Saturday, October 15, 2011

ဘာလီ ငလျင်


သီတင်းကျွတ်လပြည့် ကျော် ၁ ရက်နေ့။ ။ ကလေး အငယ်ဆုံးလေး နေသိပ်မကောင်းတာ နဲ့ ရုံးက နေခွင့်တိုင် ပြီး အိမ်မှာ ဝေယျာဝစ္စယောဂီ လုပ်နေတုန်း မနက် ၁၁ နာရီလောက် ထင်ပါတယ် ရုတ်တရက် ဂျက်လေယာဉ် အကြီးကြီး တစ်စင်း အနီးကပ် မောင်းလိုက် သလို မျိုး အသံကြီး ဝေါခနဲ ပေါ်လာပါတယ်။ အိမ်နီးချင်း ဒေါက်တာမ က သူ့ ကလေးကိုချီပြီး "ဟီဒို့....ဟီဒို့....ဟီဒို့" နဲ့ ဆက်တိုက်အော်နေတာ နဲ့ ဘာ ဖြစ်တယ် ဆိုတာ မေးလို့ မရနိုင်ပဲ ကြောင် နေမိပါတယ်။ အဲဒီ အခါ မှာ ခင် က ကလေး အငယ်လေး ကိုချီခေါ် လာပြီး အပြင်ကို ထွက်ဖို့ အသည်းအသန်ပြော ပါတယ်။ ဒါပေမယ့် ကျနော့် ရဲ့ သွက်လက် ဖြတ်လတ်တဲ့ ကွန်ပျူတာ ဦးနှောက် က ချက်ချင်း အလုပ်မလုပ်သေးပဲ "ဟီဒို့" ဆိုတာ နဲ့ ဝေါခနဲ ကြားရတဲ့ အသံ ကို စဉ်းစား ဆက်စပ်နေပါတယ်။ နောက်မှ ခြံ တခါး မကြီး က တဗျန်းဗျန်း မြည်လာပြီး အိမ် နှစ်လုံး စလုံး ကို ရုတ်တရက် ဆွဲခါ လိုက်သလို မျိုး လှုပ်သွား တော့ မှ အော်..ငလျင် လှုပ်တာပါ့ လား ဆိုပြီး သဘောပေါက် ပါတော့တယ်။ :)

အဲဒီတော့ မှ ကလေး အကြီး ကို ကျနော်၊ ကလေး အငယ် ကို ခင် က ချီပြီ ဖိနပ် တောင် မစီး နိုင်တော့ ပဲ အိမ်ရှေ့ ကို ပြေးထွက် ကြရပါတယ်။ အိမ်နီး ချင်း ဒေါက်တာမမ ကတော့ ဘာစကား မှ မေးလို့ မရပဲ တ ဟီဒို့ ထဲ ဟီဒို့ နေပါတယ်။ ငလျင်က တော့ သုံးလေး မိနစ် အတွင်းမှာ သုံး ကြိမ်လောက် လှုပ်ခါ ပြီး ငြိမ်သွား ပါတယ်။ အဲဒီမှာ အိမ်နီးချင်း က အိမ်ထဲ ပြေးဝင် ပြီး တီဗွီ ထ ဖွင့် သတင်း မှန်သမျှ ကြည့်ပါတော့တယ်။ အင်ဒိုနီးရှား အစိုးရ က လွင့်ဆဲ လိုင်းအားလုံးကို ဖြတ်ပြီး Breaking News Live ဆိုပြီး တိုက်ရိုက် ငလျင် အကြောင်း ကိုပြောပါတော့တယ်။ တကယ်တော့ ငလျင် ဟာ ဘာလီကျွန်းရဲ့ မြို့တော် ဒန်ပါဆာ ရဲ့ အနောက် မြောက် ဘက် မြေအောက် ၁၀ ကီလိုမီတာ လောက် ကို ဗဟိုပြု ပြီး လှုပ်သွား တာဖြစ်ပြီး ၆.၈ မဂ္ဂနီကျု ရှိပါတယ်တဲ့။

ဟာဝိုင်ယီ အခြေဆိုက် ဆူနာမီ သတိပေးဌာန အဆိုအရ ငလျင်ကြောင့် ဆူနာမီရေးလှိုင်း ဖြစ်နိုင်ဖွယ် မရှိဘူး ဆိုမှ သာ ဟင်းကနဲ သက်ပြင်းချ နိုင်ပါတယ်။ ဖြစ်ရင်လဲ ဆူနာမီဇာတ်လမ်းတွေ၊ သဘာဝဘေးအန္တာရယ် အကြောင်း ဇာတ်လမ်းတွေ ကြည့်ထားပြီး အတွေ့အကြုံ ရှိဖူးထားသလို ဖြစ်နေတော့ သိပ်မကြောက်ပါဘူး။ :) ချက်ချင်းဆိုသလို အထုပ်ထ ပြင်ထားပါတယ် :)) ပတ်စပို့၊ ကလေး စောင်၊ ရေဗူး၊ မုန့်၊ ကလေးချီတဲ့ ခါးပတ် လိုဟာတွေ ကို အဆင်သင့်လုပ်ထားပါတယ်။ အိမ်နီး ချင်း အပြောအရ အဲဒီလို ဘေးအန္တာရယ်မျိုး ကိုရှောင်မယ် ဆိုရင် ကား နဲ့ လုံးဝ အဆင်မပြေ နိုင်ဘူးလို့ ဆိုပါတယ်။ ဟုတ်တယ်လေ။ လမ်းမှာ ပိတ်နေတာနဲ့ပဲ လွတ်မှာ မဟုတ်တော့ ဘူး။ သူ့ မှာ ကဆိုင်ကယ် နှစ်စီး ရှိတော့ အဆင်ပြေတယ် (ဆိုင်ကယ် နှစ်စီး အပြိုင်စီးလို့ ရတာပေါ့ :)) ကျနော်လဲ ဆိုင်ကယ် ကိုလူတွေ အများကြီး နဲ့ မစီး ဘူးတော့ စီးခဲ့ ရင် ဘယ်လို ဆိုတာ ကြိုတွေးထားပါတယ်။

အဆင်သင့် ပြင်ပြီးပြီဆိုတော့ သတင်းတွေကိုပဲ မျက်ခြေမပြတ် စောင့် ကြည့် နေပါတယ်။ လေဆိပ် နားက ကုတ (Kuta) ဆိုတဲ့ နေရာ မှာ ဆောက်လက် စ အဆောက် အအုံ တစ်ခု ပြိုကျ သွားတယ် လို့ ကြေငြာသွားပါတယ်။ နောက်ထပ် ပြီး အာဆီယံထိပ်သီး ဆွေးနွေးပွဲ ကျင်းပမယ့် နူဆာဒူဝါ (Nusa Dua) မှာလဲ ဆောက်လက်စ အဆောက် အအုံ တစ်ခု ပြိုကျ သွားပြန်ပါသတဲ့။ ဘာလီ ရဲဌာန ရဲ့ ဘာလီ အနှံ လမ်းစုံ လမ်ခွ တွေမှာ တပ်ထားတဲ့ စီစီတီဗွီ (CCTV) တွေကို တိုက်ရိုက် ဖွင့် ပြပြီး လက်ရှိ ဖြစ်ပျက်နေတာ ကို ပြပါတယ်။ ဘာလီရဲ့ နေရာ ဒေသ အစုံ ကလူတွေကို ဖုန်းဆက်ပြီး တိုက်ရိုက် မေးမြန်း ချက်တွေကို ထုတ်လွှင့်ပါတယ်။ ဘယ်နေရာတွေမှာ ဘာဖြစ်နေတယ် ဆိုတာ တီဗွီသတင်း ကြည့်နေရင်းနဲ့ သိလို့ စိတ်မပူတော့ ပါဘူး။ ဘာမှ မသိရတာ သာ ကြောက်စရာ မလား။



နိုင်ငံတကာ သတင်းဌာနတွေ ကလဲ နေရာ အနှံ့ က နိုင်ငံတကာ ခရီးသွားဧည့်သည် တွေကို အင်တာဗျူးပြီး တိုက်ရိုက် ထုတ်လွှင့်ကြပါတယ်။ အင်ဒိုနီးရှား အစိုးရ ငလျင်သတိပေး ဌာနကနေ လုံးဝ စိုးရိမ်စရာ မရှိတဲ့ အခြေ အနေမျိုးထုတ်လွှင့် ပြီးတဲ့ အခါမှ အားလုံး စိတ်ချလက်ချ နေနိုင်ပါတော့တယ်။ အိမ်နီးချင်း ဘာလီ လူမျိုးကတော့ ဘာလီကျွန်းကို နတ်ဒေ၀တာ တွေ အမြဲစောင့်ရှောက်တဲ့ အတွက် သဘာဝဘေး အန္တာရယ်တွေက နေ ကင်းလွတ်နေတယ် ဆိုပါတယ်။ ဘူမိဗေဒပညာရှင်တွေအဆို အရ ဂျာဗားကျွန်းမကြီး နဲ့ ဆက်စပ်မှု မရှိတဲ့ ဘာလီကျွန်းဟာ ငလျင်အန္တာရယ် ဖြစ်နိုင်ခြေ ဟာ တခြားကျွန်းများ နဲ့ တန်းတူမဟုတ်သည့် တိုင် ကွာခြားချက် သိပ်မရှိလှဘူးလို့် ဆိုပါတယ်။ ဒါပေမယ့် အင်ဒိုနီးရှား မှာငလျင်နဲ့ ဆူနာမီလို သဘာဝဘေးအန္တာရယ် ကြုံတိုင်း အစိုးရအရာရှိကြီးတွေ နဲ့ ပညာရှင်တွေ ဘာလီကျွန်း ဘာကြောင့် ကွက်ကွက် လေး ကျန်နေခဲ့တယ် ဆိုတာ တအံ့တသြ ဆွေးနွေးကြရတယ် လို့ ပြောစမတ်တွင်ပါတယ်။

ဒါကြောင့်လဲ ဘာလီ ကို နတ်ဒေ၀တာတွေ စောင့် ရှောက်ထားတဲ့ မီးလျှံစက်ကွင်း ထဲက ကျွန်းလို့ "The Blessed Island of The Ring of Fire"လူတွေပြောကြ တင်စားကြရတာ ဖြစ်ပါတယ်။ ။


ဆက်စပ်ဖတ်စရာ။ ။ မီးလျှံနိုင်ငံ

22 comments:

Anonymous said...

တကယ်လည်း စောင့်ရှောက်နေကြတဲ့ မမြင်နိုင်တဲ့ အရာတွေ ရှိနေနိုင်ပါတယ် အကို ... အကျင့်သီလသာကောင်းနေမယ်ဆိုရင် ဘေးဒုက္ခကြုံလည်း လွတ်မြောက်နိုင်မှာပါ .... အကိုတို့မိသားစု ဘေးကင်းပါစေ ....

ဆောင်း said...

ငလျှင်အကြောင်းရေးထားလို့ ကိုယ်ချင်းစာမိပါတယ် ကိုအေအေတူတို့ မိသားစု အန္တရယ် ကင်းပါစေ

ပုဂံငလျှင်တုန်းက ဆိုရင် အိမ်ကို ဇကောဝိုင်း လှည့်သလို လည်တာ ဒါတောင် ရန်ကုန်နော်.. ချောက်ညောင်ဦးဆို အတော်ဆိုးခဲ့တာ စေတီပုထိုးတွေ ပြိုကျတာ တကယ့်ကို ကြေကွဲစရာပါ

တောက်ပကြယ်စင် said...

ဒကာတော်တို့ မိသားစု ဘေးဘယာကင်းဝေးကြပါစေဗျာ...

ငလျှင်ဆိုလို့ ငယ်ငယ်က အစ်မတွေ ကောက်စိုက်နေတုန်းပါ လှုပ်ခတ်သွားပါတယ်။ အစ်မတွေ ရှေ့ကို ငိုက်ကျတော့မလို့ပဲ။ ပြန်သတိရတာ ပြောပါ
တယ်။

အားလုံး ဘေးဘယာ ကင်းဝေးကြပါစေ...

မန်းကိုကို said...

Datuk - ငလျင်တစ်ခါလှုပ်မှ စာတစ်ခါ ထရေးတော့တယ်လား :-)

ဘေးကင်းလုံးခြုံပါစေဗျာ ။

ချော(အစိမ်းရောင်လွင်ပြင်) said...

၆.၈ မဂ္ဂနီကျူဆိုတော့ မနည်းဘူးနော်
လန့်ဖို့ကောင်းတယ်
တော်သေးတာပေါ့ ဆူနာမီတွေ ဘာတွေ မလာတာ
ပင်လယ်နဲ့နီးတော့ စိတ်ပူဖို့ကောင်းတယ်
အန္တရာယ်ကင်းတယ်ဆိုလို့ ဝမ်းသာမိပါတယ်
နောင်ကိုလဲ သဘာဝဘေးအန္တရာယ်တွေနဲ့ ဝေးပါစေနော်။
နတ်ဒေဝတာတွေ အမြဲစောင့်ရှောက်ပါစေ

PhyoPhyo said...

ဟယ် .. ငလျင်လှုပ်တာလား။ တော်တော်တော့ပြင်းတာပဲ။
တော်ပါသေးရဲ့ ကလေးတွေရောလန့်သွားသေးလား။
ဘီလီကျွန်းကို နတ်ဒေ၀တာတွေစောင့်ရှောက်တယ်ဆိုလာလည်း ဟုတ်မှာ။
ဂဠုံစီးဗိဿနိုးနတ်မင်း ကို ငလျင်ကကြောက်လို့နေမှာ။
ဘေးအန္တရာယ်ကင်းရှင်းကြပါစေ ဆုတောင်းလျှက်ပါ။

ခရစ္စတလ် said...

ထိုင်းမှာလည်း ဂဋ္ဌုန်ကိုစီးနေတာ ဘာရုပ်ကြီးမှန်းမသိဘူး၊ အခုမှ သိတယ်၊ ဘာလီငလျင်ကြားကတည်းက စိတ်ပူနေတာ၊ မိသားစု ဘေးကင်းတယ်ဆိုလို့ ဝမ်းသာပါကြောင်း...

ကြောင်ဖြူများရှင် said...

Ring of fire ကို ဖင်ခုထိုင်ထားတဲ့ နိုင်ငံ အတွက်တော့ စိုးရိမ်စရာ ပါပဲဗျာ။

ဘာပဲဖြစ်ဖြစ်လေ.... ကိုအေအေတူအိုက ဗလ ကောင်းနေတော့ တော်သေးပါတယ်..... ဟီးဟီး။ (ဘာမှလည်း မဆိုင်)

မိုးယံ said...

မထိတ်သာ မသန့်သာ ကိုကိုအေရာ...

ဘူမှ ဘာမှမဖြစ်ဘူး...မိသားစုလည်း ဘေးကင်တယ် ဆိုတော့ ၀င်းသာ စရာပေါ့။

Anonymous said...

Oh my godddddd 3လပိုင်း ဒုတိယအကြိမ်မြောက် ဘာလီသွားဖို့  လက်မှတ်တောင်ဝယ်ပြီးမှ. ဟင်းးးးးးး

မေသိမ့်သိမ့် ကျော် said...

ဘာလီသွားချင်နေတာ....။ သွားရဲတော့ဘူး။ ဒါပေမယ့် နောက်ဆုံးစာကြောင်းလေးကြောင့် နည်းနည်းတော့ အားတက်သွားတယ်။ Blessed Island of The Ring of Fire ဆိုလို့...း)


ခင်တဲ့
မေသိမ့်

နေ၀သန် said...

ကျွန်းနိုင်ငံတွေမှာနေရင် ဒီအန္တရာယ်ကလည်း မသေးဘူးပဲ... ငလျင်တင်မကဘူး.. နောက်ဆက်တွဲ ဆူနာမီကပါလာနိုင်သေးတယ်ဗျာ.... အားလုံးအဆင်ပြေပါစေဗျာ....

ခင်မင်လျက်
နေ၀သန်

ညီရဲ said...

အင်ဒိုမှာ ငလျင် ခဏခဏလှုပ်တာကိုတော့ ကြားနေရတယ်...
အန္တရာယ်တော့ များမယ်နော်...
ခလေးရောရှိတယ်တယ်ဆိုတော့ ဂရုစိုက်ပါ အစ်ကို...
ကျန်းမာချမ်းသာဖို့ အတွက် ဆုတောင်းပေးလိုက်ပါတယ်...

Nyi Nyi said...

ရင်တုန်ပန်းတုန်ရှိပါဘိ၊ ကိုရင်သောင်း။ အန္တရယ်ကင်းဘေးရှင်းပါစေဗျာ။

စော(အဝါရောင်မြေ) said...

ဘာလီကလူ အများစုက ဘာသာခြားဖြစ်ပေမယ့် သီလလုံးခြုံသူ များလို့ သာ ကပ်တွေက ကင်းဝေးနေတာ ဖြစ်ပါလိမ့်မယ်။ အခြေခံလူကျင့်ဝတ်တွေ လုံးခြုံရင် တရားက ကိုယ့်ကို ပြန်စောင့်ရှောက်တယ်ဆိုတာ ဖြစ်မှာပဲ။

Maung Myo said...

ထူးဆန်းစိတ်ဝင်စားစရာပဲနော့် ဘာလီကျွန်းလေးပဲ ကွက်ကျန်ခဲ့တယ်ဆိုတာလေး ။ ဘာပဲဖြစ်ဖြစ် အဲ့လို The Blessed Island of The Ring of Fire" နေရာလေးမှာ အစ်ကိုတို့ ရှိနေတာဆိုတော့ စိတ်အေးရတာပေါ့ အမြဲဘေးကင်းပါစေဗျာ ။

မြသွေးနီ said...

တော်တော်ပြင်းတဲ့ ငလျင်ပဲ...။
သဘာဝဘေးအန္တရာယ်က မထင်မှတ်တဲ့နေရာက ၀င်လာတတ်တာမျိုးနော်..။
ဘာလီက ကျွန်းနိုင်ငံလေးဆိုတော့ ကျွန်းကို စောင့်ရှောက်တဲ့ နတ်ကောင်းနတ်မြတ်တွေ ရှိမယ်ထင်တယ်။ ဘေးအန္တရာယ် ကင်းရှင်းပါစေရှင်။

သူကြီးမင်း (တုံးဖလား) said...

သတိတော့ထားဗျာ။ သတိဆိုတာ ပိုတယ် မရှိဘူး။ ဒီ သဘာဝဘေးဒဏ်တွေကလဲ ဟိုနား ဒီနား တယ်လဲ ပေါများသကိုးးးး။

အားလုံးအဆင်ပြေအန္တရာယ်ကင်းပါစေ။

ခင်မင်လျှက်

Anonymous said...

အားလုံးအဆင်ပြေအန္တရာယ်ကင်းပါစေ။

မအိမ်သူ said...

ငလျင်က အတော်ပြင်းတာပဲ.. ကြောက်စရာ.. ဒါပေမယ့်လည်း ဘုရားတရားဂုဏ်တွေနဲ့ နတ်ကောင်းနတ်မြတ်တွေက စောင့်ရှောက်နိုင်ပါတယ်။း)

ဟန်ကြည် said...

ကိုအေအေတူ စာရေးကျဲနေတယ်ဗျ...ပို့အဟောင်းတွေပဲ ပြန်လှန်ဖတ်နေရတယ်...ဖတ်စရာကုန်သလောက်ရှိနေပြီမို့ အသစ်လေးတွေ လုပ်ပါဦးလား...ခရီးသွားဘလော့ဂါဆိုလို့ ကိုအေအေတူပဲ လောက်လောက်လားလားရှိတာ...အတွေ့အကြုံလေးတွေ ဝေမျှပါဦးလို့ request လုပ်ပါရစေ...

AH said...

အစ်ကိုပြောမှ သတိရတော့တယ်... အရေးပေါ်အချိန်ကြရင် အရေးကြီးတဲ့ ပစ္စည်းတွေ တစ်ပါထည်းယူလို့ရအောင် အထုတ်ကလေး နဲ့ ပြင်ထားဦးမှ.. မဟုတ်ရင် အရေးပေါ်ကျတော့မှ ဟိုဟထဆွဲ ဒီဟာ ထဆွဲဆိုရင် မလွယ်လှဘူးနော်...

License

License
Thank you very much for visiting my blog. I really do. I am trying to write and share my knowledge, experience,information etc etc. I would be very much appreciated for your either encouraging or critical comments to my any post. Furthermore, some photos herein the posts are not mine and perhaps some information too. However I always try to credit or mention the courtesy of the respective owner and/or where I got it from. Anyway please leave your message anything regards to my blog or if you want to use any part of information from my blog. I would follow up thereafter your message, accordingly.
Contact: thomasjrlatt@gmail.com