Wednesday, January 18, 2012

ဘာလီကို လည်မယ်ဆို


အင်ဒိုနီးရှား ဂုဏ်ဆောင် ဘာလီကျွန်း ဟာ ကမ္ဘာ့ ပထ၀ီမြေပုံပေါ်မှာ သေးသေးလေးသာ မြင်ရမှာ ဖြစ်ပေမယ့် ကမ္ဘာ့ခရီးစဉ်ဒေသ မြေပုံပေါ်မှာတော့ ထင်ထင်ရှားရှား ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြရတဲ့ အထင်ကရ ခရီးစဉ်ဒေသတစ်ခု ဖြစ်ပါတယ်။ အကယ်၍သာ ကျွန်းတစ်ပါတ် ကားတစ်စီး နဲ့ ကမ်းခြေ တစ်လျှောက်မောင်း လို့ သာရခဲ့ မယ်ဆိုရင် တစ်နေ့တည်း နဲ့တောင် တစ်ပါတ်ပြည့်အောင် မောင်းလို့ ရစရာ ရှိကောင်း ရှိပေမယ့် ခရီးစဉ် ဒေသ တစ်ခု အတွက် ဆိုရင်တော့ အင်မတန် ကြီးမားတဲ့၊ လည်စရာ၊ လေ့လာစရာ အပြည့်နဲ့ ခရီးစဉ်ဒေသ ကြီး တစ်ခုလို့ ဆိုရမှာ ဖြစ်ပါတယ်။

ဘာလီ ကိုရောက်ဖူးတယ် ဆိုတဲ့ နီးစပ်ရာ အသိမိတ်ဆွေ တွေကို ဘာလီကို ဘယ်လိုမြင်လဲ လို့ သာမေးကြည့် မယ်ဆိုရင် သူတို့ ရဲ့ အမြင်ဟာ ဘာလီမှာ ပွင့်တဲ့ တရုတ်စကားပန်း ဖြူဖြူ လေးတွေလို အဆုပ်လိုက် အခဲလိုက်၊ အပင်ပေါ် ရော အပင်အောက်ရော မှာ ပြန့်ကျဲ နေသလို ကြည်နူးစရာ အဖြေ တွေအများကြီး ရလာမှာ ဖြစ်ပါတယ်။ ဘာလီကိုသာ တစ်ခေါက်လောက် ရောက်ဖူးခဲ့မယ် ဆိုရင် သဲဖွေးဖွေး ကမ်းခြေ ကလေးတွေ၊ သာယာတဲ့ လှေကားထစ် စပါးခင်းတွေ၊ ဒေသခံ ဘုရားဖူးတွေ နဲ့ ပြတ်လေ့မရှိတဲ့ ဘုရားကျောင်းတွေ က ပွဲတော်တွေ၊ ဘာလီ ရိုးရာ တေးသံနဲ့ အကအလှ၊ ကမ်းခြေမှာ တလူလူလွင့်နေတဲ့ တံခွန်တိုင် တွေ ဟာ စိတ် အစဉ် ပုံရိပ်ထဲ မှာ နှစ်ပေါင်း များစွာ ကြာအောင် စွဲထင် နေမှာ သေချာပါတယ်။

တကယ်တော့ ဘာလီဟာ တိုးပရိုဂရမ် (Tour Program) တစ်ခုနဲ့ ဘောင်ခတ်ပြီး အကန့် အသတ် တစ်ခုအတွင်း မှာ သာလည်လို့ ရတဲ့ ကျွန်းတစ်ကျွန်း မဟုတ်ပါဘူး။ နေ၀င်ရှုခင်း နဲ့ ပင်လယ်စာ အကင် တွေကြောင့် စည်ကားလွန်းလှတဲ့ ဂျင်ဘာရမ် (Jimbaran) ကနေ တိုးရစ်တွေ စက်ကျ တတ်တဲ့ ကုတ (Kuta) လို နေရာမျိုး က နေ စမင်ညာက် (Seminyak) လို ဇိမ်ခံ ဟိုတယ်ကြီးတွေရှိတဲ့ နေရာ အထိ တစ်လျှောက် လုံး ရှည်လျားတဲ့ ကမ်းခြေကြီး အတိုင်း ရက်ပေါင်းများ စွာ အပျော်ရှာ လို့ ရပါတယ်။ ယဉ်ကျေးမှု့ အနုလက်ရာ တွေပြုလုပ်ရောင်းချ တဲ့ တောအုပ်စိမ်းစိမ်း ထဲက ဥဘွတ် (Ubud) ကနေ မီးတောင်တွေ ရှိတဲ့ ဘာလီ ကျွန်း အလည်ပိုင်း ကိုပဲ သွားမလား ဒါမှမဟုတ် အမ်မက် (Amed) တို့ လိုဗီးနား (Lovina) နဲ့ ပန်မျူတာရန် (Pemuteran) တို့ လို ကမ်းခြေမြို့ ငယ်လေးတွေမှာ ရက်တွေလ တွေကို မေ့ထားပြီး နေဦးမလား၊ နောက်ပြီး မျက်စိရှုပ်လွန်းလို့ တိုးရစ် တွေ ကိုမမြင်ချင်ဘူး ဆိုရင်တောင် နူဆာလန်ဘွန်ဂန် (Nusa Lambongan) ကျွန်းက ဖြင့် မလှမ်း မကမ်း မှာရှိနေသေး တော့တယ်။


ပြောရမယ် ဆိုရင် ဘာလီကျွန်းသူ တွေ နေ့စဉ် နတ်တင် လေ့ ရှိတဲ့ အုန်းရွက် ခေါစာ ခွက်ကလေး တွေလိုမျိုး စွဲဆောင်မှူ့ မျိုးစုံ ဟာ အကွက်ညီညီ ယက်ဖောက်ထား တယ်လို့ ပြောရင် မလွန်ပါဘူး။ ဆိုခဲ့ တဲ့ အကြောင်း အရာ တွေဟာ မြင်သာ ထင်ရှားတာလေးတွေ တချို့ကိုသာ စုစည်း ပြီး ပြောသလို ဖြစ်နေပါလိမ့်မယ်။ တကယ်တော့ ဘာလီ ဟာ အင်ဒိုနီးရှား တစ်နိုင်ငံလုံး မှာ ဧည့်သည် နဲ့ သဟဇာတ အဖြစ်ဆုံး (Visitor Friendly) ကျွန်း လို့ ရဲရဲ ကြီး ဆိုဝံ့ပါတယ်။ ရှိပါသေးတယ်။ ဘာလီရိုးရာ အနှိပ် ကလေးခံပြီး၊ ဆေးပေါင်း စပါး (Herbal Spa) မှာ နွမ်းနယ် မှု့တွေ ကိုဖြေလျော့ မလား။ Discovery Shopping Mall နဲ့ မာတာဟာရီ (Mata Hari) မှာပဲ ဈေးဝယ်မလား။ ကရစ်ရှနာ (Krishna) နဲ့ ဘာလီ အနှံ့ က အမှတ်တရပစ္စည်း ဆိုင်တွေ (Oleh Oleh) မှာပဲ လက်ဆောင်ပေးဖို့ ၀ယ်ဦးမလား။ သေချာတာက တော့ ဘာလီက အပြန်ဧည့် သည်တိုင်း ဟာ အလာတုန်းက လိုမျိုး မဟုတ်တော့ပဲ အိပ် အကြီး အသေး မျိုးစုံနဲ့ ပစ္စည်း မျိုးစုံ ပါသွားကြတာပါပဲ။

အစား အသောက် ဆိုရင်လဲ လမ်းဘေး ဈေးဆိုင် (Warung) ကလေးတွေက နေစပြီး ဟိုတယ်ကြီးတွေ နဲ့ ဖိုင်းဒိုင်းနင်း (Fine Dining) ရက်စတောရင့် ကြီးတွေ အထိ တတ်နိုင်သလို နှစ်သက်သလို စားလို့ ရပါတယ်။ မမေ့ရမှာ က ဘာဘီဂူလင်း (Babi Guling) နဲ့ ထမင်းကလေး တစ်ဇွန်းလောက် စားလိုက် ဒါမှ မဟုတ် ဘာလီစတိုင် ပင်လယ်စာ အကင်လေးစားလိုက်၊ ဘင်တန်ဘီယာ (Bintang Beer) ကလေး တကြိုက်လောက် ကြိုက်လိုက်၊ မျက်နှာ ချိုချို ညိုညိုစိုစို ဘာလီမ လေး တွေ ကို ကြည့်လိုက်.. လုပ်ဖို့ ကိုပါ။ :P

ဘာလီကို ဘယ်လိုလာ၊ ဘယ်မှာတည်းပြီး ဘယ်ကိုသွားရမှာလဲ လို့ မေးလာခဲ့ရင် အဖြေက လေယာဉ်လက်မှတ်ဝယ် ပြီးသွားပါ။ ဘယ်မှာ ပဲတည်းတည်း၊ ဘယ်ကိုပဲ သွားသွား မှား စရာ အကြောင်း လုံးဝ မရှိဘူးလို့ သာ ဆိုပါရစေ...။ ။


မှတ်ချက်။ ။ ရေးထားတာ တော့ ကြာပါပြီ။ ဟိုတစ်စ ဒီတစ်စ နဲ့ အဆုံး မသတ်ဖြစ် နေတာပါ။ ဘာလီ ကိုခဏခဏ လာလည်ချင်တဲ့ အစ်မချစ် နဲ့ အစ်ကိုပန်းသီး၊ ခရီးခဏခဏသွား တတ်တဲ့ အစ်မချော၊ အစ်ကိုဧရာ နဲ့ အစ်မသီတာ၊ လာလည်ချင်တယ် ဆိုတဲ့ မေသိမ့်သိမ့်ကျော်၊ တိုးပရိုဂရမ် တွေ တိုးဂိုက်တွေ ရှိလား ဆိုတဲ့ စော (အ၀ါရောင်မြေ)၊ စော ပြောသလိုပါပဲ ဆိုတဲ့ Iora၊ ဘာလီခရီးစဉ် အကြံလေးပေးပါဦး ဆိုတဲ့ သရ၊ ဆရာကိုဟန်ကြည် တို့ နဲ့ တစ်နှစ်တာ နေခဲ့တဲ့ ဘာလီကျွန်း ကို သတိရ၍ ရေးသည်။





15 comments:

Anonymous said...

ကောင်မလေး ....

ကိုဇော် said...

ကျနော်လည်း လာလည်ချင်တာ အစ်ကိုရေ။
အင်း . . . ဟန်းနီးမွန်း ဖြစ်မယ် ထင်ပါတယ်လေ :P

vowel said...

Thank you so much, bro Ko Thomas!
Urs,
Tharaa

vowel said...

Thank you so much, bro Ko Thomas!
Urs,
Tharaa

vowel said...

Thank you so much, bro Ko Thomas!
Urs,
Tharaa

AH said...

လည်ချင်လိုက်တာနော်.... အခွင့်အရေးရရင်တော့ လာလည်ပါဦးမယ် အခု ဆိုက်ရောက် ဗီဇာနဲ့ ၀င်လို့ရပြီဆိုတော့ ပိုလွယ်သွားမှာပေါ့.... :)

ခရစ္စတလ် said...

တစ်နှစ်-နှစ်နှစ်အတွင်း ဖြစ်အောင်ကို လာလည်အုံးမယ်...
ကိုအေတီတီအိုကြီးနဲ့လည်း စီးပွါးရေးချိတ်စရာလေးတွေလည်း ချိတ်ရင်းဆွေးနွေးရင်းပေါ့... :)

mstint said...

လည်ချင်စရာကောင်းတဲ့နေရာလေးမို့
အခွင့်အရေးလေးရရင်လည်ချင်တာပေါ့ကွယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေနော်။

မေတ္တာဖြင့်
အန်တီတင့်

ဟန်ကြည် said...

မာတာဟရီ ဆိုတာကိုတော့ ကြားဖူးတယ် ကိုအေအေတီအိုရေ...နာမည်ကြီးစပိုင်နံမည်ကိုး...ဒါပေမယ့် ဘာလီမှာကျတော့ ဈေးဖြစ်နေတာကိုး...း)

ကိုအေအေတီအိုရဲ့ သမီးလေး ချစ်စရာကောင်းလိုက်တာဗျာ...ကလေးမယူဖြစ်သေးတဲ့ ကိုယ့်ကိုယ်ကိုတောင် အားမလိုအားမရဖြစ်မိပါရဲ့...

လောလောဆယ်တော့ နိုင်ငံခြားခရီး မထွက်နိုင်သေးဘူးဗျာ...ပြည်တွင်းကို နှံ့အောင်သွားဖို့တောင် အချိန်ရှားနေတယ်...ပြည်ပကို အပန်းဖြေခရီးထွက်ဖြစ်ရင်တော့ ဘာလီကို သွားဖြစ်အောင် သွားကြည့်ဖို့ စာရင်းတို့ထားလိုက်ပါပြီ...

ဘုန်းဘုန်းတောက် said...

ဒကာတော် ကိုအေတီတီအိုရေ သွားလည်ချင်ပါတယ်ဆိုနေမှ ခုလို ကြော်ငြာကောင်းနေပြန်တော့...အခု ချက်ချင်းတောင် ထသွားချင်ပါတော့တယ်...

Sonata Cantata said...

ကျေးဇူးပါပဲ ကိုအေအေတီအိုရေ... ဘာလီကို သွားဖြစ်အောင် သွားရဦးမယ်...။

ဧရာ

SHWE ZIN U said...

ကိုအေအေတူအို ရေ

ရွှေစင်ဦး လည်း လာလည်မှာလေ အိမ်မှာတည်း လို့ ရတယ်ဆို မေ့သွားပြီလား
မမေ့သူက လာခဲ့မယ်နော် ... အစိုးရက ထီဆုကြီး ပိုက်ပိုက် တိုးသွားပြီ

ခင်မင်တဲ့
ရွှေစင်ဦး

မြစ်ကျိုးအင်း said...

မရောက်ဖူးသေးပေမယ့် သွားချင်တဲ့နေရာတွေထဲမှာ ဘာလီကျွန်းက ထိပ်ဆုံးပိုင်းမှာပါတယ်။ ကိုAATO အညွှန်းကြောင့် မကြာခင်တနေ့ သွားဖြစ်တော့မယ်။ ပင်လယ်ကိုသဘောကျတဲ့ကျနော့်အတွက်တော့ ဘာလီက စိတ်ကျေနပ်ဖွယ်ခရီးစဉ်ဖြစ်မှာ သေချာတယ်။

Ko Boyz said...

Vesak Day ကျတဲ့ အပတ်ကို သွားမလို့ အစ်ကိုရ..။
ဒီလိုဆို ဒီအတိုင်း သွားပြီး ဟိုကျမှ ကြိုက်တဲ့ ဟိုတယ် ကောက်တည်း.. ကြိုက်တဲ့ တိုးပရိုဂရမ်ယူ .. အဲလိုလား...။
သုံးရက်လောက်ကတော့ ကောင်းကောင်း လည်ဖို့ အချိန်ရတယ်။

သွားလာရေး အဆင်ပြေတဲ့ နေရာ ဟိုတယ်လေး ညွှန်းပေးရင် ကောင်းမှာပဲ...။
လည်လို့ ကောင်းမယ့် နေရာလေး.....။ :P

An Asian Tour Operator said...

သွားရ လာရတာ လွယ်တဲ့ နေရာဆိုရင် ကုတ (Kuta) လိုနေရာမှာတည်း ရင် အဆင်ပြေနိုင်မယ်ဗျ။
swiss bell တို့ hardrock Hotel တို့ ဆိုရင် ဈေးလဲ မဆိုး နေရာလဲ အချက်အချာကျတယ် ခင်ဗျ။

လည်လို့ ကောင်းမယ့်နေရာတွေက
- ကင်တာမန်နီ မီးတောင် နဲ့ ဂူအာဂဂျာ (တနေကုန်)
- ဘာဒူဂူး မားသားတန်ပယ် (တနေကုန်)
- ဥလုဝါတု ဘုရားကျောင်း (နေ့ဝက်)
- ဥဘွတ် မန်းကီးဖောရက် (တနေကုန်)

License

License
Thank you very much for visiting my blog. I really do. I am trying to write and share my knowledge, experience,information etc etc. I would be very much appreciated for your either encouraging or critical comments to my any post. Furthermore, some photos herein the posts are not mine and perhaps some information too. However I always try to credit or mention the courtesy of the respective owner and/or where I got it from. Anyway please leave your message anything regards to my blog or if you want to use any part of information from my blog. I would follow up thereafter your message, accordingly.
Contact: thomasjrlatt@gmail.com