Monday, January 23, 2012

ကိုမိုဒို ဖွတ်နဂါးကြီးများ ရာဇ၀င်


ဖွတ်နဂါးကြီး တွေအကြောင်း နဲ့ ဆက်စပ် ပါတ်သက်သမျှအားလုံးလိုလို ဟာ စိတ်ဝင်စားဖွယ်၊ ထိတ်လန့် ကြောက်မက်ဖွယ်၊ အူလှိုက် အသည်းတုန် ရွံရှာ ဆက်ဆုပ်ဖွယ် ရာများချည်း ဖြစ်ပါတယ်။ ရက်စက် ကြမ်းကြုပ်တဲ့ ဟန်ပန်အမူအယာ များနဲ့ ကြောက်မက်ရွံရှာဖွယ် သွင်ပြင်လက္ခဏာများရှင် ဖွတ်နဂါးကြီး တွေဟာ ဒဏ္ဍာရီ ပုံပြင် တွေထဲမှာ ပါလေ့ရှိတဲ့ နဂါးကြီးတွေ လို အစိမ်းရောင်သန်းနေတဲ့ မွဲညစ်ညစ် ညိုမည်းမည်း အကြေးခွံထူထူ ဖုံးလွှမ်းထားတဲ့ ခန္ဓာကိုယ်၊ နှာခေါင်းပေါက် ကျယ်ကျယ်၊ သွားရည် တမြားမြား ဖြစ်နေတဲ့ ပါးစပ်ပေါက်ထဲက ချွန်မြမြ သွား တွေ ရဲ့ ကြားက လျှာ နှစ်ခွ ထွက်နေပုံ ဟာ ရုတ်တရက် မီးလျှံ တွေ ထွက်ကျမလာ နိုင်တာ သိ ပေမယ့်လဲ စိုးရိမ်ထိတ်လန့် မှု့ ကို တော့ဖြင့် မလျော့ကျ စေပါဘူး။

အမှန်တကယ်တော့ အနှီ ရက်စက်ကြမ်းကြုပ်တဲ့ သတ္တ၀ါကြီး တွေဟာ ကမ္ဘာ့ အကြီးဆုံး ဖွတ်ကြီး တွေဖြစ်ပြီး အင်ဒိုးနီးရှား နိုင်ငံ ကိုမိုဒို (Komodo)၊ ရင်ကာ (Rinca)၊ ပါဒါ (Pada) နဲ့ ကိုမိုဒိုကျွန်း အနီးနားတ၀ိုက်က ကျွန်း ကလေးတွေပေါ်မှာ နေထိုင်ကျက်စားပါတယ်။ ကိုမိုဒိုဖွတ်နဂါး တွေဟာ သားကောင်း တွေကို အမဲလိုက်ပြီး အရှင်လတ်လတ် ကိုက်ဖြတ် ဆုတ်ဖြဲစား သလို၊ အကောင်အသေတွေကိုလဲ မြိန်ရေယှက်ရေ စားပါသေးတယ်။ နောက်တစ်ချက်ကတော့ ကြီးနိုင်ငယ်ညှင်း ပုံစံ မျိုး ဇာတ်တူသားလဲ စားပါတယ်။ သူတို့ ဘာတွေစားတယ် ဆိုတာ အတိအကျ စာရင်းလိုက်ကောက်လို့ မရ နိုင်ပေမယ့် အနည်းဆုံး ဆယ်ရာခိုင် နှုံးက ဖြင့် ဇာတ်တူသား တခြားဖွတ် တွေကို စားတယ်လို့ ဆိုပါတယ်။


သူတို့ ဟာ ဖြုန်းကနဲ ကမူးရှုးတိုး ပုံစံ မျိုး အလျှင်အမြန် ပြေးနိုင် သလို ရေကူးကလဲ တော်ပြန်ပါသေးတယ်။ သူတို့ ထက် ပိုမြန်တဲ့၊ ပိုသန်မာတဲ့ ကျွဲလို နွားလို သားကောင်တွေကို တောင်တစ်ချက် အမိအရ ကိုက်လိုက်ခြင်း အားဖြင့် သူတို့ ပါးစပ် က တတောက်တောက် ကျနေတဲ့ သွားရည် တွေထဲ က ဘက်တီးရီးယား မျိုးစုံ ကြောင့် တဖြည်းဖြည်း နှေးကွေး လေးလံ ပြီး ဆက်မသွားနိုင်တော့ ပဲ ခန္ဓာကိုယ် အစိပ်အပိုင်းတွေကို ရက်ရက်စက်စက် ကိုက်ဖြတ် ဆုတ်ဖဲ့ စားခြင်း ကို အရှင်လတ်လတ် ခံရ ပါတယ်။ အကိုက်ခံ လိုက်ရတဲ့ သားကောင် နောက် ကို သူတို့ ရဲ့ ထူးခြား လှတဲ့ အနံ့ ခံ အာရုံ အပြင် ပြူတစ်ပြူတစ် ထွက် နေတဲ့ လျှာ ကြီး နှစ်ခွ နဲ့ ခြေရာခံပြီး သေအံ့မူးမူး ဖြစ် နေတဲ့ သားကောင် ကို ကိုက်ဖဲ့ ပြီး စားပါတယ်။

ဖွတ်နဂါးကြီးတွေ ဟာ အသက် ငါးနှစ်က ဆယ်နှစ် အတွင်း မှာ အရွယ်ရောက် ပြီး မိတ်လိုက် နိုင်ကြပြီး မှတ်တမ်းများ အဆိုအရ အသက် ငါးဆယ် ကျော် အထိရှင်သန် နေထိုင်ပါတယ်။ မိခင် ဖွတ်နဂါးမကြီး က ဥဥ ဖို့ အသိုက်ဆောက်လုပ်ပြီး တခါဥ ရင် ဥပေါင်း သုံးဆယ်ကျော် ဥလေ့ ရှိပါတယ်။ ဖွတ်နဂါး ပေါက်ကလေး တွေ ဥခွံ ထဲက ကိုယ့်ဖာသာ ဖောက်ထွက် နိုင်ဖို့ ကိုးလ လောက် ကြာတတ်ပါတယ်။ အကောင်ပေါက် ကလေးတွေဟာ ဥက ဖောက် ထွက် နိုင်တာ နဲ့ ချက်ချင်း နီးစပ်ရာ အပင်ကြီး ပေါ်တွေကိ ပြေးတက်ကြရပါတယ်။ ဒါမှသာ တခြား အရွယ်ရောက်ပြီး ဖွတ်နဂါးကြီးတွေ ရဲ့ အစာ ဖြစ်က လွတ်ကင်း မှာ ဖြစ်ပါတယ်။ သူတို့ လေးတွေဟာ သစ်ပင်ကြီး တွေပေါ်မှာ ပဲ ကိုယ့် ကိုယ်ကို ထိန်းကျောင်း နိုင်တဲ့ လေးနှစ်သား အရွယ် လောက်အထိ နေကြရပါတယ်။

တကယ်လို့ သာ ကမ္ဘာ့ အံ့ဖွယ် ရှစ်ခုသာ ရှိခဲ့ မယ်ဆိုရင် အဲဒီရှစ်ခုမြောက် ဟာ ကိုမိုဒိုကျွန်းသာ ဖြစ်ပါလိမ့် မယ်။ သားရိုင်း တိရိစ္ဆာန် ကျေးငှက် များစွာ ရှိတဲ့ အင်ဒိုနီးရှားရဲ့ ဧရိယာ အကျယ် အ၀န်းဟက်တာပေါင်း ငါးသောင်းကိုးထောင် ရှိတဲ့ အမျိုးသား ဥယျာဉ်ကြီးထဲ က သုံးထောင်ကျော်သော ကိုမိုဒိုဖွတ်နဂါးကြီး တွေ (Komodo Dragons or Varanus Komodoensis) ဟာ ကမ္ဘာဦးက ဒိုင်နိုဆော မျိုးနွယ် တွေရဲ့ အကြီးမားဆုံးသော နောက်ဆုံး လက်ကျံ မျိုးဆက် ပဲဖြစ်ပါတယ်။ အကယ်၍ စာဖတ်သူ ဟာ ကျနော် အထက်က ရေးခဲ့ တာတွေကို မယုံ နိုင်ဘူး ဆိုရင်လဲ လက်ခံ ပါတယ်။ ဘာလို့လဲ ဆိုတော့ ကျနော် ပြောတာ နားထောင် ဖူးသူ မှန်သမျှ ဟာ မယုံကြည်တဲ့ မျက်ဝန်း တွေနဲ့ ကျနော် ကိုစိုက် ကြည့် ပြီး ဟုတ်ကော ဟုတ်ကဲ့ လား ဆိုတဲ့ မေးခွန်း ကိုသာ အကြိမ်ကြိမ် ပြန်မေးတာ ကြားခဲ့ရဖူးလို့ ပါ။

ဒေသခံ တွေဟာ ကိုမိုဒိုနဂါးကြီး တွေကို အိုရာ (Ora) လို့ ခေါ်ကြပါတယ်။ အဖိုး၊ ဒါမှမဟုတ်ရင် အဖွားလို့ အဓိပ္ပါယ် ရပြီး လူသားစင်စစ် ကနေ ပြောင်းလဲ ထားတယ် လို့ ယုံကြည်ကြပါတယ်။ ဒေသခံ တွေဟာ သူတို့ရဲ့ မြေး မြစ်တွေ ဖြစ်လို့ အန္တရာယ် မပေးဖို့ တောင်းပန်လေ့ရှိပါတယ်။ အဆိုပါ ဖွတ်နဂါးကြီးတွေဟာ အရှည် ဆယ်ပေ ကနေ ဆယ့်ငါးပေ ခန့် အထိ ရှိတတ်ပြီး ရှေ့ ခြေကို ထောက်ပြီး ခေါင်းထောင် လိုက်မယ် ဆိုရင် သုံးလေးပေလောက် အထိ မြင့် ပါတယ်။ အလေးချိန်အားဖြင့် ပေါင် တရာ့ငါးဆယ် ကနေ ပေါင် သုံးရာလောက် အထိကြီးထွား လေ့ရှိပါတယ်။ အပြေး မြန်သလို တွင်း အနက်ကြီးတွေကို လဲ တူးနိုင်ကြပါတယ်။ ရေကူး၊ ရေငုတ်တော် ပြီး အကောင်ငယ်လေး တွေ ဆိုရင် သစ်ပင် အမြင့် ကြီး တွေကိုပေါ်ပါ တက်နိုင်ကြပါတယ်။

သူတို့ ရဲ့ အစာ တွေဟာ အများအား ဖြင့် ဆိတ်၊ သမင်၊ ဒရယ်၊ မြင်း၊ တောကျွဲ၊ တောဝက် စသည်ဖြင့် ကျွန်းပေါ် မှာရှိတဲ့ တောနက် ထဲ မှာ ရှင်သန်နေထိုင် တဲ့ တောရိုင်း တရိစ္ဆာန်တွေ အပြင် ဒေသခံ တွေ မွေးထားတဲ့ ကြက်၊ဘဲ၊ ဆိတ်၊ကျွဲ စတာ တွေကို ပါ လစ်ရင် လစ်သလို ၀င်ဆွဲလေ့ ရှိပါတယ်။ ဖွတ်နဂါးကြီးတွေရဲ့ ပိုင်နက် နယ်ပါယ် ဟာ ကိုမိုဒို သဘာဝဥယျာဉ် လို့ သတ်မှတ်ထားတဲ့ ကိုမိုဒို၊ ရင်ကာ၊ ပါဒါ နဲ့ ကိုမိုဒို ကျွန်းဝန်းကျင် က ကျွန်း ကလေး တွေ တ၀ိုက် တင် မကသေးပဲ ဖလောရက်စ် (Flores Island) ကျွန်းတ၀ိုက်မှာ ပါ ခဏခဏ တွေ့ရလေ့ ရှိလို့ အဆိုပါ နေရာမှာလဲ နေထိုင် ကျက်စားတယ် လို့ မှတ်ယူရမှာ ဖြစ်ပါတယ်။

တကယ်လို့ တစုံတယောက် ကနေ ကိုမိုဒိုနဂါးကြီးတွေ ဟာ အန္တရာယ် ရှိသလားလို့ မေးလာခဲ့ ရင် အဖြေက ရှိတယ်၊ မရှိဘူး နှစ်မျိုး ဖြစ်နေပါလိမ့် မယ်။ အကြောင်းသိတဲ့ ဒေသခံ တွေအတွက်အန္တရာယ် မရှိနိုင်ဘူး ဆိုပေမယ့် တိုးရစ် လိုမျိုး ခဏတာ လာလည်တဲ့ သူတွေ အတွက် ကတော့ အင်မတန် အန္တရာယ် ကြီးပါပေတယ်။ ကိုမိုဒို ကျွန်းပေါ်မှာ ခြေရာ လက်ရာ အစအန မကျံ အောင် ပျောက်ဆုံး သွားခဲ့ ကြတဲ့ ကံဆိုးသူ တိုးရစ် တွေ ရှိခဲ့ ဖူးပါတယ်။ အကယ်၍ အင်ဒိုနီးရှားက ကိုမိုဒို အမျိုးသား ဥယျာဉ်ကို လည်ပါတ်ခွင့် ကြုံလာခဲ့မယ် ဆိုရင် အမျိုးသားဥယျဉ်က ချမှတ်ထားတဲ့ လမ်းညွှန်ချက် စည်းကမ်းတွေကို အလေးအနက် လိုက်နာဖို့ လိုပါလိမ့်မယ်။ အထူးသဖြင့် အနီရောင် အ၀တ်အစား တွေကို မ၀တ်မိဖို့ ပါပဲ။ အကယ်၍ ကိုမိုဒိုဖွတ်နဂါးကြီးတွေသာ သူတို့ ရဲ့ အစာ လို့ မြင်သွားပြီဆိုရင် ဖြင့် ရိုင်ဖယ် သေနတ်ကိုင် ရိန်းဂျား အစောင့် တွေလဲ လုံခြုံအောင် ကာကွယ်ပေးဖို့ တတ်နိုင်လိမ့်မယ် မထင်ဘူး။ ။



ကိုးကား
- ကိုမိုဒို အမျိုးသားဥယျာဉ် ထုတ်စာရွက်စာတမ်းများ
- Paul (Komodo Specialist)
- Flores Tourism
- Wikipedia
- National Geographic Magazine
- ဖလောရက်စ် ဒေသခံ လုပ်ဖော်ကိုင်ဖက် များ၏ ပြောပြချက် များ

Photo credits to:-
- Picture 1 (http://www.infohostel.com/)
- Picture 2 (http://www.komodragonfacts.com/)
- Picture 3 (http://www.komolarges.com/)
- Picture 4 (image.google.com)



ဒုတိယပိုင်း ဖျောက်ထားမည့်စာ

18 comments:

Crystal said...

ကြောက်စရာကြီးတွေပဲနော်၊ ထိုင်းမှာလည်း ပေါတယ်အစ်ကိုရေ၊ ဖွတ်အပြင် ပတက်လေးတွေလည်း နေရာအနှံ့ရှိပါတယ်။

Maung Myo said...

ပုံမြင်တာနဲ့တင် တော်တော် လန့်စရာဖြစ်နေပြီဗျ သူတို့လျှာတွေက လွှတွေလိုနေမှာပဲ ။

AH said...

ဖွတ် အကြီးကြီးတွေလိုပဲနော်.... ဖမ်းပြီး စားကြတဲ့လူတွေများရှိမလားပဲ....

ဟန်ကြည် said...

ကိုမိုဒို နဂါးလို့ တင်စားခေါ်ကြတဲ့ အဲဒီဖွတ်ကြီးတွေအကြောင်းကို ကိုအေအေတူကို မေးဖို့ အားနာနေလို့ စောင့်နေတာ အခုတော့လည်း ရေကန်အသင့်ကြာအသင့်ဖြစ်သွားပြန်ပြီပေါ့လေ...

တစ်နေ့နေ့တော့ အဲဒီအကောင်ကြီးတွေကို လာကြည့်ဖြစ်ဦးမယ်လို့ ထင်ပါသဗျာ...

ညိမ်းနိုင် said...

အီး.......ကျွတ်ဆင်ကြီးတွေပါလားဗျာ.....၊အရင်ကတော့
ခုလိုပြည့်ပြည့်စုံစုံမသိရတော့ ဖွတ်ပဲကြောက်စရာမလိုလို့
ထင်နေတာဗျ......၊

mstint said...

စပွန်ဆာပေးရင်တောင်သွားမလည်ရဲဘူး AATO ရေး)
ပုံမြင်ရုံနဲ့တင်ကြောက်စရာ သစ်ပင်ပေါ်ကကောင်ကို
အောက်ကနေစားနေပုံများ အသည်းယားပါ့။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ကိုဇော် said...

ဂျက်ကီချမ်းကားထဲမှာ မြင်ကတည်းက ဒီအကောင်ကြီးတွေကို အပြင်မှာ မြင်ဖူးချင်နေတာ ကိုအေအေတီအိုရေ။ တစ်နေ့တော့ သွားလည်ပြီး လေ့လာကြည့်ချင်ပါသေးတယ်။

မြစ်ကျိုးအင်း said...

ဖတ်လို့ကောင်းတယ်ဗျ။ ပြီးသွားတာ တုံးတိတိလို့တောင် ခံစားမိတယ်။ နောက်ပိုင်း ဆက်စပ်တဲ့ အကြောင်းအရာတွေ ရှိသေးရင် ထပ်တင်ပေးပါအုံး။

မဒမ်ကိုး said...

မျိုးတုန်းသွားတောင်ဝမ်းမနည်းမဲ့အကောင်တွေထဲမှာ ဒင်းတို့လဲပါတယ် ကြောက်လွန်းလို့ပါး(

နေ၀သန် said...

ကို AATO ရဲ့ဆိုဒ်မှာ ဒီလိုနှစ်သက်စရာ၊ ဗဟုသုတရစရာ အကြောင်းတွေရေးတတ်လို့ သဘောကျတယ်.. ဒီကိုမိုဒိုဖွတ်နဂါးကြီးတွေကိုလည်း ဖတ်ထားတာ ၂ ရက်လောက်ရှိပြီ.. အခုမှ လာမန့်ဖြစ်တယ်..း)).. အရင်က ဘာလီအကြောင်းတွေကိုလည်း ဖတ်ဖြစ်တယ်... ဘာလီကျွန်းကိုတော့ မရောက်ဖြစ်သေးလို့ ရောက်ချင်သား... :))


ခင်မင်လျက်
နေ၀သန်

ညီရဲ said...

ပုံတွေ ကြည့်ရ စာတွေ ဖတ်ရတာနဲ့ တင် အသဲယားမိတယ်... ဗဟုသုတ အနေနဲ့ လေ့လာ ဖတ်ရှုသွားပါတယ် အစ်ကို...

Anonymous said...

ဒကာတော် ကိုအေအေတီအို ဘုန်းဘုန်းအဲဒီကို သွားဖြစ်ရင် အနီရောင်သင်္ကန်းမ၀တ်တော့ဘူး။ အ၀ါရောင်ပြောင်းဝတ်မှ ဖြစ်တော့မယ်။

Anonymous said...

အဲ့လောက်တောင် အန္တရယ်များတယ် ..
ထင်တောင် မထင်မိဘုး ..
မတ်တပ် ရပ်နေတဲ့ ပုံကြည့်ပြီး အသည်းယားလိုက်တာ..
ဗဟုသုတ လေးတွေ ပေးတာ
ကျေးဇူးပါ ..

ခင်မင်လျှက်
ဆောင်းနှင်းရွက်

...အလင်းစက်များ said...

ဖျားဖျား ကိုရင်ရယ်။ ကြောက်စရာကြီးတွေပါလား။ ကိုရင်သော့မက် သူတို့ နဲ့  စိန်ပြေးတမ်း ဆော့ကြည့် ပါလား။ ဒါဆို ကမ္ဘာ့ စံချိန် မှာ နံပါတ် ချိတ်ချင် ချိတ်မှာနော်။ ကိုမိုဒို Vs ကိုရင်သော့မက် ဆိုပြီးတော့လေ။ :P

နောက်တာပါဗျာ။ ဗဟုသုတ ရပါတယ်။ မယုံချင်ပေမယ့် ယုံရမယ့် အရာတွေပါပဲလေ။ ဟိုတစ်လောကတော့ အဲ့သည် လိုမျိုး ၂ ကောင် ဖက်သတ်နေကြတဲ့ ယူကျူ့ ကြည့်လိုက်ရသေးတယ်။ ကိုရင်သော့မက် တင်ထားတာလား ဘယ်သူတင်လဲ မသိတော့ဘူး။

Anonymous said...

Thanks for sharing.
It is interesting.
Iora

rose of sharon said...

ကြောက်စရာကြီးတွေ...

Unknown said...

Hi, very Interesting blog you have here... It would be my pleasure if you visit my website too. Here's the link
http://ads.com.mm/?cid=4fe2db67e4b0d19a0f5e0b1e&utm_campaign=ads_mm_lb_blog_riche&utm_so

Mary Grace said...

Hi looks so impressive and interesting blogs, come and visit us back too:
http://motors.com.mm/?utm_campaign=mot_mm_lb_blog_mgesc&utm_source=mot_lb_blog&utm_medium=lb_blog

License

License
Thank you very much for visiting my blog. I really do. I am trying to write and share my knowledge, experience,information etc etc. I would be very much appreciated for your either encouraging or critical comments to my any post. Furthermore, some photos herein the posts are not mine and perhaps some information too. However I always try to credit or mention the courtesy of the respective owner and/or where I got it from. Anyway please leave your message anything regards to my blog or if you want to use any part of information from my blog. I would follow up thereafter your message, accordingly.
Contact: thomasjrlatt@gmail.com