရင် ကုန်နိုင်ဖွယ်မမြင်ပါဘူး။ သို့ပေမယ့် အများစုရဲ့ အနှစ်သာရ ဒါမှမဟုတ် ရည်ရွယ်ရင်းက "အမှားထဲ က သင်ခန်းစာယူတတ်ဖို့" ပဲ ဖြစ်ပါတယ်။ ကျနော် ပြောချင်တာက အလုပ်လုပ် ရင်းမှားတဲ့ အမှားမျိုး ကိုသာဖြစ်ပါတယ်။ အလုပ်များများ လုပ်တဲ့ သူဟာ အမှားများများ လုပ်ဖို့ အခွင့်အလမ်း ပိုများပါတယ်။ ဘာမှ မလုပ်ပဲ နေရင်တော့ အလုပ်နဲ့ ပတ်သက်ပြီး ဘာမှ မမှားနိုင်ပေဘူးပေါ့။ ဒီလို အမှားတွေ ကနေ သင်ခန်းစာ တွေ၊ အတွေ့အကြုံ တွေ တဖြည်းဖြည်း ရလာပြီး အလုပ်သဘောကို နားလည်လာတဲ့ အဆင့်က နေ ကျွမ်းကျင်တဲ့ အဆင့် ကိုရောက်လာရတာပါပဲ။

တချိန်တုန်း က မှားခဲ့တဲ့ လုပ်ငန်းဆိုင်ရာ အမှားကလေး တွေကို အခုအချိန်မှာ ပြန်တွေးကြည့်မိရင် ရယ်စရာ တောင် ကောင်းပါတယ်။ ဘာဖြစ်လို့များဒီလို ရိုးရှင်းလွယ်ကူတဲ့ ကိစ္စကလေးတွေကို တလွဲဖြစ်အောင်၊ မှားအောင်လုပ်ခဲ့ မိလေသလဲ ဆိုပြီးလဲ စဉ်းစားမိပါတယ်။ အဓိက က အသက်အရွယ်နဲ့ အတွေ့ အကြုံပါပဲ။ အလုပ်နဲ့ပတ်သက်တဲ့ အမှားပေမယ့် မရည်ရွယ်ပဲ တဖက်သား ကိုအကြီးအကျယ် ထိခိုက်စေ နိုင်ပါတယ်။ လွန်ခဲ့တဲ့ ဆယ့်ခြောက်နှစ် ခန့်က အခုလက်ရှိလုပ်နေတဲ့ ခရီးသွားလုပ်ငန်းကို စတင်ထိတွေ့ခွင့်ရခဲ့ပါတယ်။ ဆယ်တန်းစာမေးပွဲ ဖြေ ပြီးစ အောင်စာရင်း မထွက်ခင် အပြင်လောကနဲ့ ထိတွေ့ခွင့် ရအောင်လို့ ဘကြီးဖြစ် သူ အဆက်အသွယ်နဲ့ ရန်ကုန်မြို့လယ်ခေါင်၊ မြို့တော်ခန်းမ နားက ခရီးသွားလုပ်ငန်း ကုမ္ပဏီ မှာ အလုပ်သင် အဖြစ် စ ခဲ့ပါတယ်။

အဲဒီတုန်းက အကြောင်းတွေ ကို ပြန်စဉ်းစား ကြည့်မိရင် တချို့ အကြောင်းအရာ တွေက မှုန်မှုန် ၀ါးဝါး၊ တချို့ အကြောင်းအရာ တွေက ပြတ်ပြတ်သားသားရှင်းရှင်းလင်းလင်း။ မနေ့တနေ့က မှ ဖြစ်ခဲ့သလိုမျိုး။ ရန်ကုန်မြို့ စွန် ဆင်ခြေဖုံး မြို့သစ် နေအိမ်က နေ မိနစ် နှစ်ဆယ်ခန့် လမ်းလျှောက်မှ ရောက်တဲ့ မှတ်တိုင်က နေ ကျပ်ညပ်ခုန် ပေါက်နေတဲ့ ဘီအမ် ဘတ်စကား ကြီးကို တစ်နာရီ ခွဲသာသာ လောက်စီးလိုက်ရင် ဆူးလေမှတ်တိုင် ရုပ်ရှင်ရုံရှေ့ ကိုရောက်။ အဲဒီကနေ မှ ကုမ္ပဏီ ရုံးခန်း ကို သွက်သွက်လေး လျှောက်။ ရောက်ချိန် မနက် ရှစ်နာရီခန့် က ပုံမှန်ပါပဲ။ ရုံးခန်း ကိုရောက်ရောက် ချင်း မီးဖွင့်၊ အဲယားကွန်းဖွင့်၊ ပြီးတာနဲ့ အိုဗာစီး ကော (oversea calls) အတွက် ဘွတ်ကင်တင်။ မန်နေဂျာမမ ရုံး ရောက်လောက်မယ့် အချိန် မနက် ဆယ်နာရီခွဲ မှာ တခါ၊ ဆယ့်နှစ်နာရီ မှာ တခါ ငါးမိနစ်စီပြောပါမယ် ဆိုတာတခါတည်း နှစ်ကော စာတင်လိုက်ရပါတယ်။ ခရီးသွားလုပ်ငန်း ကုမ္ပဏီဆိုပေမယ့် အဓိက ကတော့ ပြည်တွင်း၊ ပြည်ပ လေယာဉ်လက် မှတ် အဓိကရောင်းတဲ့ (Travel Agency) သာဖြစ် လို့ ကျနော့်ရဲ့ နေ့စဉ် အလုပ်တွေက ဘွတ်ကင်တင်ခြင်း၊ စတေကာ သွားကပ် ရခြင်း၊ လေယာဉ်လက်မှတ် ထုတ်ရခြင်း၊ တဆင့်ခံ ကုမ္ပဏီ များက မှာတဲ့ လေယာဉ်လက် မှတ်များ သွားပို့ခြင်း တွေ သာ ဖြစ်ပါတယ်။ စတေကာ ကပ်တာနဲ့ ပတ်သက်ပြီး နည်းနည်းရှင်းပြရ ရင် အဲဒီအချိန်တုန်းက အခုလိုမျိုး Electronic Ticket မပေါ်သေးတော့ Good for Passage Ticket တွေ အပေါ်မှာ သွားမည့် ရက်နဲ့ အချိန် ကို လေယာဉ်လက်မှတ်ပေါ်မှာ ကပ်တာ ကို စတေကာကပ်တယ်လို့ ခေါ်ပါတယ်။ ဆူးလေဘုရားလမ်း က မြန်မာ့အပြည်ပြည်ဆိုင်ရာ လေကြောင်း (MAI)၊ ပန်းဆိုးတန်း က ဆစ်ခ်အဲဝေး (Silk Air) နဲ့ ဘီမန်း (Biman)၊ ဆူလေးအ၀ိုင်းဘေး ထားဝယ်တိုက်က ထိုင်းလေကြောင်း (Thai Airways) အစရှိသဖြင့် နေရာ အနှံ့ မှာရှိတဲ့ လေကြောင်းလိုင်း တွေကိုသွားရပါတယ်။ အလုပ် နည်းနည်းပါးရင် တော့ လေကြောင်းဆိုင်ရာ (2 code)၊ လေဆိပ်နာမည် (3 code) တွေကို ကျက်ရတဲ့ အပြင် IATA ကထုတ်တဲ့ မော်ဂျူး တွေကိုလေ့လာရပါတယ်။ အလုပ်မထွက်ခင် အထိ IATA Module ၈ခု အထိ အလွတ်ဖြေနိုင်ခဲ့ပါတယ်။ (အခုအချိန်မှာတော့ Amadias, Abacus အစရှိတဲ့ GDS စနစ်တွေနဲ့ Electronic Ticket တွေထုတ် နိုင်ပြီ ဖြစ်တဲ့ အတွက် နောက်လူသစ် များမှာ စာကျက်စရာမလိုတော့ပြီ။)

ဒီလောက် ဆိုရင် ကျနော်လုပ်ရ တဲ့ အလုပ်သဘောကို စောကြော မိပေလောက်ပြီ။ ကျနော်ရဲ့ ပထမဆုံး လုပ်ငန်း အတွေ့ အကြုံ ဖြစ်တဲ့အတွက် နေရာတကာ သိချင်၊ တတ်ချင်၊ လုပ်ချင် ဖြစ်နေတဲ့ "တက်ကြွတဲ့ ကြက်ဖ" ဆိုသလိုမျိုး သွက်လက် တက်ကြွ၊ တနည်းအားဖြင့် ပြာယာခတ် နေတာ ပြန်မှတ်မိပါသေးတော့တယ်။ အဲဒီအချိန် အခါကလဲ နိုင်ငံခြားကို ရှိုးဂျော့ တွေ အုပ်လိုက်သင်းလိုက်၊ အုံလိုက်ကျင်းလိုက် ထွက်နေတဲ့ အချိန် ဖြစ်တော့ ကျနော်တို့ ကုမ္ပဏီလို လေယဉ်လက်မှတ်ရောင်းတဲ့ ခရီးသွား လုပ်ငန်းအေဂျင်စီ တွေမှာ လက်မလည် အောင်အလုပ်များကြပါတယ်။ သက်ဆိုင်ရာ လေကြောင်းလိုင်းတွေမှာ Bulk Ticket ခေါ်တဲ့ ခရီးစဉ် (Sector) တခုတည်း ကို အစောင်ရေ ရာနဲ့ ချီပြီး ထုတ်ရတာ တောင် နိုင်ငံခြားကို ထွက်တဲ့ သူများလွန်း လို့ ပြိုက်ခနဲ ပြိုက်ခနဲ ဆိုသလို ကုန်ပါတယ်။ အဲဒီ အချိန်ကတော့ စင်္ကာပူ နဲ့ ဘန်ကောက်ကို အများ ဆုံးထွက် ကြပါတယ်။ အဲဒီအချိန်က စင်္ကာပူ မှာ နိုင်ငံခြားသားတွေ အတွက် အလုပ်အကိုင် အခွင့် အလမ်း တွေ ပေါများ လွန်း တော့ အနယ်နယ် အရပ်ရပ်က ကိုရွှေမြန်မာ တွေ စင်္ကာပူ ကို အဓိက သွားကြပါတယ်။ လေယာဉ်လက်မှတ် အသွား တစ်ကြောင်း (one way) ပဲဝယ်ပြီး ၀င်လို့ရပေမယ့် နောက်ပိုင်းမှာ အထောက် အထားမခိုင်လုံလို့ ပြန်လွှတ်ခံရ (reject) အလုပ်ခံရသူတွေ များ လာလို့ စင်္ကာပူ အစိုးရက အလုပ်လုပ်ခွင့်ပါမစ် (work permit) အရင်ရမှသာ အဲဒီ ပါမစ် ကိုပြပြီး လေယာဉ်လက်မှတ် အသွားတစ်ကြောင်း ၀ယ်လို့ရပါတယ်။ အဲဒါမပါရင် လေကြောင်းလိုင်းကလဲ မတင်ပါဘူး။ အဲဒီလိုနဲ့ လေယာဉ်လက်မှတ် လာဝယ်တဲ့ သူတွေမှာ စင်္ကာပူ ကပို့တဲ့ work permit စာရွက်ကလေး တွေ ယူလာကြတာ တွေ့လာရပါတယ်။ စင်္ကာပူ ပါမစ်ကလဲ ဈေးတော့ သေးမယ် မထင်ဘူး။ လက်မှတ်လာဝယ် ကြသူတွေ ပြောပြောနေလို့ သူတို့ ဘယ်လိုရင်းနှီး ကြရတယ် ဆိုတာ သဘောပေါက်လာရပါတယ်။

အဲဒီလို အုပ်စုလိုက်လာဝယ် ကြရင် ရုံးမှာ ရှိသမျှ လူအကုန် မနားရပါဘူး။ လေယာဉ်လက်မှတ် ရေးတယ်ဆိုတာ လဲ နာမည် မမှားအောင် အရမ်းဂရုစိုက်ရပါတယ်။ နာမည် တလုံးမှားသွားတာနဲ့ အဲဒီလက်မှတ် ကိုသုံးလို့ မရတော့ ပါဘူး။ အသစ်တစောင် ယူပြီး ပြန်ရေးရပါတယ်။ လေယာဉ်လက်မှတ် တွေက တန်ဖိုးကြီးတော့ အမှားနည်းအောင် အတွေ့ အကြုံများတဲ့ သူတွေပဲ ရေးကြပါတယ်။ အရမ်း ရှုပ်လာရင် တော့ ကျနော်လဲ ၀င်ရေးရတော့တာပါပဲ။ ဒီလိုနဲ့ ကျနော်လဲ လေယာဉ်လက်မှတ်ရေးကျင့် ရလာပါတော့တယ်။ လေယာဉ်လက်မှတ် အသစ်မှာ နာမည်ရေးပြီးတာနဲ့ အပေါ်ဆုံးနှစ်ရွက် ကို ဖြတ်လိုက်ရပါတယ်။ (အဲဒါကြောင့်လက်မှတ်ဖြတ်တယ် ဆိုတဲ့ စကားပေါ်လာတာဖြစ်မယ်)။ လက်မှတ်က မှင်ခံ ဖြစ်တာမို့ အောက်မှာတော့ နာမည်နဲ့ ခရီးစဉ်ပေါ်နေပါတယ်။ လေကြောင်းလိုင်းနဲ့ အေးဂျင့် လုပ်ငန်းဆိုင်ရာ ရှင်းလင်းတဲ့ အခါမှာ စောစောက ဖြတ်ထားတဲ့ လက်မှတ်ကလေး နှစ်ရွက်ကို သုံးရပါတယ်။ အဲဒီက လက်ရေးကို ကြည့်ပြီး ဒါဘယ်သူဖြတ်တဲ့ လက်မှတ်လဲ ဆိုတာ သိနိုင်ပါတယ်။

တစ်ခုသော ညနေစောင်း ရုံးဆင်းခါနီး မှာ စင်္ကာပူ ကို work permit နဲ့ သွားမယ့် အဖွဲ့ တစ်ဖွဲ့ ရောက်လာပါတယ်။ အားလုံး လိုလိုက မှော်ဘီ နဲ့ တိုက်ကြီးတ၀ိုက် က လူတွေပါ။ သူတို့တွေက အမျိုးတွေ နဲ့ သိကြပြီးသား သူငယ်ချင်းတွေဖြစ်ပါတယ်။ အရေအတွက် အတိအကျ မမှတ်မိပေမယ့် ဆယ်ယောက်ကျော်တယ် ဆိုတာတော့ မှတ်မိပါတယ်။ သူတို့ အားလုံး ပါမစ်အတူလျှောက်၊ အတူကျ ပြီး အတူသွားကြဖို့ အတူလက်မှတ် လာဝယ်ကြတာပါ။ သူတို့ကြည့်ရတာ တက်ကြွပြီး ပျော်ရွှင်နေကြပါတယ်။ ဒါပေမယ့် သူတို့ အထဲမှာ တစ်ယောက်က ပါမစ်လျှောက်တာ နည်းနည်း နောက်ကျ သွားလို့ နောက် တစ်ရက် နှစ်ရက် နေမှ ကျမှာ ဖြစ်ပါတယ်။ ဒါပေမယ့် သူကလဲ သူငယ်ချင်း တွေ အမျိုးတွေ နဲ့ အတူသွားချင်လို့ လေယာဉ်လက်မှတ် တခါတည်း လာဝယ်တာပါ။ သူတစ်ယောက် အတွက်က လွဲ လို့ ပါမစ် ပါသူ အားလုံးလေယာဉ် လက်မှတ် အသွား တစ်ကြောင်း (one way) ပဲထုတ်စရာ လိုပါတယ်။ သူက တော့ အသွားအပြန် လက်မှတ် ၀ယ်ရတယ်ပေါ့။ သူ့နာမည်က ကိုဇော်မိုး လို့မှတ်မိပါတယ်။ ဒါတွေ ကျနော် အစက မသိခဲ့ပါဘူး။

မန်နေဂျာလုပ်သူ က အံဆွဲ ထဲက သားရေပင်နဲ့ စည်းထားတဲ့ လေယာဉ်လက် မှတ် အလွတ် ထုတ်ထဲ က ဆွဲ ထုတ် ပြီး အဲဒါတွေရေး ဆိုပြီး လှမ်းပေးပါတယ်။ အဲဒီ အထဲမှာ အသွားအပြန်လက်မှတ် (Round Trip Ticket) က ကိုဇော်မိုး အတွက် တစ်စောင်ထဲပါ။ ကျနော်က သွက်လက် တက်ကြွနေသူဆိုတော့ ကျနော် ရေးမယ် ဆိုပြီး ယူရေးလိုက်ပါတယ်။ အားလုံးရေးပြီး တော့ နာမည်စာလုံးပေါင်းမှန်မမှန် ပြန်စစ်ကြည့်ပါတယ်။ အားလုံး မှန်တယ် ဆိုတာ သိရတော့ ကာယကံရှင်တွေကို နာမည်ခေါ်ပေးပြီး စစ်စေပါတယ်။ သူတို့အားလုံးလဲ ကိုယ့် နာမည် မှန်မမှန် စစ်ကြည့် ပြီး စိတ်တိုင်းကျ တော့မှ ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး ပြန်သွားကြပါတယ်။ ရက်အနည်းငယ် အတွင်း နိုင်ငံခြား သွားကြတော့ မယ့်သူတွေ ဆိုတော့လဲ ပျော်ရွှင် တက်ကြွနေပေမပေါ့။

ဒီလို့နဲ့ စနေနေ့ ခရီးသွား လုပ်ငန်းတွေ အားလုံး ထုံးစံ အတိုင်း နေ့တ၀က် ပဲဖွင့်တာ ဖြစ်လို့နေ့လည် ရုံးက အပြန် အိမ်မှာ ခနနားနေ တုန်း ညနေ ပိုင်း မှာ ကျနော့် အိမ်ကို ဖုန်းဝင်လာပါတယ်။ ဖုန်းဆက်လာ သူက မန်နေဂျာ ဖြစ်ပါတယ်။ အကြောင်းက နိုင်ငံခြားက ပြန်လာသူ တစ်ဦးက ဒေါသတကြီး ရုံးကို ရောက်အလာ။ ရုံးက ပိတ်နေ။ မန်နေဂျာ အိမ် ကိုစုံစမ်းပြီး ရောက်ချလာပါတယ်။ ဖုန်းထဲ ကပြောတဲ့ မန်နေဂျာ မမရဲ့ အသံကိုကြားရတာ ကျနော့် ခေါင်းကို မိုးကြိုး ပစ်ချလိုက်သလိုပါပဲ။

ကံဆိုးချင်တော့ ကိုဇော်မိုး အတွက် ဖြစ်ရမယ့် အသွားအပြန်လက်မှက်ကို သူတို့ အထဲက ပါမစ်ရပြီးသား တစ်ယောက် အတွက်ရေးလိုက်မိ ပြီး၊ ပါမစ် မကျသေးတဲ့ ကိုဇော်မိုး အတွက် ကိုတော့ one way လက်မှတ် ရေးပေးလိုက်မိပါတယ်။ ဒါကို ကျနော်အပါ အ၀င် ဘယ်သူမှ သတိမထားလိုက် ကြပါဘူး။ ထုံးစံ ဆိုရင် ရန်ကုန်လေဆိပ် မှာကတည်းက သူ ကျန်နေခဲ့ရမှာပါ။ ဒါပေမယ့် သူကစင်္ကာပူ အထိ ပါသွားပြီး စင်္ကာပူ အင်မီဂရေးရှင်းမှာ ပြဿနာ တက်ပါတယ်။ သူနဲ့ သွားတဲ့ သူ့အမျိုးတွေ သူငယ်ချင်းတွေ အားလုံး ၀င်လို့ရ သွားပြီး သူတစ်ယောက် တည်းသာ ၀င်လို့မရပဲ ကျန်နေခဲ့ပြီး ရန်ကုန်ကိုပြန်တဲ့ လေယာဉ်ပေါ် ပြန်တင်ပေးလိုက်ပါတယ်။ ဒါတင်မကသေး ပဲ ရန်ကုန်လေဆိပ်က လူဝင်မှု့ကြီးကြပ်ရေးက အရာရှိ ကျေးဇူးရှင် တွေက ပါဝါကုန် သုံးပြီး ပတ်စပို့ ကိုပါ သိမ်းထားလိုက်ပါတယ်။

ကိုဇော်မိုး အတွက် တော့ ဖြစ်သမျှ အကြောင်း အရာအားလုံးဟာ ပေါက်ကွဲ စရာချည်းပါ။ ပတ်စပို့ အသိမ်းခံလိုက်ရ တာ အဆိုးဆုံး ဖြစ်ပါတယ်။ လေဆိပ်ကနေ ချက်ချင်း ကားငှားပြီး ခရီးဆောင်အိတ်ကို တင်။ မှော်ဘီက အိမ်ကို မပြန်သးပဲ လေယာဉ်လက်မှတ် ၀ယ်ခဲ့ရာ ကုမ္ပဏီကို လာရှင်းတာပါ။ အသွားအပြန်လက်မှတ် ၀ယ်ခဲ့ရဲ့ သားနဲ့ one way ပဲရေးပေးလိုက်တဲ့ သူကို ပြဿနာ လာရှာတာပါပဲ။ သူမှတ်မိ နေပါတယ်။ အဲဒီကုမ္ပဏီက ချာတိတ်တစ်ကောင် ပြာယာခတ်ပြီး ရေးပေးလိုက်တယ်ဆိုတာ။ အဲဒီအချိန်မှာ သာ သူ့ကို တွေ့လိုက်ရင် တော့ လုံးဝ မသက်သာ ပါဘူး။ ဖြစ်ချင်တော့ အဲဒီနေ့ ဟာ စနေနေ့ ဖြစ်ပြီး နေ့တစ်ဝက်ဆိုတော့ သူရောက်သွားချိန်မှာ ဘယ်သူမှမရှိတော့ပါဘူး။

ပြန်ဆက်ရရင် ကုမ္ပဏီ ကမန်နေဂျာမမ က တော်ပါတယ်။ တာဝန်မဲ့ စကားလုံးဝ မပြောပဲ ဖြစ်သမျှ ကိစ္စအတွက် စိတ်မကောင်းပါကြောင်း၊ လေယာဉ်လက်မှတ် အသစ် အစားပြန်ပေးမယ့် အကြောင်း၊ ပတ်စပို့ အသစ်လျှောက်ဖို့လဲ အကူအညီ ပေးပါမယ့် အကြောင်း ပြောဆိုပြီး နှစ်သိမ့် လိုက်ပါတယ်။ အဲဒီအားလုံးရဲ့ တာဝန်က ကျနော့် အပေါ်ကျပါတယ်။ မန်နေဂျာ မမရဲ့သူငယ်ချင်း ပြည်ထဲရေးက အရာရှိ က ကူညီပေးလို့ ပတ်စပို့ အမြန်ပြန်ကျပါတယ်။ ပတ်စပို့ရုံး ဟိုပြေးဒီပြေး၊ ဖောင်ဖြည့်၊ လျှောက်လွှာတင်၊ တန်းစီ၊ မိတ္တူကူး စတဲ့ အလုပ်တွေ အကုန် ကျနော်လုပ်ရပါတယ်။ ကိုဇော်မိုးက ပတ်စပို့ရုံးနားက လက်ဖက်ရည်ဆိုင်မှာ ပဲထိုင်စောင့်ပါတယ်။ တစ်ရက်နှစ်ရက် ကျနော့် ကို မကြည်လို့ စကားလုံးဝ မပြောပါဘူး။ ထမင်းချိုင့် က ရုံးမှာ ထားခဲ့ရတာ ဆိုတော့ ထမင်းငတ်၊ ရေငတ်ပါပဲ။ ပတ်စပို့ကိစ္စ အဆင်ပြေ တဲ့လမ်းစ တွေ့လာတဲ့ တဲ့နောက်ပိုင်း မှ သူ ကျနော့် ကို စကားစပြော ပြီး တဖြည်းဖြည်း သူ့အကြောင်းကိုယ့် အကြောင်းသိလာပြီး နားလည်လာကြပါတယ်။

ကလေးရှိတဲ့ အိမ်ထောင်သည် ကိုဇော်မိုး ဟာ တကယ်တော့ ဆေးလိပ်ခုံ ပိုင်ရှင်ပါ။ စင်္ကာပူကို သွားရင် ပို အဆင်ပြေနိုင်တယ် ဆိုပြီး ဆေးလိပ်ခုံကို ရောင်း ချပြီး စင်္ကာပူ ကိုသွား ဖို့ စီစဉ်ခဲ့တာပါတဲ့။ သူ့ အတွက် ကဘုရင့်နောင် ဖောင်ဖျက် သလိုမျိုး ဖြစ်လို့ ဘာတစ်မှ အမှားမခံနိုင်တာပါတဲ့။ ဖြစ်ခဲ့တဲ့ ကိစ္စမှာ သူ ပြန်သုံးသပ်ကြည့် တာက တာဝန်ရှိသူက သူ့လေယာဉ်လက်မှတ် ကိုသီးခြား ခွဲထုတ် ပြီးရေးခိုင်းစေခဲ့ရင် ပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် လက်မှတ်ရေးတဲ့ ညီငယ်ကသာ သေချာ စီစစ်ပြီးမှ ရေးခဲ့ရင်ပဲ ဖြစ်ဖြစ်ဒီလို ကိစ္စမျိုး လုံးဝ ဖြစ်မလာ နိုင်ပါဘူးတဲ့။ ဒါပေမယ့် တာဝန်ယူတတ်တဲ့ ကုမ္ပဏီ ဖြစ်လို့ သာ ပတ်စပို့ ပြန်ကျပြီး လေယာဉ်လက်မှတ် တစောင်ပြန်ပေးလို့သာ သူ့ အနေနဲ့ ဘ၀ပျက်လုနီး မဖြစ်တာပါတဲ့။

အနှစ်ချုပ်ရ ရင် ကိုဇော်မိုး က အဆင်ဆင်ပြေပြေနဲ့ စင်္ကာပူ ကိုပြန်ဝင် သွားပါတယ်။ ကျနော့် အတွက် တော့ အလုပ်လုပ်ရင် စေ့စပ်သေချာ စွာလုပ်ရမယ် ဆိုတဲ့ တန်ဖိုးကြီး သင်ခန်းစာ တစ်ခု ရသွားပါတယ်။ ။


Photo Credit to: ulcercity.blogspot.com


14 comments:

အင်္ဂါဟူး said...

အမှားချင်ရင် အလုပ်မလုပ်နဲ့ ဆိုတာလေး ပြန်မှတ်သွားသေးတယ်ကွယ်။

အဖြူရောင်နတ်သမီး said...

ဖြစ်တတ်ပါတယ်..
လူတိုင်းအမှားနဲ့မကင်းကြပါဘူး..
အမတို့လည်း တခါတလေ မှားတာပါပဲ..
ခနခန အမှားမလုပ်မိအောင်တော့ ဂရုစိုက်ရတာပေါ့..။
မရောက်တာကြာလို့ လာလည်သွားပါတယ်၊ အလုပ်တွေမအားဘူး...း(

ညိမ်းနိုင် said...

တော်သေးတာပေါ့ဗျာ....အဆင်ပြေသွားလို့...။
ဖြစ်တတ်ပါတယ်လေ...။ကျွန်တော်လည်း အင်မတန်မှား
တတ်တယ်...။ပြာယာခတ်နေလို့....:)။ ခုထိတော့ ကြီးကြီး
မားမားမရှိသေးလို့တော်သေး...။

မြစ်ကျိုးအင်း said...

ကုမ္ပဏီကတာဝန်ယူပေးလို့ တော်သေးတယ်ပေါ့။ နိင်ငံရပ်ခြားကို ရှိသမျှ ပုံအောပြီး သွားကြတဲ့ ကိုယ့်လူမျိုးတွေ ဘယ်နှစ်ယောက်တောင် အိမ်မက်တွေ ပျက်ခဲ့မလဲ ဆိုတာ တွေးမိသွားသေးတယ်။

ကိုဇော် said...

ဒီလို တာဝန်ယူပေးတတ်တဲ့ ကုမ္ပဏီနဲ့တွေ့ရတာ တော်တော်ကံကောင်းသွားတာပါပဲ။ အရာရာ အဆင်ပြေပါစေဗျာ။

စော(အဝါရောင်မြေ) said...

အဲဒီ ကုမ္ပဏီက တာဝန်ယူလို့  သာပေါ့။
ဒီမှာတော့ အထက်လူကြီးတွေ တာဝန်မယူ၊ သူများတွေအပေါ် အပြစ်ပုံချလို့  တော်တော် စိတ်ညစ်ရတယ်။ သူမှားလဲ ကိုယ်၊ ကိုယ်မှားလဲ ကိုယ်လေ။
သူအတွက်တော့ အဆိုးထဲက အကောင်းပေါ့။

Anonymous said...

အမှားကို တာဝန်ယူတတ်သူ
အမှားထဲမှ သင်ခန်းစားယူတတ်သူတွေဟာ ချီးကျူးဖို့ ကောင်းပါတယ်။ ကိုယ်တိုင်လည်း အဲဒီလို လူစားထဲက တစ်ယောက် ဖြစ်ချင်မိပါတယ်။ ကြိုးစားပါဦးမယ်


ချော(အစိမ်းရောင်လွင်ပြင်)

မောင်မောင် said...

ဟောဗျာ ခင်ဗျားဆီမယ် လေယဉ်လက်မှတ် လာဝယ်မလား လို့  စဉ်းစားထားတာ ခုတော့ဗျာ
ကျွန်တော့် ကို လဲ တော်ကြာ ၀မ်းဝေး ရောင်းမှာစိုးလို့ 
စဉ်းစား ဦးမယ် နော်.......
အေးဗျာ အမှားထဲ က သင်ခန်းစာပေါ့နော်.. ကိုဇော်မိုး
ကတော့ အတော်တင်းမှာဗျို့ ...

ကိုအောင်(ပျူနိုင်ငံ) said...

ကုမ္ပဏီ ကောငုး၏ ...

ချစ်ကြည်အေး said...

တင်ကတည်းက လာဖတ်တယ် ကိုသောမတ်စ်ရဲ့၊ ဖုန်းနဲ့ဖတ်တာမို့ ခုမှ လာမန့်ရတယ်။ တော်သေးတာပေါ့ ရန်ကုန် စင်္ကာပူ တင်မို့လို့၊ အနောက်ဖက်တွေ ထရန်စစ်လုပ်ရမဲ့ ခရီးဆို ရှုပ်ကုန်မယ်။ နောက်တခါမမှားစေနဲ့ ၊ အမသာ သူဋ္ဌေးမဆိုလို့ကတော့ ဘာမှတော့ မပြောတော့ဘူး ၁၀ပေါင်တူတချောင်းပဲ လက်ကကိုင်ထားမယ်။ ဟဟဟဟ နောက်တာ....:))

SHWE ZIN U said...

မှားတဲ့ အခါလည်း မှားပေမပေါ့ ကိုတွတ်ပီ ရေ အဲ ကိုအေအေတူအို ရေ

blackcoffee said...

တော်သေးတာပေါ့ ပြန်အဆင်ပြေသွားလို့ ။ အလုပ်လုပ်ဖို့ ထွက်လာတဲ့ လူတွေတိုင်း ဘယ်သူမှ အပျော်ထွက်လာတာ မဟုတ်တဲ့ အတွက် အတိမ်းအစောင်း မခံနိုင်ကြပါဘူး။ ဒါပေမယ့် မမှားဘူးတဲ့ သူတော့ မရှိပါဘူးလေ...

ဟန်ကြည် said...

ကောင်းတယ်ဗျာ...ဖတ်ပြီးတော့ ကိုယ်နဲ့ တော်တော်ကိုဝေးတဲ့ ခရီးသွားလုပ်ငန်းပိုင်းဆိုင်ရာ ဗဟုသုတတွေ ရလိုက်တယ်...ကျေးဇူး...

Anonymous said...

Hi Brother,
Whatever you was wrong in the past, you will be improved and more exceptional day by day as long as you take all your mistakes as lessons.. Really admire you coz you're brave enough to admit what you have done wrong.
Cheers, brother!!!!

License

License
Thank you very much for visiting my blog. I really do. I am trying to write and share my knowledge, experience,information etc etc. I would be very much appreciated for your either encouraging or critical comments to my any post. Furthermore, some photos herein the posts are not mine and perhaps some information too. However I always try to credit or mention the courtesy of the respective owner and/or where I got it from. Anyway please leave your message anything regards to my blog or if you want to use any part of information from my blog. I would follow up thereafter your message, accordingly.
Contact: thomasjrlatt@gmail.com