မြန်မာဘီလုံးငှက် (Burmese Bush Lark)၊ စူဠာမဏီဘုရားအနီး၊ ပုဂံ |
မြန်မာနိုင်ငံငှက်
အသင်းက နေပြီး ပရော်ဖက်ရှင်နယ် ငှက်ကြည့်ဧည့်လမ်းညွှန်သင်တန်း ဟိုတလောက စ
ပြီးဖွင့်ပေးတာသိရပါတယ်။ တက်ချင်ပေသော်ငြား စခန်းသွင်း သင်တန်းကာလ က နှစ်လ ဆိုတော့
နှစ်နာရီတောင် မနည်း ကြိုးစားပြီး အချိန်ပေးရတဲ့ ကျနော့်ခမြာ မတက်နိုင်ရှာတော့ပါ။
အရင်ကတော့ ကိုယ့်ဖာသာ ဘိုင်နိုကူလာလေးဆွဲ ပြီး၊ ဦးထုပ်ကလေးဆောင်း၊ ရေတပုလင်း
ဆွဲပြီး အိမ်နားက အပင်တွေ မှာ ငှက်လိုက်ခြောင်းတာပဲ။ " မေ့.. သား အပြင် ခန
သွားလိုက်ဦးမယ်" ဆိုရပြီ။ အမေလုပ်တဲ့ သူ ကြားကြား မကြားကြား။ ပြောပြီး
လှစ်ခနဲ ထွက်သွားလိုက်တာပဲ။ ပြန်ချင်တဲ့ အချိန်ပြန်။ အိမ်ကလဲ လယ်ကွင်းတွေကို
ဖော်ပြီးမှ ဖြစ်လာတဲ့ ဆင်ခြေဖုန်းက မြို့သစ်ဆိုတော့ တောငွေ့ တောရနံ့ နဲ့ ငှက်မျိုး
စုံတွေ့ရတယ်။ နေ့လည်ပိုင်း လူခြေတိတ်ချိန် ဆိုရင် အကောင်းဆုံးပဲ။ နေပူပူ
သစ်ပင်ရိပ်ကျဲကျဲ အောက် ကနေပြီး နားနေတဲ့ ငှက်ကလေး တွေခြောင်းရတာ အရသာ အရှိဆုံးပဲ။
သဘာဝ အတိုင်း၊ ဟက်ဘစ်တက် အတိုင်း နေထိုင်ကျက်စား အော်မြည်နေတဲ့ ငှက်ကလေးတွေရဲ့
အမျိုးအစား နဲ့ သဘာဝ ကိုအေးအေးဆေးဆေး လေ့လာနိုင်တယ်။ အဲဒါကို ကျနော့် ချစ်ညီမတွေက
ငှက်ဖင်လိုက်ခြောင်း တယ် လို့ ၀ိဂြိုဟ် ပြုတယ်။ နည်းနည်း တော့မှန်တယ်။ အပင်အောက်
တည့်တည့်က နေ အပေါ်မှာရှိတဲ့ ငှက်ကို ကြည့်ရင် အောက်ပိုင်း မြင်ကွင်းပဲ
မြင်ရတာကိုး။ တယ်လီလဲ အဆင်မသင့်တော့ အဝေးအပင်တွေက ငှက်တွေကို မကြည့်နိုင်ဘူး။
နီးစပ်ရာပဲ ကြည့်နိုင်တယ်။
ကြာဖက်နင်း (Pheasant-tailed Jacana)၊ အင်းလေးကန် |
တခါတလေတော့လဲ
ငှက်ဝါသနာရှင်တွေ စုပြီး နီးရင် လှော်ကားဥယျာဉ်၊ လှော်ကားရေဝေရေလဲတော၊ သာဓုကန်၊
မှော်ဘီ ပန်းတပွင့်တောင်၊ ခရမ်း-သုံးခွ စသဖြင့် သွားပြီး ဝေးရင် မိုးယွန်းကြီး၊
ဖိုးကျားဆင်စခန်း ကစလို့ မင်းစုံတောင်၊ နတ်မတောင်၊ အင်းတော်ကြီး စသဖြင့်
မြန်မာပြည် တနံတလျား သွားကြတယ်။ တချို့ ဆို ခါကာဘိုရာဇီ ဘေးမဲ့တော့ အထိရောက်ကြတယ်။
အဲဒီကိုသွားကြလို့ ဘဲ နောင်မွန်းနားမှာ နောင်မွန်းဘာဘလာ ဆိုတဲ့
မြန်မာမျိုးရင်း ငှက်မျိုးစိတ် အသစ်ဂုဏ်ယူစရာ ထပ်တွေ့တာပေါ့။ ကျနော် လဲ အစစ အရာရာ
အဆင်သင့်လို့ ကတော့ ခရီးစဉ်တိုင်းကို လိုက်ချင်တာပဲ။ နောက်ပိုင်းတော့ အလုပ် သဘော
အရ မြန်မာပြည် နေရာတော်တော် များများ သွားဖြစ် တော့လဲ ကျွဲကူးရေပါ
ဘိုင်နိုကူလာလေး ဆွဲသွားပြီး ရောက်တဲ့ နေရာကြည့် ဖြစ်တာပဲ။ ငှက်ကြည့်ရတဲ့ အထဲမှာ
ပုဂံနဲ့ အင်းလေး ကို တော်တော် သဘောကျမိတယ်။ ပုဂံမှာ ဆိုရင် မြန်မာ့ငှက်စစ်စစ် ဘီလုံး၊
နဖားကြူးနဲ့ စွေ့ တို့ ကို ထနောင်းပင်၊ ကန္တာရပင် တွေ ကြား၊
ဘုရားကြိုဘုရားကြား နေရာ တကာ တွေ့ ရပါတယ်။ အင်းလေးမှာ ကျတော့ ရေလည်ကောင် က
ဟိုတယ် ကော့တေ့ခ်ျ ရဲ့ ၀ရံတာမှာ ထိုင်ပြီး ကိုယ့်မြင်ကွင်းထဲ ၀င်လာတဲ့ နာမည်ကျော် ကြာဖက်နင်း
တွေကို ဘီယာ တလုံး နဲ့ ထိုင်ကြည့် ရတာ ဇိမ်အရှိဆုံးပေါ့။
သမုဒ္ဒယာ ၀မ်းတထွာကြောင့် ဇာတိချက်ကြွေ အမိမြေကို ပစ်ခွာပြီး မလေးရှား နဲ့ အင်ဒိုနီးရှား နိုင်ငံတွေကို ရောက်တော့လဲ အခါအားလျော်စွာ အခွင့်အရေးရရင် ရသလို ငှက်ခြောင်းလာတာ ပါစင်နယ် နုတ်အနေနဲ့ ငှက် မျိုးစိတ်ပေါင်း တစ်ရာကျော် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ ၀ါသနာတူ ငှက်ခြောင်းဖော် တွေနဲ့ တွေ့ရင် လူမျိုး ဘာသာစကား ဘယ်လောက်ကွဲပြားပြား အချိန်ကုန်လို့ ကုန်မှန်းမသိ ပြောမဆုံးပေါင် တော်သုံးတောင်ပါပဲ။ ငှက်ကြည့် ခရီးစဉ်တွေသွားမယ် ဆိုတဲ့ အသံကြားရင် ထိပ်ဆုံးက လိုက်ချင်တယ်။ စာရင်းတို့ထားပြီးသား။
AATO @ Sapi Island Rainforest, Malaysia Borneo |
အချစ်ဆုံး
အိမ်သူသက်ထား ဇနီးမယား ခင်နဲ့ အိမ်ထောင်ကျခါစ နှစ်လလောက် မှာ ငှက်ခြောင်းဖော်
ကိုကိုမမ တွေက မှော်ဘီက ပန်းတစ်ပွင့်တောင် ကို နေ့ချင်းပြန် ငှက်သွားကြည့်
မယ်ဆိုပြီး အော်ဂနိုက် လုပ်ပါတယ်။ ဟောဒီက ကိုအေအေတူ ကလဲ စာရင်းပေးပြီးသားပဲ။
အစီအစဉ်က အားလုံး လှည်းတန်းလမ်းဆုံမှာ မနက် ငါးနာရီ အားလုံး ဆုံမယ်။
ငါးနာရီခွဲလောက် လူစုံရင် ထွက်မယ်။ ထမင်း ဗူးဘာညာ ယူလာစရာမလိုဘူး။
ကိုယ့်မှန်ဘီလူး၊ ကိုယ့်ဖီးလ်ဂိုက်ပါရင် ရပြီ ပေါ့။ ဆိုတော့..ခင့်ကို
သွားရမလားလို့ မေးတော့ သွားပေါ့...တဲ့။ အဲဒါနဲ့ မနက် လေးနာရီ ထ။
ကျောပိုးအိတ်ကလေးထဲ ကို မှန်ဘီလူး နဲ့ ဖီးလ်ဂိုက်စာအုပ်ထည့်။ ရေပုလင်းလေးထည့်
နေတုန်း အခန်းထဲက ၀ုန်းကနဲ အသံကြားတယ်။ ခင်..ဘာလဲ..လို့ မေးတော့ ဘာမှမဟုတ်ဖူး..တဲ့
သွားလေ..တဲ့။ လေးနာရီ က ခွဲခါနီးနေပြီ။ အဲသာ..နဲ့ တောစီးဘိနပ်လေး
စီးနေတုန်း နောက်ထပ် ၀ုန်း ကနဲ အသံကြားရပြန်..ရော။ ဘာဖြစ်တာလဲ...ခင်... ဆိုတော့ သွားလေ...ဘာမှမဖြစ်ပါဘူး
ဆိုပြီး ပြောပြန်ရော..။ ငါးနာရီထိုးရော။ လှည်းတန်းက အဖွဲ့တွေကို နည်းနည်း
နောက်ကျမယ့် အကြောင်းဖုန်းဆက်ပြောလိုက်တယ်။ အဲသာ...နဲ့ တံခါးလေးဂျက်ကလေး ဖွင့်ပြီး
အပြင်ထွက်မယ်လုပ်လိုက်တော့ အခန်းထဲက အသံထပ်ထွက်လာပြန်တယ်။ ဒီတခါကျတော့ သွားရဲရင်
သွားကြည့်လေ ဖြစ်သွားပြီ။ ၀ုန်းဒိုင်း အသံတွေက လဲ အာဠာဝက တိုက်သလို ကျယ်လာတယ်။
ဟဲဟဲ.. လှည်းတန်းက အဖွဲ့တွေကို မလိုက်ဖြစ်တော့ဘူးလို့ မျက်နှာပူပူ နဲ့
ဖုန်းဆက်လိုက်ရတယ်။
တော်တော်
ညံ့တဲ့ အေအေတူ ကိုယ့်အချစ်ဆုံး အိမ်သူသက်ထား ပူပူနွေနွေး ဇနီးမယား ရဲ့ မွေးနေ့
ကိုသတိမရဘူး ငှက်ဖင် သွားခြောင်းဖို့မနက်အစောကြီးထ ပြီးတက်ကြွတဲ့ကြက်ဖ လုပ်နေတယ်။
အနှစ်ချုပ်ရင် အဲသည် သတင်း မာတာပီတ မိနဲ့ဖ ဆီရောက်တယ်။ မေမေ ကမှတ်သားစရာ
တိုတိုတုပ်တုပ် ဆုံးမတယ်။
ငါ့သား..
မင်းလဲ ကိုယ့်အိမ်ထောင်နဲ့ ကိုယ်ဖြစ်နေပြီ။ ငှက်ဖင်ချည့်ပဲ မကြည့်နဲ့ ကြက်ဖင်လဲ
ကြည့်ဦး.. တဲ့။ (ကြက်ဖင် ဆိုတာ ကြင်ဖက်....ပေါ့တဲ့)။
ခိခိ။
မှတ်ချက်။
။ မရေးတာကြာလို့။ ဘလော့ဒေးမှာ မဖြစ်မနေအားတင်းပြီးရေးလိုက်တယ်။ အမှတ်တရ
ဖြစ်စေသော်ဝ်။
12 comments:
မမခင်ရေ စူပါလိုက်ခ် က်ြဖင်
စိန်တင်
သွားလေ
သွားလေ
သွားပါဆို
သွားရဲ သွားကြည့်လေ
:P :P :
မျက်စိအောက်ကကိုဖြင့် အပျောက်မခံနိုင်ဘူး...
ရူးမတတ်သူ ချစ်ခင် .. :P
ရန်ကုန်မှာ ဆုံကတည်းက ကိုသောမတ်စ်ကြီး ကြက်ဖင်ကို ဘယ်လောက်ကြောက်ရတယ်ဆိုတာ ယုံပြီးသား...း))
ကိုင်း...blood brothers ဖွဲ့လိုက်ကြစို့လား...း)))
ဟုတ်သားဘဲ။
ကြက်ဖင်ကိုပိုကြည့်ရမှာပေါ့။
အိုင်အိုရာ
အော် ကြက်ဖင် ဆိုတာ ဒါကို ခေါ်တာကိုးးး ..း))))
ဖော်ညွှန်းပုံလေး သဘောကျတယ် “အချစ်ဆုံး အိမ်သူသက်ထား ဇနီးမယား ခင်” ဘလော့လေးကို ဖုံခါလိုက်လို့ ဆက်လက်ရှင်သန်သွားတာကို ၀မ်းသာတယ် .. :) စကားမစပ် ဘလော့ဒေးမှာ တီတင့် ဘလော့ဂါအားလုံးကို တဂ်ခဲ့တယ်နော် ..
မှတ်သားထားလိုက်ပါတယ် ကြက်ဖင်=ကြင်ဖက်
ဟားဟားးးးးး အဲလောက်ထိ ငှက်ဖင် ကြည့်ချင်တယ်ပေါ့နော်
ရွှေစင်ဦး
ဒါ ကြက်ဖင်က အနုနည်းနဲ့ စိန်ခေါ်လိုက်တာပေါ့လေ … :P
Sonny Soe: ဒါနဲ့ 'ဝက်ဖင်' ဝင်ဖက်ပြီး ' ချူမျှော့ ' ချော့မြှူ ' လိုက်ရတယ် ဆိုပါတော့၊ ဟာသ စွက်ထားတဲ့ ဖတ် ကောင်းတဲ့ စာစု လေးပါ၊ ဒီနေရာ ငှက် နဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့သားများ အနေနဲ့ ငှက်တွေဘဲ အာရုံ စိုက်မနေဘဲ သဘာဝ ပတ်ဝန်းကျင် လေးလဲ နေရာပေး ကြဖို့ သတိပေး နှိုးဆော်လိုက်ရပါတယ်။
ရေးရဖို့ ပြင်ထားပေတော့ ဆရာအေအေတီအို။ BPP Challenge လုပ်ထားတယ်။ ကြက်ဖင်နဲ့ ရပ်မနေနဲ့ဦး။ ကျန်တဲ့ ဖင်တွေလဲ လိုက်ရှာဦး။ ဟာ ဟ။
Post a Comment