Sunday, May 15, 2011

ပုံပြင်ကလေးများ နှင့် ခရီးသွားခြင်း

လွန်ခဲ့တဲ့ ဆယ်နှစ်ခန့်ကပါ။ ခရီးသွားလုပ်ငန်း ကုမ္ပဏီ တစ်ခုကနေ စိတ်ကုန်လို့ အလုပ်ထွက် ထားကာစလဲ ဖြစ်ပါတယ်။ ဘိုင်ပြတ်နေလို့ ရန်ကုန်မြို့ ဆင်ခြေဖုံး မြို့နယ် တစ်ခုမှာ ဖွင့်ထားတဲ့ ညီမဖြစ်သူရဲ့ ဆေးဆိုင်လေးမှာ ကပ်ပြီး ကူရောင်း နေရပါတယ်။ ဘီယာဖိုးလေး နှိုက်လိုက်၊ ဆေးလိပ်ဖိုးလေး နှိုက်လိုက် လောက် တော့ရပေမယ့် အများကြီး တော့ယူလို့မရပေဘူးပေါ့။ ညနေစောင်း တစ်ခုမှာ ဆေးဆိုင်လေးမှာ ထိုင်နေစဉ်မှာ သူငယ်ချင်း ဂိုက်တစ်ယောက် ရောက်လာပါတယ်။ သူ ခရီးစဉ် နှစ်ခုဖြစ်နေလို့ တစ်ခုကို ကျနော့် ကိုလိုက် ပေးဖို့လာပြောတာပါ။ ကျနော်ဟာ ဧည့်လမ်းညွှန်သင်တန်းဆင်း တစ်ယောက်ဖြစ်ပေမယ့် ကျနော် ဧည့်လမ်းညွှန်အဖြစ် ဂိုက်လိုက်ခဲ့တဲ့ ခရီးစဉ်ဟာ ပြောပလောက် အောင်မရှိပါဘူး။ ဂိုက်မလိုက်ပဲ ခရီးသွားကုမ္ပဏီတွေမှာပဲ အလုပ်လုပ်သူဖြစ်ပါတယ်။ ဒါပေမယ့် အခုလို အချိန်မျိုးမှာ တော့ သူလာပေးတဲ့ အခွင့်အရေးဟာ ရွှေ ပါပဲ။ ချစ်သူငယ်ချင်းက ဂိုက်ကြေး ကိုတော့ထုံးစံ အတိုင်း ပေးတာမဟုတ်ပါဘူး။ ကျနော့် အတွက်တော့ ဘာပဲဖြစ်ဖြစ် စိတ်ပြေလက် ပျောက် ခရီးထွက်ရ ပြီး စားပြီးသောက်ပြီးစားရိပ်ငြိမ်း အပြင် ပိုက်ဆံလဲ အတိုင်းအတာ တစ်ခုလောက်ထိရတော့ ချက်ချင်းဆိုသလို မီးစိမ်းပြ အဖြေပေးလိုက်ပါတယ်။ (နောက်ပိုင်းမှာ သူပေးတဲ့ ခရီးစဉ် အနည်းငယ်ခန့် အလုပ်မရခင်စပ်ကြား ဆက်တိုက် ဆိုသလို လိုက်ဖြစ်ခဲ့ပါတယ်)။

ခရီးထွက်ဖို့ အိမ်ကို အမြန်ပြန်ပြီး ခရီးထွက်ဖို့ အတွက်ပြင်ဆင်ရပါတယ်။ ခရီးဆောင်အိတ်တစ်လုံးထဲမှာ ဂိုက်တစ်ယောက် အတွက်မပါမဖြစ် တိုက်ပုံ၊ အနွေးထည်၊ ရှမ်းဘောင်းဘီ၊ နှိုးစက်၊ သွားပွတ်တံ အပြင် ခရီးစဉ်တစ်လျှောက် ရှင်းပြဖို့ (running commentary) လုပ်ဖို့ စာအုပ်တချို့ ကိုပါမမေ့မလျော့ သယ်ရပါတယ်။ အစီအစဉ် အရ ကျနော့် သူငယ်ချင်းဟာ ကားတစ်စီးနဲ့ ရောက်လာပြီး ကျနော် နဲ့ အတူခရီးထွက်ရမယ့် ဒရိုင်ဘာ နဲ့မိတ်ဆက်ပေးပါတယ်။ (နောက်မကြာခင်မှာ အဲဒီ ဒရိုင်ဘာနဲ့ သူငယ်ချင်းအရင်း တွေလိုခင်သွားပြီး ခရီးစဉ်တော်တော်များများ အတူထွက်ဖြစ်ပါတယ်)။ ပြီးတော့ ဧည့်သည် ကို မြို့ထဲ ကဟိုတယ်မှာသွား ကြိုပြီး တဲ့အခါမှာ သူငယ်ချင်းကတော့ နောက်ကားတစ်စီးနဲ့လေဆိပ်မှာ သူ့နောက်ဧည့်သည် ကိုသွားကြိုပါတော့တယ်။


ကျနော့်ဧည့်သည် ဟာစုံတွဲဖြစ်ပါတယ်။ အမျိုးသမီးက ဆွစ်ဂျာမန်လူမျိုး ဖြစ်ပြီး အမျိုးသားကတော့ ဂျာမန်လူမျိုးစစ်စစ် ပါ။ ယျေဘုယျအားဖြင့် ဂျာမန်လူမျိုးတွေ နဲ့ ဆက်ဆံရတာ မလွယ်ပါဘူး။ အချိန်တို အတွင်းမှာ ခင်ခင်မင်မင် အဆင်ပြေပြေ ဖြစ်ဖို့ ပိုပြီးတော့ ခက်ခဲပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ခရီးစဉ် ဆယ်ငါးရက် လုံးလုံး အဆင်ပြေအောင် တော့လုံးပမ်းရမှာ ပဲဆိုတဲ့စိတ်နဲ့ ကိုယ့်ကိုယ်ကို အားပေးရပါတယ်။ ခရီးစဉ် အရ ကျိုက်ထီးရိုးကို ဦးတည်နေပေမယ့် ပဲခူး ကိုအရင်ဝင်ရပါတယ်။ ပဲခူး မှာ ပြစရာရှိတာ ပြလည်စရာရှိတာ လည်ပြီးတဲ့ အခါမှာတော့ ဂိုက်နဲ့ ဧည့်သည် တစ်ယောက်အကြောင်း တစ်ယောက်သိသွားပါပြီ။ ကျနော့် ဧည့်သည်အမျိုးသားဟာ လူလတ်ပိုင်းဖြစ်ပေမယ့် အင်္ဂလိပ်လို သိပ်ကျွမ်း ကျွမ်းကျင်ကျင်မတတ်ပါဘူး။ ဂျာမန် လူမျိုးကြီးစိတ်ရှိသူတစ်ဦးဖြစ်ပြီး ဥာဏ်ရည်မမီ ကလေးများ အတွက်သူကိုယ်ပိုင်တည်ထောင်ထားတဲ့ ကျောင်းရဲ့ ကျောင်းအုပ်ဆရာကြီးဖြစ်ပါတယ်။ အမျိုးသမီးကတော့ ဆွစ်လူမျိုးတို့ထုံးစံ အတိုင်း အင်္ဂလိပ်၊ ဂျာမန်၊ ပြင်သစ်၊ အီတလျံ လေးဘာသာ ကိုအသာလေးပြော တတ်ပါတယ်။ သူကတော့ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ တစ်ခုမှာလုပ်တယ်လို့ပဲပြောပါတယ်။ သူတို့ နှစ်ယောက်မှာ တူတဲ့ အချက်ကတော့ အင်မတန်စေ့စပ်သေချာပြီး၊ အသုံးအစွဲ အင်မတန်ကျစ်လျစ်ကြတာပါပဲ။ သူတို့ အာရှတိုက် ကိုခရီးထွက်လာတာ နှစ်လ ရှိပါပြီ။ မြန်မာပြည်မှာ ဗီဇာပေးသလောက် နှစ်ဆယ့်ရှစ်ရက်နေပြီးရင် အင်ဒိုချိုင်းနား နိုင်ငံတွေ ကိုခရီးဆက်ဦးမှာပါ။ အမျိုးသမီးဖြစ် သူနဲ့က ပိုပြီးဆက်ဆံလို့အဆင်ပြေပါတယ်။ တခါတခါမှာ သူက အမျိုးသားဖြစ်သူကို သူကပဲဂျာမန်လို ပြန်ရှင်းပြလေ့ရှိပါတယ်။ ပဲခူး မှာ ခဏသာဝင်ရတာ ဖြစ်ပြီး ကျိုက်ထီးရိုးကို ခရီးဆက်ပါတယ်။ ကျိုက်ထီးရိုး မှာ တစ်ညသာ အိပ်မှာ ဖြစ်လို့ ရှင်းစရာ ရှိတာရှင်း၊ ပြစရာ ရှိတာ မမှောင်ခင် အကုန်ပြထားရပါတယ်။ အမှန်က ရသေ့တောင် ကနေလမ်း လျှောက် ပြီးတက်လာကြရတာ ဖြစ်လို့ ဧည့်သည်ရော ဂိုက်ရော တော်တော်ပမ်းနေပါပြီ။ ဒါပေမယ့် ကျနော် ကတော့ "အဲဒါကဘာလဲ" ဆိုတဲ့ မေးခွန်း ကိုပဲ မေးစေပါတယ်။ "ဘာကြောင့်လဲ၊ ဘာဖြစ်လို့လဲ" ဆိုတာဆက်မေးစရာ မလိုရ အောင် တောက်လျှောက်ရှင်းပြပါတယ်။ သူတို့ အတွက် ကတော့ မြင်မြင်သမျှဟာ အထူအဆန်းချည်းပဲ မို့ သိချင်စရာ တွေချည်းပဲ ဖြစ်နေပါတယ်။ ဧည့်သည် မမေးပေမယ့်လဲ ရှင်းသင့်တာရှင်း၊ ပြသင့်တာ ပြရမှာပါပဲ။ နောက်ပြီးကျနော့် ရဲ့အကျင့်က အကြောင်းတိုက်ဆိုင်တိုင်း ပုံတိုပတ်စ လေးတွေ ထည့်ထည့် ပြောရင်း လျှာရှည်လေ့ရှိပါတယ်။ အဲဒီလို ပုံတိုပတ်စ လေးတွေအပြင် ရောက်ရှိရာ ဒေသရဲ့ သမိုင်းကြောင်းနဲ့ ဧည့်သည်စိတ်ဝင်စားလောက်မယ် ထင်ရင် နောက်ခံ ဒဏ္ဍာရီ ကလေးတွေကို ပြောလေ့ရှိပါတယ်။ အဲဒီလို တောက်လျှောက် ပေါက်ပေါက်ဖောက်နေသလို ပြောရင် ဒီ ဧည့်သည်တွေကြိုက်ပါ့မလား၊ ကလေးကလားပုံတို ပတ်စ တွေပြောရင်ရော သဘောကျပါ့မလားဆိုတာ ကိုယ့်ဖာသာ တွေးမိလာပါတယ်။ ကျိုက်ထီးရိုးဘုရား ရင်ပြင်တော်ပေါ်မှာ နေ၀င်ချိန်ရှုခင်း ပြရင်း နားတဲ့ အခါကျမှ ဧည့်သည် တွေရဲ့သဘောထားကို မေးရပါတယ်။ အဲဒီအခါမှာ ဧည့်သည်နှစ်ယောက်စလုံး က ပြာပြာသလဲ ကျနော် ရှင်းပြတာတွေ (commentary & presentation) ကိုသဘောကျတဲ့ အကြောင်းပြောပါတယ်။ ဧည့်သည်အမျိုးသားက ပုံတိုပတ်စ တွေဟာ သူ့အတွက်အရေးကြီး ပါတယ်..လို့ ထူးထူးခြားခြားဝင်ပြောပါတယ်။ တကယ်ဆိုရင် သူ စကားနည်းတာကို တော့ သတိပြုမိပြီးသားပါ။ ဧည့်သည်က စကားများတာ ကြိုက်တယ်ဆိုတော့ ကျနော်လဲ အရှိန်မလျှော့တော့ဘူးပေါ့။

ခရီးစဉ်ကို အတိုချုပ်ရရင် ကျိုက်ထီးရိုး မှာ တစ်ညသာအိပ်ပြီး တောင်ငူမှာ တစ်ည၊ ကလော မှာနှစ်ည (ပလောင်ရွာတွေကို နေခြင်းပြန် ခြေလျင်ခရီး တစ်ရက်)၊ နောက် ပင်းတယ ကိုဝင်လည် ပြီးအင်းလေးမှာ သုံးည အိပ်ပြီး မန္တလေး ကို ဆင်းပါတယ်။ မန္တလေးမှာ နှစ်ညအိပ်ပြီး အမရပူရ၊ အင်းဝ၊ စစ်ကိုင်း၊မင်းကွန်း အစုံပြရပါတယ်။ ခရီးစဉ် တစ်လျှောက်လုံးမှာ အခြေအနေအချိန်အခါနဲ့ အကြောင်းအရာ တိုက်ဆိုင်တိုင်း ငယ်ငယ်က ဖတ်ဖူးတဲ့ လူထုဦးလှ ရဲ့ တိုင်းရင်းသားရိုးရာ ပုံပြင်တွေ၊ မြန်မာ့ကျေးလက်ဒေသပုံပြင်တွေ အပြင်ကြားဖူးနားဝ ပုံတိုပတ်စ တွေ ပြောလာ လိုက်တာ "ဆိုင်ကယ်နှစ်စီး အပြိုင်စီး လာတာအလယ်ကရှောင်တယ်" ဆိုတဲ့အကြောင်း တွေပါပြောဖြစ်ပါတယ်။ မန္တလေး ကနေ မနက်စောစော ထပြီး ရွှေကိန္နရီ သင်္ဘော ကိုစီးပြီး ပုဂံကိုဆင်းပါတယ်။ မနက် ငါးနာရီက မန္တလေး ကနေစုန်ဆင်းလာတဲ့ ရွှေကိန္နရီ သင်္ဘောဟာ ညနေ သုံးနာကျော်မှ ဗူးဘုရား နားက ယာယီ သင်္ဘောဆိပ်မှာ ဆိုက်ပါတယ်။ ဧရာဝတီ မြစ်ကြောင်း တစ်လျှောက် တစ်နေကုန်လောက် နီးနီး စုန်ဆင်းလာတဲ့ ခရီးတစ်လျောက်မှာ လဲ ပြောလိုက်ရတဲ့ အကြောင်း အရာပေါင်းစုံဟာလဲ မကုန်နိုင်အောင်ပါပဲ။

ပုဂံက တော့ ဧည့်လမ်းညွှန်တွေ အတွက် ဖိုင်နယ်စာမေးပွဲ တစ်ခုလိုပါပဲ။ ပုဂံနဲ့ ပတ်သက်ပြီး ပြောစရာ တွေက တစ်ထောင့်တစ်ည ကုန်နိုင်ဖွယ် မမြင်ပါဘူး။ ဧည့်လမ်းညွှန်တစ်ယောက်ရဲ့ တာဝန်ဟာ သမိုင်းကြောင်းကို မှန်နိုင်သမျှ အမှန်ဆုံး အချက်အလက် နဲ့တကွ ရှင်းပြရသလို ဌာနေတို့ရဲ့ ယုံကြည်ရာ ပါးစပ်ရာဇ၀င်တွေ၊ ဒဏ္ဍာရီ တွေကိုလဲ ပြောပြရပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ပုံပြင်တွေ၊ ဒဏ္ဍာရီ တွေ ကနေ သင်္ခန်းစာ ယူစရာ ကတော့ အများသားကလား။ အစီအစဉ်အရ ပုဂံမှာ နှစ်ည အိပ်ပြီး ရင် ဧည့်သည်တွေဟာ နောက်တစ်နေ့ မနက်စောစောလေယာဉ်နဲ့ သံတွဲလေဆိပ်ကတဆင့် ငပလီကို သွားရမှာ ဖြစ်ပါတယ်။ ငပလီကအပြန် တခါတည်း ထိုင်းနိုင်ငံဘန် ကောက်ကို ခရီးဆက်မှာ ဖြစ်ပါတယ်။ ကျနော်နဲ့ ရန်ကုန်မှာ ထပ်တွေ့ဖို့ မရှိတော့ပါဘူး။ နောက်ဆုံးည အဖြစ် နှုတ်ဆက်တဲ့ အနေနဲ့ ညစာ အတူစားဖို့ ဖိတ်ပါတယ်။ ညစာစားရင်းနဲ့ ဧည့်သည်အမျိုးသား က မှတ်စုစာအုပ်ကလေးထုတ်ပြီး ခရီးစဉ်နဲ့ ပတ်သက်ပြီး ဝေဖန်ပါတယ်။ ခရီးစဉ်၊ ဟိုတယ်၊ အစားအသောက် ၊ ကား၊ ဒရိုင်ဘာ စသည်ဖြင့် ခြုံငုံပြီး စိတ်တိုင်းကျစရာ ခရီးစဉ်ဖြစ်တဲ့ အကြောင်းပြောပါတယ်။ ဧည့်လမ်းညွှန် နဲ့ပတ်သက်ပြီး ဝေဖန်ရရင် တော့ ၀န်ဆောင်မှု့ သိပ် မကောင်းပါဘူးတဲ့။ ကျနော့် မျက်နှာ ဘယ်နားသွားထားရမှန်းမသိ အောင်စိတ်အနှောက်အယှက်ဖြစ်ရပါတယ်။ ဒါပေမယ့် ကျနော်ဟာ ပုံပြောကောင်းတဲ့သူပါတဲ့ ။ မထင်မှတ်တဲ့ နောက်တစ်ချက်က တော့ခရီးစဉ် တစ်လျှောက် နေ့ပိုင်းမှာ ကျနော် ပြောသမျှ ပုံပြင်တွေကို ညဖက်ရောက်ရင် မှတ်မိသလို မှတ်စု ပြန်ထုတ်ပါသတဲ့။ မနေ့ညကအထိ သူမှတ်ထားတာ ကျနော် ပြောသမျှပုံပြင် ပေါင်း လေးဆယ့်လေးပုဒ် လက်ရွေးစင် ရပါသတဲ့။ အဲဒီနောက်မှာ Deutche Bank တံဆိပ် နဲ့ စာအိတ်နှစ်လုံး ထုတ်လာ ပြီး တအိတ်ကို ကျနော့် ဒရိုင်ဘာအတွက်၊ နောက်တစ်အိတ် ကို ကျနော့်အတွက် ဆိုပြီးပေးပါတယ်။ ပြီးတော့ ပုံပြင်တစ်ပုဒ်ကို ငါးဒေါ်လာ နှုန်းနဲ့ လေးဆယ့်လေးပုဒ်အတွက် ဒေါ်လာနှစ်ရာ့ နှစ်ဆယ်ပေးတဲ့ အကြောင်းရှင်းပြပါတယ်။ ပိုက်ဆံ နည်းနည်းနဲ့ တန်ဖိုးဖြတ်တယ်လို့ မထင်စေလိုကြောင်း၊ ဒါ့ထက်ပိုပြီး ချီးမြှင့်လိုပေမယ့် ခရီးထပ်သွားရ ဦးမှာ ဖြစ်တဲ့ အတွက် ငွေသားလက်ကျံ အနည်းငယ်သာချန်ပြီး ပေးလိုက်ခြင်းဖြစ်ကြောင်းပြောပြပါတယ်။ ကျနော့် အတွက်ကတော့ ပုံပြင်လေးတွေပေးတဲ့ ဆုလာဘ်အတွက် ၀မ်းမြောက်ဝမ်းသာဖြစ်ရသလို ဧည့်လမ်းညွှန်ဝန်ဆောင်မှု့ သိပ်မကောင်း ဘူးဆိုလို့ စိတ်မကောင်း ဖြစ်ရပါတယ်။ အမှန်တကယ်တော့ အဲဒီဧည့်သည်တွေ ဟာ ဧည့်လမ်းညွှန် တစ်ယောက်နဲ့ မဟုတ်ပဲ ပုံပြင်ကလေးတွေ နဲ့ ခရီးသွားခဲ့လို့ပါပဲ။


ဒုတိယပိုင်း ဖျောက်ထားမည့်စာ
ဒုတိယပိုင်း ဖျောက်ထားမည့်စာ

11 comments:

SHWE ZIN U said...

ပုံပြောကောင်းတဲ့ မောင် ပါလား
ပုံပြင် တပုဒ် ၅ဒေါ်လာ ဆိုတော့ မြန်မာ စံချိန်နဲ့တော့ မိုက်ပါတယ်
တော်တော်လည်း သစ္စာရှိတဲ့ နိုင်ငံကြီးသားတွေဘဲ

Ree Noe Mann said...

ပုံပြင်တွေ ကျနော်လည်း နားထောင်ချင်မိပါ၏။

တစ်ယောက်မျက်နှာ တစ်ယောက်မကြည့်ပဲ
အားမနားစွာနဲ့ ဧည့်လမ်းညွှန်းကို ဝန်ဆောင်မှု
မကောင်းဘူးလို့ ပြောတာကိုတော့ အားကျမိတယ်။

ကျနော်ဆိုရင်တော့ လူကို ရှေ့ထားပြီး မင်းညံ့လိုက်တာလို့
ပြောနိုင်လိမ့်မယ်မထင်။ အားနားလို့.......

ကျနော်လည်း ခရီးသွားခဲ့မယ်ဆိုရင် အကို့လို ပုံပြောတက်တဲ့ ဂိုက်ပဲ ငှားမိမယ်ထင်.....။

ချော(အစိမ်းရောင်လွင်ပြင်) said...

ဘယ်လိုဘဲဖြစ်ဖြစ် ခုလို ပုံပြင်တွေ အများကြီးပြောနိုင်ဖို့ဆိုတာ အတော်လေး ဗဟုသုတ ကြွယ်ဝမှသာ ပြောနိုင်မှာပါ။
နိုင်ငံခြားသားတွေရဲ့ စည်းစနစ်ကြီးပုံကလည်း မြန်မာတွေစိတ်နဲ့ဆို တစ်မျိုးဖြစ်နေသလိုပါဘဲ.
သူက လူတစ်ဖက်သားကို ချီးကျူးခဲတာမျိုးလည်း ဖြစ်နေမလားဘဲနော်

သဉ္ဇာ - Thinzar said...

အဲလိုထူးထူးဆန်းဆန်း တိုးရစ်တွေလည်း ရှိသေးတယ်နော်။ လက်ရွေးစင်တောင် လေးဆယ်ကျော်ရင် တကယ်ပြောခဲ့တာ အပုဒ် ၁၀၀ ကျော်မယ်ထင်တယ်။ ဧည့်လမ်းညွှန် အတွေ့အကြုံလေးတွေ ဖတ်လို့အရမ်းကောင်းတယ် :)

ချစ်ကြည်အေး said...

ဧည့်လမ်းညွှန် အလုပ်ကို စိတ်ဝင်စားတယ်။သူ ဘာ့ကြောင့် ဝန်ဆောင်မှု သိတ်မကောင်းဘူး လို့ မှတ်ချက်ပေးရတာလဲ၊ သူ မျှော်လင့်ထားတဲ့ ဝန်ဆောင်မှုကောင်းရဲ့ တိုင်းတာမှုစံက ဘာတွေလဲ မေးမကြည့်ဘူးလား။

ကိုသောမတ်စ်ရဲ့ "ဧည့်သည်များအား ကျွန်တော် ပြောခဲ့ဖူးသော ပုံပြင်ကလေးများ" ဆိုပြီး ပိုစ့်တွေ ရေးပါလား၊ ပြီးတော့ ခုလို ဧည့်လမ်းညွှန် အတွေ့အကြုံလေးတွေ စီးရီးစ်လိုက် ရေးပေးဖို့ တောင်းဆိုလိုက်ပါရစေ...:)

An Asian Tour Operator said...

- အစ်မရွှေစင်။ ။ တစ်ပုဒ် ၅ ဒေါ်လာရတာ မိုက်တယ်။ ပိုက်ပိုက်မရှိတဲ့ အချိန်မို့လို့ပိုပြီးမိုက်တယ်။ :)

- လျို့ဝှက်သောရီနို။ ။ ပုံပြင် နားထောင်ချင်လား ? တစ်ပုဒ် ၅ ကျပ် ၃ ပုဒ် ၁၀ ထဲပါ။

- အစ်မချော။ ။ ချီးကျူးခဲတာ ပဲ ဖြစ်မှာပါလေ..(ဒီလိုပဲ ကိုယ့်ကိုယ်ကို ပြန်အားပေးခဲ့ရတာပေါ့) :P

- သဉ္ဇာ။ ။ဘာလဲ ပုံပြင်နားထောင်ချင်လို့လား။

- အစ်မချစ်။ ။ ဘာကြောင့် ၀န်ဆောင်မှု့ မကောင်းဘူး လို့မှတ်ချက်ပေးရတာလဲ ဆိုတာ မေးခဲ့ပါတယ်။ သူဘာတွေ ပြောလဲ ဆိုတာတော့ ပြန် ပြောမပြ တော့ဘူးနော်။ (မလေးရှား၊ အင်ဒိုနီးရှားက နေ ရေမီးရှား ကို ပြန်ပြီးဂိုက်လိုက်ချင် လိုက်နေရဦးမှာ ဆိုတော့ ကုမ္ပဏီပိုင်ရှင် တွေဖတ်မိပြီး အကြောင်း တွေ သိနေရင် မငှားပဲ နေမှာစိုးလို့) :P တခြားအတွေ့အကြုံလေး တွေတော့ မှတ်မိသလိုပြန် ရေးဖြစ်ချင် ရေးဖြစ်မှာပါ၊ ဒါပေမယ့်စီးရီးလိုက်ရေး ဖို့တော့ အစီအစဉ်မရှိပါဘူး။ :)

စော(အဝါရောင်မြေ) said...

အနော် သိတယ်။ ဒါပေမယ့် မပြောတော့ပါဘူး။
:D

ဖြိုးဝေတိုး said...

my bra.. it is nice story

Anonymous said...

Now this one is what I've been looking for. Would be giving you credits on the way how you deliver this great insight. Such an interesting story.

လသာည said...

ကျွန်မလည်း ပုံပြင်အရမ်းကြိုက်တယ်။
ဂျပန်နိုင်ငံက ဘယ်သွားသွား သူတို့ပြောသမျှ ပုံပြင်အားလုံးကို နားထောင်မိတယ်။

(ခက်တာက ပြန်မမှတ်မိတာကိုပါး)

Anonymous said...

I know it hard to take for you but majority of foreigners are very straight forward. If you stay with them longer, you will be used to it. Anyway, Cheers!!!!

License

License
Thank you very much for visiting my blog. I really do. I am trying to write and share my knowledge, experience,information etc etc. I would be very much appreciated for your either encouraging or critical comments to my any post. Furthermore, some photos herein the posts are not mine and perhaps some information too. However I always try to credit or mention the courtesy of the respective owner and/or where I got it from. Anyway please leave your message anything regards to my blog or if you want to use any part of information from my blog. I would follow up thereafter your message, accordingly.
Contact: thomasjrlatt@gmail.com