မြန်မာ လူမျိုးတို့ ၏ နမိတ်အယူ အဆ
အိမ်၌ ထွန်းထားသော မီးခွက် ရုတ်တရက် ငြိမ်းခြင်း၊ အိမ်မြှောင်ကျခြင်း၊ စုတ်ထိုးခြင်း၊ မကောင်းသော အိမ်မက် မက်ခြင်း၊ လင်းတ နားခြင်း၊ ငှက်ဆိုး ထိုးခြင်း၊ ရွာတွင်းသို့ တောတိရစ္ဆာန် ၀င်ခြင်းစသည်တို့ ကို အတိတ်ဆိုး နိမိတ်ဆိုးဟု မြန်မာလူမျိုး တို့ ရိုးရာ အစဉ် အလာအတိုင်း လက်ခံ ယုံကြည် ထားကြသည်။ အမှန်မှာ အကြောင်းတခုခုကြောင့် (ဥပမာ လေတိုက်သောကြောင့်) ထွန်းထား သော မီးခွက် ငြိမ်း သွားနိုင်သလို၊ အိမ်မြှောင် အချင်းချင်း စုတ်ထိုး ဆက်သွယ်ခြင်း၊ စိတ်စွဲ မှု တခုခု ကြောင့် အိမ်မက် အမျိုးမျိုး မက်နိုင်ခြင်း များ ရှိနိုင်ပါသည်။ လင်းတ ငှက်တို့ ခေတ္တနား ခိုသည်မှာလဲ အကောင် သေတခုခု မြင်၍ သို့ မဟုတ် အခြား အကြောင်း တခုခုကြောင့်လည်း ဖြစ်နိုင်ပါသည်။၊ ငှက်ဆိုး ဟု အခေါ်ခံရသည့် (လင်ကောင်ပိုး သို့မဟုတ် မိန်) ကို ဒုနိမတ္တိ (နမိတ်မကောင်း သည့် ငှက်) ဟု သတ်မှတ်ထား သော်လည်း အမှန်မှာ လယ်သမား တို့ ၏ အဓိက ရန်သူဖြစ်သော ကြွက် တို့ ကို ကျယ်ကျယ် ပြန့်ပြန့် သုတ်သင် ရှင်းလင်း သည့် မိတ်ဆွေငှက် သာ လျှင်ဖြစ်သည်။
ဠင်းတ၊ လင်းတ၊ လဒ (အစဉ်အလာ မကောင်းခဲ့လေသလော)
“လင်းတမှိုင်မှိုင်သည်” ၊ “စာသူငယ် ကြား၊ လင်းတ နားသကဲ့သို့” အစရှိ သဖြင့် လင်းတ ကို လန်းဆန်း တက်ကြွ မှု မရှိခြင်း၊ ကြီးမား ၍ အကျည်းတန်သော ငှက် အဖြစ် ကျယ်ကျယ်ပြန့် ပြန့် ခိုင်းနှုင်းကြ သည်။ အကောင်သေ ပုပ် စား၍ အောက်လမ်း၊ မကောင်း ဆိုးရွား စသည်တို့ နှင့် ဆက်စပ် မှု ရှိသော ငှက် အဖြစ် ကြောက်လန့် ရွံ့ ရှာ ကြသည်။ ကျက်သရေ မင်္ဂလာ မရှိသော ငှက် အဖြစ် သတ်မှတ်ကြသည်။
“And I bore you upon wings of vultures
and brought you unto me” (Exodus 19:4)"
ဟီဘရူး တို့ ဘုရားသခင် ယေဟိုးဝါး ကို လင်းတ ငှက်နှင့်ရွေးခြယ် ခိုင်း နှိုင်း ညွှန်းဆို ခဲ့ကြ ခြင်းမှာ ၄င်းငှက် ၏ မယုံကြည်နိုင် လောက်အောင်ထူးဆန်း လှသည့် ပျံသန်း မှု ပါရမီ စွမ်းပကား ကို လေးစား သဘောကျလွန်း သောကြောင့် ဖြစ်သည်။ လင်းတငှက် တို့ ၏ အလွန်မြင့်မား လှသော ဝေဟင် မှာ အတောင် လေဟုန်စီး ပြီး ခရီး နှင်နိုင်ခြင်း ကို အားကျလွန်း သောကြောင့် ချီးမွန်း ညွှန်းဆိုခြင်း ဖြစ်သည်။ အမှန် တကယ်လဲ လင်းတငှက် များ ဟာ ယုံကြည် နိုင်စရာ မကောင်းလောက် အောင် ထူးဆန်း သောငှက် များဖြစ် ပြီး ကမ္ဘာ့ သမိုင်း တစ်လျှောက် ၏ ယဉ်ကျေး မှု့ နယ်ပါယ် အသီးသီး မှာ အရေးပါသော ငှက် အဖြစ် ပါဝင်ခဲ့ သည်။ လွတ်မြောက်ရာ ကျမ်း (Exodus 19:4) မှာ ဂျိမ်းစ် ဘုရင် (King James) ၏ အင်္ဂလိပ် ဘာသာပြန် အဆိုမှာ လင်းယုန်ငှက် (Eagle) အဖြစ် ပြန်ဆိုထား သော်ငြား မူလဟီဘရူးဘာသာ ဖြင့်ရေးထားသော (Nesher) ၏ အဓိပ္ပါယ် အမှန်မှာ လင်းတ (Vulture) သာ ဖြစ်သည်။
မြောက် အမေရိက တိုက်ရှိ ဒေသခံ တိုင်းရင်းသား မျိုးနွယ်စု များ အတွက်မှာမူ လင်းတ ငှက်သည် မျိုးနွယ်စု တစ်ခုလုံး ကိုကိုယ်စား ပြုသော မြင့်မြတ်သည့် တိရိစ္ဆာန် (Totem Animal) ဖြစ်သည်။ လင်းတငှက် သည် စိတ်ဝိဉာဉ် ရှင်းသန့်စေခြင်း ကို ကိုယ်စား ပြုပြီး၊ အခက်အခဲ များ ကို ရဲရဲဝံ့ဝံ့ ရင်ဆိုင် နိုင်စေသော ခွန်အား ကို ပေးသည် ဟု ယုံကြည် ကြသည်။
လင်းတ ငှက်သည် ရှေးဟောင်း အီဂျစ် နိုင်ငံ၏ ယဉ်ကျေး မှု့ ဓလေ့ထုံးစံ များ မှာလည်း အရေးပါသော အခန်း ကဏ္ဍ များ ၌ ပါဝင်သည်။ တန်ခိုးကြီး အကြီးဆုံး နှင့် အထင်ရှားဆုံး အီဂျစ် နတ်ဘုရား များ ၌ တစ်ပါး အပါအ၀င် ဖြစ်သော မွတ် (သို့ မဟုတ်) နက္ခဘတ် (Mut or Nekhbet) နတ်ဘုရား မသည် ကြီး မား ကျယ်ပြန့် သော တောင်ပံ နှစ်ဘက် ရှိပြီး လင်းတ ငှက်၏ ဦးခေါင်း ပုံသဏ္ဍန် ရှိသည်ဟု ဆိုသည်။
ကမ္ဘာပေါ်တွင် လင်းတ မျိုးရင်း၊ မျိုးစိတ်ပေါင်း များစွာ ရှိသော်လည်း လားရာ အခြေခံ တူညီမှု့ နှစ်ရပ်သာ ရှိသည်။ တစ်မျိုးမှာ သိမ်း၊စွန်၊လင်းယုန် အနွယ်ဝင် ဖြစ်သော ကမ္ဘာဟောင်းလင်းတ (Falconiformes or Old World Vultures) နှင့် ခရုတုတ်၊ ငှက်ကျား စသည့် ရေငှက်ကြီး များ နှင့် အမျိုးတော်သူ ကမ္ဘာသစ်လင်းတ (Ciconiiformes or New World Vultures) တို့ဖြစ်သည်။
မြန်မာနိုင်ငံ နှင့် လင်းတ
ကမ္ဘာအရပ်ရပ်ရှိ အချို့ နိုင်ငံများ တွင် လင်းတငှက် အမျိုးမျိုးမှာ တခြား တောရိုင်း တိရိစ္ဆာန် အချို့ နည်းတူ မျိုးတုန်းသွားခဲ့ပြီ ဖြစ်သည်။ မြန်မာ နိုင်ငံ တွင်လည်း များစွာ သော ငှက်မျိုးစိတ်များ၊ တောရိုင်း တိရိစ္ဆာန်များ များ မျိုးတုန်းခဲ့ပြီး၊ မျိုးတုန်း အန္တာရယ် နှင့် ရင်ဆိုင် နေရ သည့် အရေအတွက် များစွာ ရှိသည်။ မြန်မာနိုင်ငံ၌ ရှင်သန်ကျက်စား ခဲ့သော ဘဲခေါင်းပန်းရောင် (Pink-headed Duck) မှာ ၁၉၅၀ ခုနှစ်များ ကတည်းက ၀မ်းနည်းဖွယ် ရာ ကမ္ဘာ့မြေပေါ် မှ ပျောက်ကွယ် ခဲ့ရပေပြီ။
သဘာဝ ပါတ်ဝန်းကျင် ကို ချစ်မြတ်နိုးသူ၊ ကိုယ်တိုင် မြန်မာနိုင်ငံ အနှံ့ အပြားရှိ တောနက် များ သို့ အပင်ပန်းခံ၊ စိတ်အား ထက်သန်စွာ လေ့လာ သုတေသန ပြုနေသူ တစ်ဦး ၏ ဆောင်းပါး မှတ်စု ကို အရင်း အတိုင်းတင်ပြလိုက်ပါသည်။
Ref:
- V- Vutures (Nature’s Nobel Caretaker) by Turkey Vulture Society
- E- Wikipedia
ကိုနိုင်လင်း (WCS) ဟုးကောင်း၊ တနိုင်းဒေသ (လင်းတ ၊ ငဟစ်ဗိုက်ဖြူ နှင့် တခြား ရှားပါး သားငှက် တိရိစ္ဆာန် များ ကို ကွင်းဆင်း သုတေသန ပြူ စာရင်းကောက်နေသူ) ၏ မှတ်စု ဆောင်းပါး
ယခု လက်ရှိမြန်မာ နိုင်ငံ တွင် ကျက်စား နေထိုင်သော လင်းတ မျိုးစိတ် (၆) မျိုးရှိသည်။ ၄င်း တို့ အနက် လင်းတမျိုး စိတ် သုံး မျိုး မှာ ဆောင်းခိုငှက် (Migrating Bird) ဖြစ်ပြီး ကျန်သုံး မျိုးမှာ ဌာနေငှက် (Resident Bird) ဖြစ်ပြီး ကမ္ဘာပေါ်တွင် မျိုးသုဉ်းရန် အလွန်နီးကပ်နေသော အခြေအနေ (Critical Endangered) နှင့် ကြုံတွေ့ နေရသည်။ ထိုမျိုးစိတ် တို့ မှာ
၁။ လင်းတ မြီးရင်ဖြူ (White-rumped Vulture Gyps bengalensis)
၂။ နှုတ်သီးလုံးချော လင်းတ (Slender-billed Vulture Gyps tenuirostris)
၃။ ဦးခေါင်းနီ လင်းတ (Red-headed Vulture Aegypius clvus) တို့ ဖြစ်သည်။ ယင်းငှက် မျိုးစိတ်များ အနက် မှ လင်းတမြီးရင်းဖြူ အကြောင်း ကိုတင်ပြချင်သည်။
လင်းတမြီးရင်းဖြူ သည် မြန်မာ၊ ပါကစ္စတန်၊ အိန္ဒိယ၊ ဘင်္ဂလားဒေရှ်၊ နီပေါ၊ ဘူတန်၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ အာဖဂန်နစ္စတန် နှင့် အီရန် နိုင်ငံများ တွင် နေထိုင်ကျက်စားလျက်ရှိသည်။ ယခင်က တရုတ် နှင့် မလေးရှား နိုင်ငံ တို့ တွင် ယခု အခါ မတွေ့ ရှိရတော့ သဖြင့် မျိုးသုဉ်း ပျောက်ကွယ် သွားပြီဟု ယူဆရသည်။ မြန်မာ နိုင်ငံတွင် ရှေးယခင်က နိုင်ငံ တ၀ှမ်း တွေ့ ရှိခဲ့ရသော်လည်း ယခု အခါ မြန်မာနိုင်ငံ မြောက်ပိုင်း (ကချင်ပြည်နယ်)၊ အနောက်ပိုင်း (ရခိုင် နှင့် ချင်း ဒေသ) နှင့် ရှမ်းပြည်နယ် မြောက်ပိုင်း တွင် သာ တွေ့ရတော့သည်။ သို့ရာတွင် မြန်မာ နိုင်ငံ မြောက်ပိုင်း ဟူးကောင်းဒေသနှင့် အင်းတော်ကြီး ဒေသတစ်ဝိုက် တွင်သာ ပေါများစွာ တွေ့ နိုင်သေးသည်။
Photo by Naing Lin (WCS) © Copy Right
လင်းတမြီးရင်းဖြူသည် အထ နှေးကွေးသော ငှက်မျိုး ဖြစ်ပြီး သင့်တော်သော အပူရှိန် ရရှိသည့် အခါများတွင် သာ ပျံ ၀ဲပြီး အစာရှာနှိုင်သည်။ လေဟုန်စီး ပျံဝဲနေသော အခါတွင် မြင်ရသော အသေကောင် ကို အောက်သို့ ထိုးဆင်း ၍စားလေ့ ရှိသည်။ လင်းတ တို့ သည် အစာ ရှိရာ ပါတ်ဝန်းကျင် ရှိ သစ်ပင်ကြီးများ ပေါ်တက်၍ နားလိုက်၊ အစာရှိရာ အောက်သို့ ဆင်း၍ စားလိုက် လုပ်လေ့ရှိသည်။ လူသူ အနှောက် အယှက်များ ရှိပါက တနေကုန် အစာမစားဖြစ်တော့ ပဲ နီးစပ်ရာ သစ်ပင် ကြီးများ ပေါ်တွင် ညအိပ်နား ကြသည်။ ဆောင်းတွင်းအခါတွင် နံနက်ပိုင်း ၌ မြူများ ဆိုင်းနေပါက မြူကင်းရှင်း ပြီး နေရောင် ခြည် ကောင်းစွာ ရသည့် အချိန်ကို စောင့် ၍ ၄င်း အချိန်မှ သစ်ပင်ပေါ်မှ ဆင်းသက် အစာ စားသောက်ကြသည်။ အစာစားပြီးချိန် တွင် အနီးအနား ၌ ရေအိုင်၊ ချောင်း၊ မြောင်း သည်တို့ ရှိပါက ရေချိုးခြင်း၊ ရေသောက်ခြင်း အလေ့အထ ရှိသည်။
လင်းတမြီးရင်းဖြူသည် အသိုက်ကို အလွန်မြင့်မားသော သစ်ပင်ကြီးများ ပေါ်တွင် ဆောက်လုပ်ကြသည်။ အသိုက်ကို သစ်ကိုင်း၊ သစ်ရွက် များဖြင့် ဆောက်လုပ်ကြသည်။ အများအားဖြင့် နေထိုင်ကျက်စားရာ အနီးဝန်းကျင် ရှိ လူသူအရောက် အပေါက်နည်း သော သစ်ပင်များ၊ ချောက်ကမ်းပါး များတွင်ဆောက်လုပ်ကြသည်။ အောက်တိုဘာလ မှ ဧပြီလ အတွင်း မျိုးပွားကြသည်။ လင်းတ တစ်စုံ အတွက် အသိုက်တစ်သိုက် တွင် တစ်ဥ သာဥ ပြီး တစ်ကောင်သာ ပေါက်သည်။ အကောင်ပေါက် ကလေးများ မေ သို့မဟုတ် ဇွန် လ ခန့် တွင် အတောင်စုံ ၍မိဘများ နှင့် အတူ အစာရှာ ထွက်နိုင်သည်။ အကောင်ပေါက် များ (Juvenile) မှာအရွယ် ရောက်ပြီး အကောင်ကြီးများ (adult vulture) များနှင့် မတူပါ။ အရွယ်ရောက်ရန် သုံး နှစ်မှ လေး နှစ် အထိ ကြာမြင့် ပါသည်။ ထို အချိန်မှသာ မိတ်လိုက် ခြင်း၊ မျိုးပွားခြင်း တာဝန်ကို ထမ်းဆောင် နိုင်ကြသည်။
ရင်ဆိုင်နေရသော အန္တာရယ်များ
ရှေးယခင်က လင်းတငှက်များ ကို ပေါများစွာ တွေ့ ရှိရပြီး ယခုအခါ လွန်စွာ ရှားပါး သွားသည် ကို သတိပြုမိကြပေလိမ့် မည်။ အလွန်ရှားပါးသွား ရသော အဓိက အကြောင်း အရင်းမှာ လင်းတငှက်များ နေထိုင်ရာ နေရာများ ပျက်ဆီး ဆုံးရှုံးသွား ခြင်း၊ ၄င်းတို့ အသိုက်ဆောက် မျိုးပွားသည့် အပင်များ ဖျက်စီးခံရခြင်း (တောင်ယာခုတ်၊ တောမီးရှို့၊ သစ်ထုတ်)၊ လူတို့၏အကြောင်းအမျိုးမျိုး ကြောင့် (ဖမ်းစီး၊ သတ်ဖြတ်ခြင်း၊ အဆိပ်သင့်၍ သေဆုံးသော အကောင်များ ကို စားသုံးမိခြင်း) တို့ကြောင့် ဖြစ်သည်။
အိန္ဒိယ၊ နီပေါ နှင့် တချို့ နိုင်ငံ များတွင် ကျွဲနွား ရောဂါ ကာကွယ်ဆေး (အယောင်ကျဆေး) အဖြစ် အသုံးပြုသော Declofenac (non-steroidal anti-inflammatory drug) ဆေးများကြောင့် လင်းတ အများအပြား သေဆုံးခဲ့ သော ဖြစ်ရပ် များရှိသည်။ ၄င်းဆေးထိုးထား သော ကျွဲနွား အသေများ ကို လင်းတများ စားသုံး မိပါက ကျောက်ကပ်များ ပျက်စီး ကာ သေဆုံးကြရသည်။ သို့ ဖြစ်၍ အဆိုပါနိုင်ငံ များ မှာ ၄င်းဆေး ပြည်တွင်းသို့ တင်သွင်းခွင့် ကို ပိတ်ပင်ထားကြသည်။ ၀မ်းမြောက်စရာ အချက်မှာ မြန်မာ နိုင်ငံတွင် လင်းတများ ကျက်စားရာ ဒေသတ၀ိုက်ရှိ ကျွဲနွား များတွင် အဆိုပါဆေး သုံးစွဲခြင်း ကိုမတွေ့ရသေးပေ။
လင်းတငှက်များသည် အပုပ်၊ အသိုးများကို စားသောကြောင့် လူသား အများစု သည် အလွန်ရွံရှာ ဖွယ်ရာ ကောင်း သော ငှက်၊ အတိတ်နမိတ် မကောင်း သောငှက်အဖြစ် ရှေး ယခင်ကာလများမှ စ၍ ယခု အချိန် အထိ ထင်မြင် ယူဆကြပါသည်။ လူသားများသည်လည်း အသားများ ကိုစားသုံးကြပြီး အကယ်၍ အနံ့ထွက် နေပါက ဆားများဖြင့် နယ်၍ အခြောက်ခံ စားကြပြီး၊ တခါတရံ အနံ့ ပျောက်အောင် ဟင်းခတ် အမွှေးအကြိုင်များ ဖြင့် စားသုံးကြပါသည်။ လူနှုင့် လင်းတငှက် များသည် အသားစားတာခြင်း အတူတူဖြစ်ပြီး မပုပ်မသိုးခင် နှင့် ပုပ်သိုးပြီး အချိန် အနည်းငယ်မျှသာ ကွားခြားသည်။ လင်းတငှက် များသည် ၄င်းတို့ အသက်ရှင် သန်ရပ်တည်ရေး အတွက် အပုပ်၊ အသိုးများ ကိုစားသုံးကြသော်လည်း လူသားများ၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး စသည်တို့ ကို နှောက်ယှက် ဖျက်စီးခြင်း လုံးဝ မရှိပေ။ လူသားတို့ အတွက် ရောဂါဖြစ် လာနိုင်စရာ ရှိသော အပုပ် အသိုး အနံ့ အသက်များ ကို ရှင်းလင်း ပေးခြင်း ဖြင့် ကျေးဇူး ပြုသည်။
လူသားများ အနေဖြင့် ရှေးရိုးအယူအဆ များ ကို စွဲကိုင်၍ မိမိတို့ ထက် အသိဥာဏ် အလွန်နည်းပါး သော တိရိစ္ဆာန် များ (လင်းတ၊ လင်ကောင်ပိုး၊ မြေခွေး စသည်) တို့အပေါ် တဘက်သတ် ထင်မြင်ယူဆ ချက်များ မရှိသင့်တော့ ပါ။ ရှေးရိုးစွဲ အယူ အဆ အများစု မှာ အသုံးဝင်သေးသော်လည်း တချို့ အဓိပ္ပါယ် မဲ့ အယူအဆများကို လက်ရှိခေတ်၊ အခြေအနေများ နှင့် ယှဉ်၍ အမြင်မှန်သို့ ပြောင်းလဲသင့် ပါသည်။ ပြောင်းလဲ ရန်လဲ လိုအပ်လာပါသည်။ လူတို့ ၏ အတိတ်နမိတ် မကောင်း သော ငှက် အဖြစ်ထင်မြင် သတ်မှတ်ခံရခြင်း သည် လင်းတငှက် မျိုးများ လျော့နည်း လာရခြင်း ၏ တွန်းအားတစ်ရပ် ဖြစ်ပါသည်။
ကချင်ပြည်နယ် ၏ လင်းတများ နေထိုင်ကျက်စား ရာ တ၀ိုက်ရှိ ဒေသခံ များ ကို မေးမြန်းကြည့် ရာ အများစု မှာ လင်းတ ကို နမိတ်မကောင်း သောငှက်ဟု မယူဆပဲ ကျေးဇူးရှင်ငှက် ဟု သတ်မှတ်ကြတာ သိရသည်။ အကြောင်းမှာ ၄င်းဒေသခံ တို့ ၏လယ်ယာများ တွင် သေဆုံး နေသော ကျွဲနွား များကို ရှင်းပေးခြင်း ဖြင့် ဒေသခံ များကို အကူအညီပေး၍ ဖြစ်သည်။ ၄င်းဒေသတွင် ကျွဲနွား များကို တခြားဒေသများကို တင်းကုတ်ဖြင့် ထားခြင်း၊ လူဖြင့် ထိမ်းကျောင်း ခြင်း မပြုပဲ အမှတ်အသား ထား၍ တောတွင်းသို့ လွှတ်ထားလေ့ ရှိပြီး လိုအပ်သော အခါတွင်မှ လိုက်ကောက်လေ့ ရှိသည်။ လင်းတ များ ကောင်းကင်တွင် ပျံဝဲ နေသည် ကို သွားကြည့် ခြင်းဖြင့် မည့်သူ့ ကျွဲနွား သေကျေ ပျက်စီး နေသည် ကို သိရှိနိုင်သည်။ ထို့ ကြောင့် ကချင်ပြည် နယ်တွင် ဒေသခံ များ၏ လင်းတများ အပေါ် မကောင်း မမြင်ခြင်း၊ အနှောက် အယှက် မပေးခြင်း၊ မိတ်ဆွေ ကဲ့သို့ သဘောထားခြင်း တို့ ကြောင့် ယခုအချိန် အထိ အခြားဒေသများ ထက် ပေါများစွာ တွေ့ ရှိနေရခြင်း ဖြစ်သည်။
Photo by Naing Lin (WCS) © Copy Right
ထိန်းသိမ်း ကာကွယ်ခြင်း
လင်းတမြီးရင်း ဖြူသည် ယခင်က အကောင်အရေ အတွက် သန်းပေါင်း များစွာ ရှိနိုင်သော်လည်း ၁၉၉၀ ခုနှစ် နောက်ပိုင်း တွင် သေကျေ ပျက်စီး မှု အလွန်များ ပြားလာသဖြင့် အကောင် အရေအတွက် လျင်မြန်စွာ လျော့ကျ လာခဲ့ရာ ယခုအခါ ကမ္ဘာပေါ်တွင်၂၅၅၀ မှ ၉၉၉၉ အတွင်းသာ ကျန်ရှိတော့ သည်ဟု ခန့်မှန်းကြပြီး၊ ယင်းမျိုးစိတ်အား (၅) နှစ်မှ (၁၀) အတွင်း စနစ်တကျ ထိမ်းသိမ်းကာ ကွယ်မှု့မလုပ်လျှင် လုံးဝ ပျောက်ကွယ် သွားနိုင်သည် ဟု ကမ္ဘာ့ငှက် ပညာရှင် များ ယူဆကြသည်။ သို့ ဖြစ်၍ ၄င်းငှက်မျိုးစိတ် ရှိသော နိုင်ငံများ သည် အပြည်ပြည်ဆိုင်ရာ အဖွဲ့ အစည်းများ နှင့် ပူပေါင်း၍ ထိမ်းသိမ်း ရေးလုပ်ငန်း များ ကို နည်းလမ်းပေါင်းစုံ ဖြင့် ပြုလုပ်နေပါသည်။ မြန်မာ နိုင်ငံတွင်လည်း လင်းတ ထိန်းသိမ်းရေး လုပ်ငန်း များကို သက်ဆိုင်ရာ အဖွဲ့ အစည်းများ မှ အားသွန်ခွန်စိုက် ပြုလုပ်နေကြပါသည်။ လင်တများ ကို ကျွဲနွား အကောင် သေများ ကျွေးခြင်း၊ ၄င်းတို့ ၏ အစားအစာ မျာူကို ဖြည့်စည်းပေးခြင်း၊ အကောင် အရေအတွက် စာရင်း ကောက်ယူခြင်း၊ ၄င်းတို့ မျိုးပွားကျက်စားရာ နေရာဒေသများ ကို ရှာဖွေဖော်ထုတ်၍ သုတေသနပြုခြင်း၊ ဒေသခံများ အား လင်းတငှက်များ အပေါ် ထိန်းသိမ်း ရေး အမြင် တိုးပွားလာစေရန် ပညာပေး အစီအစဉ် များ ပြုလုပ်ခြင်း၊ ဒေသခံ များ နှင့် ပူးပေါင်း၍ ၄င်းတို့ မျိုးပွား ကျက်စားရာ နေရာများကို ကာကွယ်ထန်းသိမ်းခြင်းများ ပြုလုပ်၍ လင်းတငှက်များ မျိုးသုဉ်းပျောက်ကွယ် မသွားရန် ထိန်းသိမ်းကာကွယ်နေကြပါသည်။
လင်းတငှက် များသည် အခြားအဖိုးတန် သယံဇာတ များနည်းတူ သဘာဝ တရားကြီးမှ လူသားများ အတွက် ပေးထား သော အမွေပစ္စည်း တစ်ခုဖြစ်၍ ထို အမွေပစ္စည်း မပျောက်ပျက် အောင် ထိန်းသိမ်း စောင့် ရှောက်ရန် လူသားအားလုံး ၌ တာဝန်ရှိသည်။ လင်းတ ငှက်များ ကမ္ဘာ့ မြေပေါ် မှ လုံးဝ ပျောက် ကွယ် မသွား အောင် ပူးပေါင်းကာကွယ် ထိန်းသိမ်း ကြပါစို့။ ။
နိုင်လင်း (WCS)
13 comments:
Thank you so much for sharing those knowledgeable facts !
Mon Petit Avatar
အချို့ လူတွေ တော်တော်ခက်တာပဲ သူတို့ အဲဒီ အယူအဆတွေနဲ့ပဲ ၀ါဒစွဲပြီး ကမ္ဘာဖျက်နေကြတာ နေ့စဉ်အမျှပဲ...ဘာဆိုင်လဲ သူ့ဘာသာနေတဲ့ တိရိစ္ဆာန်ကို နမိတ်မကောင်းသလေးဘာလေးနဲ့။ ကဲကြည့်ဦး ထိုင်းမှာကျ အိမ်ပေါ်လဒ နား နမိတ်ကောင်း၊ကံကောင်းသတဲ့ မြန်မာမှာကျ နမိတ်ဆိုးသတဲ့။
လင်းတ လောက်ကောင်းတဲ့ငှက် ရှိဦးမလား။ သူများမသေသေးခင် သတ်ဖြတ်မစားဘူး ၊ သေသွားရင်တောင် ပုပ်ပွမှ စားသတဲ့ (သေချာစေချင်လို့ဖြစ်မှာပေါ့)၊ ကိုယ်တွေလဲ မြှပ်ရတာတောင် သက်သာသေး။ လူတွေနဲ့လည်း လာပြီး မပလူးပါဘူး။ သူ့ဘာသာနေတာကို အသားလွတ် ကိုယ့်ဝါဒနဲ့ စွဲပြီး လိုက်သတ်နေတယ်...တစ်ချို့လူတွေ ငပေါတွေပဲ။
တိုးဂိုက် အတွက်ကတော့ ငှက်လေ့လာရေးခရီး သမားတွေ့ အတွက် လေ့လာသင့်တာပဲနော်။
ကျတော်တို့ အတွက်လည်း ဗဟုသုတ ရတာပေါ့လေ။
သူ ပြောတာနဲ့ လင်းတလေးတွေကို ချစ်တောင် ချစ်သွားပြီ :) သူငယ်ချင်း ယောက်ျားလေးတွေကို ဟေ့ကောင် လဒ လို့ခေါ်တာ သတိရသွားတယ်....။ ဂွတ်ပိုစ့် ကိုသောမတ်စ် !!!
ကိုအေအေတူ ရေ
အခုမှဘဲ လဒကြီး အကြောင်းသိရတော့တယ် အခုတော့ လဒလေး ပေါ့နော်
ကျေးဇူး
ကျေးဇူးပါ အစ်ကိုရေ။ လင်းတလေးတွေ အကြောင်း အများကြီးပိုသိသွားရပါတယ်ရှင်။
ခင်တဲ့
ဠင်းတလောက်တော့ ငှက်တိုင်းလှတယ် ဆိုတဲ့ စကားကို သတိရသွားတယ်။ အော်...အမြင်...အမြင်...
အမြင်သစ်အောင် ဝေငှတဲ့အတွက် ကျေးဇူးပါ ကိုAATO
Nice post.
Enjoy reading it.
Iora
သဘာဝပတ်ဝန်းကျင်ကို တတ်နိုင်သလောက် ထိန်းသိမ်းပေးတဲ့ အကောင်မို့  ဂုဏ်ပြုပေးရဖို့ တောင် တာဝန်ရှိတယ်နော။ သူတို့ မှာလည်း မိုက်ဂရန့်  ရှိသေးတာပဲ။
ကိုရင်သော့မက်က ငှက်တွေ အကြောင်းတော့ အတော်လေး စိတ်ဝင်စားတာပဲ။ တင်လိုက်ရင်လည်း စုံစုံ လင်လင်နဲ့  ။ ကျေးဇူး။
အေးဗျ...ဠင်းတဆိုတာ တော်တော်ရှားသွားသလိုပဲ..ကလေးတွေကို တစ်ခါတစ်ခါမှာ စရင်းနောက်ရင်းနဲ့ လဒ လို့ခေါ်မိတော့ ကလေးတွေက ပြန်မေးတယ်...လဒဆိုတာ ဘယ်လိုအကောင်လဲပေါ့...အဲဒါနဲ့ အွန်လိုင်းပေါ်မှာ ပြန်ရှာပြယူရတယ်...သူ့ပုံက အူတူတူ ထိုင်းတိုင်းတိုင်းပုံဆိုတော့ အမြင်မလှတာကြောင့် အထင်မလှကြတာဖြစ်မှာပါလေ...ဠင်းတအကြောင်း ကျကျနန ရေးထားတာကို သဘောကျလွန်းလို့ ကော်ပီကူးယူသွားပါသေးတယ်...ခွင့်ပြုပါ...မှတ်စုထဲမှာ သိမ်းထားချင်လို့ပါ...
ဒီနေ့တော့ ကံကောင်းပြီ။ လင်းတအကြောင်း နှစ်ခု ဖတ်လိုက်ရလို့။ တစ်ခုက ဧရာဝတီစာကြည့်တိုက်မှာပါ။ ပြီးတော့ ဒီမှာ။ ထီသွားထိုးဦးမယ်။း))
စိတ်ဝင်စားစရာကောင်းတယ်။ ဟုတ်တယ်။ ရှေးဟောင်း အယူတွေကို ပယ်သင့်ရင် ပယ်ရမယ်။
ဒစ်ကာဗာရီ တစ်ခု ကြည့်ဖူးတယ်။ တိဗက်ကုန်းမြင့်ဒေသမှာ သွားရိုက်ထားတဲ့ ဒေါ့ကျူမင့်ထရီ ဗီဒီယို ဖိုင်လေးပါ။
အဲဒီအရပ်မှာ ကျောက်ဆောင်တွေဘဲ ရှိတော့ လူသေရင် မြှုပ်ရခက်တယ်။ ဒီအတိုင်း ပစ်ထားတော့လဲ လူသေကောင်ဆီက ပျံသန်းလာတဲ့ ယင်ကောင်တွေကြောင့် ရွာသားတွေ ရောဂါ ကူးစက်ခံရတယ်။
ဒါနဲ့.. လူတစ်ယောက် သုဘရာဇာတာဝန်ကို ထမ်းဆောင်ရတယ်။ ဘယ်လို ထမ်းဆောင်ရလဲ ဆိုတော့ လူသေကောင်ကို ထမ်းပိုးပြီး ကျောက်ဆောင်ထိပ်ကို သွားကာ ခုတ်ထစ် ဖြတ်တောက်ပြီး လင်းတကို သွားကျွေးတာလေ။ ပို့ဆောင်လာတဲ့ မိသားစုတွေလဲ ငိုယိုကြပေါ့။
လင်းတလဲ လူတွေစုဝေးတာ မြင်ရင်၊ လူတွေငိုနေတာ ကြားရင် သူတို့အတွက် အစားအစာရပြီဆိုပြီး အဆင်သင့်ဘဲ။
ဆိုလိုတာကတော့ လူသေကောင်က အပုပ်အစပ် အသိုး အညှီအဟောက်တွေကို လင်းတက ရှင်းလင်းပေးတာပါ။ လူတွေရဲ့ ရောဂါကို လင်းတက ကာကွယ်ပေးတာပါ။ အဲဒီလိုဘဲ နားလည်ပါတယ်။ ဒါပေမဲ့လဲ ကိုယ့်မိဘဆွေမျိုးတွေရဲ့ အလောင်းကို ကိုယ့်မျက်စိရှေ့မှာ ခုတ်ထစ်နေတာ မြင်ရပြန်တော့လဲ တစ်မျိုးတော့ တစ်မျိုးကြီးဘဲ။
ဘာဘဲဖြစ်ဖြစ် လင်းတက အရှင်တွေကို ဖမ်းမစားဘူး။ အသေကောင်ကိုဘဲ စားတယ်။ ပြီးတော့ အညစ်အကြေး အပုပ်အစပ်တွေကို သန့်ရှင်းပေးတယ်။ ဒါကြောင့် လင်းတတွေ ကမ္ဘာပေါ်မှာ ရေရှည်ရှိနေသင့်ပါတယ်။
ခင်မင်လျက်
လင်းတ ခေါ် လင်းဠ ခေါ် လဒ ..ငှက်တွေ က ဒီလို ဆိုတော့လည်း လူတွေကို သွယ်ဝိုက်စွာ အကျိုးပြုနေကြတဲ့ မိတ်ဆွေတွေပါလား..
ဟို လဒ ကြီး တွေလိုတော့ ပုတ်ယုတ် မနေကြ ဘူး လေ...။ဒီတော့ .မျိုးမတုန်းဖို့  ဂရုစိုက်ကြရမယ်ပေါ့ နော်..
ခုလို သိခွင့်ရတာ ကျေးဇူးပါပဲ..
ခင်မင်စွာဖြင့်
မကိ.
သဘာဝရဲ့ သန့်ရှင်းရေး သမားတွေ...
တစ်ဘက်ကနေ လှည့်ကြည့်ရင် သူများမလုပ်ချင်တဲ့ မလုပ်နိုင်တဲ့ အလုပ်ကို လုပ်ကြတဲ့ သူတွေ။
သဘာဝရဲ့ တန်ဘိုးရှိလှသော တိရိစ္ဆာန်တွေရဲ့အကြောင်း အခုလို ဝေမျှလို့ ကျေးဇူးတင်ပါတယ်။
ဖတ်ပြီးပေမယ့် ခု မှ
တစ်ခေါက်ပြန်လာ ကော့မန့်ထားတာပါ။
Post a Comment