Bali Starlin (photo by Bali Bird Park http://www.bali-bird-park.com/)
ပြီးခဲ့တဲ့ အောက်တိုဘာလရဲ့ တခုသောညနေစောင်း မှာ အဖွဲ့ခြောက်ဖွဲ့ဟာ နူဆာပန်နီးဒါကျွန်း (Nusa Penida) ရဲ့ မှုန်ဖျဖျ အလင်းရောင် အောက်မှာ ထိုင်ပြီး ဆွေးနွေးနေကြပါတယ်။ အကြောင်းအရာတခုတည်း ကို ပဲ တညီတညွတ်တည်း တိုင် ပင်နေကြတာဖြစ်ပြီး အင်မတန်ရိုးစင်းတဲ့ လုပ်ငန်းစဉ် တရပ်ကိုပဲ စိတ်တူကိုယ်တူ လုပ်ဆောင်ကြဖို့ စိတ်အားထက်သန်နေကြပါတယ်။ အဲဒါကတော့ "ငှက်အကောင်ရေစာရင်းကောက်ခြင်း "ပဲ ဖြစ်ပါတယ်။ စုစုပေါင်း ဆယ့်ကိုးယောက် ပါတဲ့ ငှက်ကြည့်အဖွဲ့ဟာ အရိုင်းသဘာဝ အတိုင်း ရှင်သန်ကျက်စား နေတဲ့ "ဘာလီစတာလင် (ခ) ဘာလီဆက်ရက်" (Bali Starling) အကောင်အရေအတွက် စာရင်းကောက်ဖို့ ကမ္ဘာကျော်အပန်းဖြေစခန်း ဘာလီကျွန်းရဲ့ တောင်ဘက် ဘာလီရေလက်ကြား ရဲ့ တဖက်ကမ်းက နူဆာပန်နီးဒါကျွန်း ကိုရောက်နေကြတာပါ။အဖွဲ့မှာ ပါဝင်ကြတဲ့ စင်္ကာပူဂျူရောင်း ငှက်ဥယျာဉ် (Singapore Jurong Bird Park) ကကိုယ်စားလှယ်အဖွဲ့၊ ဘာလီငှက်ဥယျာဉ် (Bali Bird Park) ကတာဝန်ရှိသူများ၊ ဘာလီငှက်ဝါသနာရှင် အဖွဲ့၊ ဥဒယျန တက္ကသိုလ် (Udayana University Denpasar) နှင့် ဂရင်းစကူး (Green School) က ကျောင်းသူကျောင်းသားတွေဟာ ငှက်စာရင်းကောက်ဖို့ အဆင်သင့်ဖြစ်နေကြပါပြီ။ ဘာလီငှက်ဝါသနာရှင် အဖွဲ့က ဝေယံဆုမ္မဒီ (Wayan Sumadi) က အခြေခံ ငှက်ကြည့်ခြင်း နဲ့ ဒီကျွန်းပေါ်က ကာကွယ်တော အကြောင်းကို အကြမ်းဖြင်း ရှင်းပြပြီး ဆောင်ရန် ရှောင်ရန် အချက်အလက် တွေကို ပြောပြပါတယ်။ နောက်တော့ ငှက်စာရင်းကောက်ဖို့ အဖွဲ့ငယ်ခြောက်ဖွဲ့ ခွဲပြီး ရွေးချယ်ထားတဲ့ နေရာ ခြောက်နေရာမှာ မှာ နေရာယူလိုက်ကြပါတယ်။
ညနေစောင်းအချိန် ကတော့ ရောက်လာပါပြီ။ သူတို့အဖွဲ့တွေကတော့ ရှားပါးပြီး တွေ့ဖို့ အင်မတန်ခက်ခဲလှတဲ့ ငှက်ကို ကြည့်ရဖို့ မျှော်လင့်ချက်ကြီးစွာ စောင့်နေကြပါတယ်။ သူတို့စိတ်ရှည်ရကျိုး နပ်တယ်လို့ဆိုရမှာပါ။ နောက်ဆုံးမှာ အလွန်ထူးခြား လှပ တဲ့အမွှေးအတောင် တွေနဲ့ ဆင်ယင်ထားတဲ့ ဘာလီဆက်ရက် ဟာ မြင်ကွင်းထဲ ကို ၀င်လာပါတော့တယ်။
သူတို့တတွေဟာ လူအနည်းငယ် သာ ကြုံဘူးတဲ့ ဘာလီဆက်ရက် ကို အရိုင်းသဘာဝအတိုင်း တွေ့မြင် လိုက်ရတာ ဖြစ်ပါတယ်။
"ညနေစောင်း မှာ ဘာလီစတာလင် ၂၂ ကောင် အိပ်တန်းတက် တာကို မြင်တွေ့လိုက်ရတဲ့ပီတိ ဟာ ဘာနဲ့မှ နှိုင်းယှဉ် လို့မရပါဘူး" လို့ စင်္ကာပူ ဂျူရောင်းငှက်ဥယျာဉ် က ပြတိုက်မှူး ရာဂျာစီဂရင် (Raja Segran) က ၀မ်းသာအားရ ပြောပါတယ်။
လူနေထူထပ်တဲ့ ဘာလီကျွန်းမှာ သဘာဝပါတ်ဝန်းကျင် အတိုင်း နေထိုင် ရှင်သန်ရာစနစ် တစတစ ပျက်ယွင်းလာတဲ့ အပြင် လူတို့ရဲ့ အလှမွေးငှက် အဖြစ်ရောင်းချဖို့ စီးပွားဖြစ် ဖမ်းယူရောင်းချ မှုတွေကြောင့် ဘာလီစတာလင် တွေရဲ့ အရေအတွက် ဟာ စိုးရိမ်စရာ ကောင်းလောက်အောင်လျော့ကျ လာခဲ့ပါတယ်။ အခု လက်ရှိ သိရသလောက် အကောင် ရေ တထောင် လောက်ဟာ ၁၉၆၀ - ၁၉၇၀ ခုနှစ်များ က ဥရောပနဲ့ အမေရိက ကို အလှမွေးငှက် အဖြစ် တရားဝင် တင်ပို့ရောင်းချ လို့ ကျန်တဲ့ အထဲက ဆင်းသက်လာ ကြတာ ကပဲ သဘာဝ အတိုင်း ပြန်လည်လေ့ကျင့်ပေးပြီး သားပေါက် မွေးမြူ ရန် စီမံကိန်း ချမှတ်နိုင်ဖို့ အထောက်အပံ့ ဖြစ်စေပါတယ်။
ငှက်အကောင်ရေ စာရင်းကောက်တဲ့ အဖွဲ့ ကို ဘဂ၀မ် ဖောင်ဒေးရှင်း (Begawan Foundation) က စုစည်းစီစဉ် တာ ဖြစ်ပါတယ်။ ဘဂ၀မ် ဖောင်ဒေးရှင်း ကို ငှက် တွေကို သဘာဝအတိုင်း ထိမ်းသိမ်း စောင့်ရှောက် နေတာတွေကို အကူအညီ ပေးနိုင်ဖို့ဗြိတိသျှလူမျိုး ဘရက်ဒလေ (Bradly) နဲ့ ဒက်ဘီ (Debbie) ဂါဒ်ဒနာ (Gardner) ဇနီးမောင်နှံ က ၁၉၉၉ မှာ တည်ထောင်ခဲ့တာပါ။ ၂၀၀၅ ခုနှစ်မှာ တော့ ဒီဖောင် ဒေးရှင်း ဟာ ဘာလီစတာလင် အကောင် ရေ ၉၇ ကောင် အထိ ဂါဒ်ဒနာ ပိုင်တဲ့ ဘီဂ၀မ်ဂီရိက နယ်မြေ အကျယ် ကြီးမှာ ထိမ်းသိမ်း စောင့်ရှောက်နိုင်ခဲ့ပါတယ်။ အဲဒီနှစ်ထဲမှာ ပဲ ဘာလီစတာလင် တွေဟာ အသစ် တည်ထောင်လိုက်တဲ့ နူဆာပန်နီးဒါ ကျွန်းက ကာကွယ်တော ကို ရွှေ့ပြောင်းသွားကြတာ ဖြစ်ပါတယ်။
"ကျနော် တို့ အင်္ဂလန်ကနေ ဘာလီစတာလင် ၂ စုံတွဲ တင်သွင်းလာခဲ့ပါတယ်။ တကယ်တော့ သူတို့ ဟာ ကိုယ့်ဇာတိ အိမ် ကို ပြန်ရောက် လာကြတာပါ။" လို့ ဘရက်ဒလေဂါဒ်ဒနာ ကပြောပါတယ်။ "ကျနော်တို့ စိတ်ထဲ မှာ အဲဒီ ၂ စုံတွဲဟာ ကျနော်တို့ရဲ့ ဘာလီစတာလင် ထိမ်းသိမ်းစောင့် ရှောက်ရေး စီမံကိန်းကြီး ကို အကူအညီပေး ဖို့ ဇာတိမြေကို ပြန်ရောက်လာကြတာ ပဲလို့ ခံစားရပါတယ်။ ကျနော်တို့ သူတို့တတွေ ကို ဒုတိယ အကြိမ် ရှင်သန်ရပ်တည်ခွင့် ပေးလိုက်တာ ဖြစ်ပါတယ်။"
စီမံကိန်းရဲ့ အဆုံးစွန်သော ရည်ရွယ်ချက်ကတော့ ဒီငှက်ကလေး တွေ အရိုင်းသဘာဝ အတိုင်း ပြန်လည် ရှင်သန် ကျက်စားနိုင်ပြီး သဘာဝအတိုင်း ပေါက်ပွား စေဖို့ပဲဖြစ်ပါတယ်။ နူဆာပန်နီးဒါကျွန်း ကိုကြည့်ရတာ တော့ အသင့်တော်ဆုံး အကောင်းဆုံး နေရာ တခုပါပဲ။
ဓလေ့ထုံးတမ်း တွေနဲ့ အကာအကွယ်ပေး
ဘဂ၀မ်ဖောင်ဒေးရှင်းက ဒါရိုက်တာ ဖြစ်တဲ့ ဘာယုဝီရယုဓ (Bayu Wirayudha) ဟာ ကျေးငှက်သဘာဝ အသေအချာ ထိမ်းသိမ်း နိုင်ဖို့ နူဆာပန်နီးဒါကျွန်းက ကျေးရွာ ၃၅ ရွာ ပါဝင်တဲ့ ရိုးရာ ကျေးရွာအုပ်စု အုပ်ချုပ်ရေး ကောင်စီမှာ အလုပ်လုပ်ခဲ့ပါတယ်။ ၂၀၀၆ ခုနှစ်မှာ တော့ ကျေးရွာအုပ်စု ကောင်စီဝင် အားလုံးဟာ ကျေးငှက်သဘာဝ ထိမ်းသိမ်းဖို့ တညီတညွတ်တည်း သဘောတူကြပြီး ဒေသဆိုင်ရာဓလေ့ဥပဒေနဲ့ အကာအကွယ် ပေးဖို့ဆုံးဖြတ်လိုက်ကြပါတယ်။ ဥပဒေအရ ကျေးငှက်ကလေး တွေကို ဖမ်းဆီး တဲ့သူတွေကို ဒဏ်ငွေ ရိုက်ရုံသာ မကပဲ အသိုင်းအ၀ိုင်းက ၀ိုင်းကျဉ် တဲ့ ပြစ်ဒဏ်ကိုပါပေး ပါတယ်။
သက္ကရာဇ် ၂၀၀၆ နဲ့ ၂၀၀၇ မှာ တော့ စုစုပေါင်း ဘာလီစတာလင် ၆၅ ကောင် လွှတ်ပေးနိုင်ခဲ့ပြီး ၁၂ ကောင်ကတော့ ဘာလီ နဲ့ နူဆာပန်နီးဒါ ဖယ်ရီဖွင့်ပွဲ အတွက် အလည်အပါတ် ရောက်ရှိလာခဲ့တဲ့ အင်ဒိုနီးရှား နိုင်ငံ သမ္မတကြီး ဆူဆီလိုဘန်ဘန်းယူဒိုယူနို (HE President Susilo Bambang Yudhoyono) နဲ့ သမ္မတ ကတော် ခရစ္စတီရာနီ ဟာရ၀တီ (HE First Lady Kristiani Herawati) တို့ကိုယ်တိုင် လွှတ်ခဲ့တာ ဖြစ်ပါတယ်။
၂၀၁၀ သြဂုတ်လ မှာတော့ သဘာဝအတိုင်း အသားကျနေတဲ့ ဘာလီစတာလင် တွေကို ဘာလီကျွန်းမကြီး က ဥဘွတ်(Ubud) အရပ်က ဂရင်းစကူး (Green School) ကို ပြောင်းရွှေ့ခဲ့ပါတယ်။ နေရာသစ်ကို ပြောင်းရွှေ့လာပြီး မကြာခင်မှာ ပဲ မိတ်လိုက် စုံတွဲ တ တွဲဟာ အသိုက်ဆောက် နေတာ ကို တွေ့ရပြီး ရလဒ် ကတော့ ဒီဇင်ဘာလ လယ်မှာ ပဲ ငှက်ပေါက် ကလေး ၄ ကောင် ပေါက်နေတာ တွေ့ရတာပါပဲ။
ရေကြည့်ကြဦးမယ်
အောက်တိုဘာလ ရဲ့ ငှက်စာရင်းကောက်တဲ့ အဖွဲ့ ဟာ ဒုတိယနေ့မှာ တော့ နေ့ပိုင်းမှာ လုပ်မယ်ဆိုပြီး မနက်စောစော ၆ နာရီမှာ အဖွဲ့အားလုံး စုရပ်မှာ ဆုံကြပါတယ်။ ဒီတခါတော့ တဖွဲ့ ကကြည့်လိုက်တဲ့ ငှက်တအုပ် ကို နောက်တနေရာ က နောက်တဖွဲ့ က အတည်ပြု ပေးတာပဲဖြစ်ပါတယ်။ အဖွဲ့ ခေါင်းဆောင် ဆုမ္မဒီ ဆုံးဖြတ်တာ ကတဖွဲ့က ငှက်တအုပ် ကိုကြည့်ပြီးရင် နောက်တဖွဲ့က အဲဒီငှက်အုပ်နောက် ကို အောက်ကနေ အသာ လိုက်ပြီး ကြည့်ဖို့ပဲ ဖြစ်ပါတယ်။ အဲဒီနည်း နဲ့ ၄ ကြိမ်လောက် ကြည့်ပြီးတဲ့ အခါမှာ ငှက်အုပ် ၂ အုပ် ဆိုတာ အသေအချာ သိရပြီး တအုပ်ကို အပျံသင်စ (juvenile) ၁၅ ကောင်စီလောက် ပါတာ သိရပါတယ်။
အဲဒီအဖွဲ့ ဟာ အဖြေပေါ်နိုင် သလောက်လဲ မေးခွန်းထုတ်ပါတယ်။ ဥပမာ လူသားတွေရဲ့ ပါဝင်စွက်ဖက် မှု တွေကြောင့် ဘာလီစတာလင် တွေရဲ့ အရိုင်းသဘာဝ ပျက်နိုင်သလား ဆိုတာမျိုးပေါ့။ ရွာသားတွေဟာ ဘာလီစတာလင် တွေကြိုက်တတ်တဲ့ သင်္ဘောသီး၊ ငှက်ပျောသီးတွေ ကို ငှက်တွေရှိတတ်တဲ့ နေရာတွေမှာ ချထားတတ်တယ်။ နောက်ပြီး အကောင်ပေါက်ကလေးတွေ အသိုက်က နေအောက် ကို ပြုတ်ကျနေတာ တွေ့ရင် ပြန်တင်ပေးတတ်ကြတယ်။ နောက်တော့ သူတို့ဟာ သစ်ပင်ကြီးတွေက သစ်ခေါင်းတွေမှာ ထက် ပျားအုံ ပျားသလက် အဟောင်းတွေမှာနဲ့ အဆောက် အအုံတွေရဲ့ တံစက်မြိတ် တွေမှာ အသိုက်တွေ ဆောက်လာတာ တွေ့ရတယ်။ နောက်တခုက တော့ အစာ အသစ်ဖြစ်တဲ့ ကျွဲနွား တွေကိုယ်ပေါ်က မှက်၊ခြင်၊ ယင်တွေကို ပေါပေါများများ ဖမ်းယူစားသောက်လာကြတာပဲ။
ဘာလီစတာလင် တွေကို ကြည့်ရတာ လူတွေ အခြေချ နေထိုင်ရာ မှာ နေထိုင်ဖို့ သူတို့အတွက် ဘာမှ အပမ်း မကြီးသလိုပဲ။ သူတို့ ကို ကြက်၊၀က်၊ကျွဲ၊နွား တွေ ရှိနေတတ်လေ့ရှိတဲ့ အုန်းပင်တန်းတွေ ထဲမှာ နဲ့ ပြောင်းဖူးခင်း တွေမှာလဲ တွေ့လာရတယ်။ နေ့စဉ် နိစ္စဒူဝ အလုပ်တွေက ဆူညံသံတွေနဲ့ ဆိုင်ကယ်တဖုန်းဖုန်း နဲ့ စိုက်ခင်းတွေထဲ ကို သွားလာနေတတ်တဲ့ ရွာသားတွေ ကြောင့်တော့ ဘာလီစတာလင်တွေမှာ ဘာမှအ နှောက်အယှက် မရှိသလိုပဲ။ အမြဲလိုလိုဆူညံနေတတ်တဲ့ ရွာဈေးတန်း နားက သစ်ပင်ပေါ်မှာနဲ့ ရွာသားတယောက်ရဲ့ နွားတင်းကုပ် တံစက်မြိတ်မှာ အသိုက် ကလေးတွေ တွေ့ရပါတယ်။
"ဒီငှက်တွေဟာ နူဆာပန်နီးဒါကျွန်းသား တွေရဲ့ ဘ၀ တစိတ်တပိုင်းလို မျိုးဖြစ်လာ နေပြီ.. "လို့ စင်္ကာပူဂျူရောင်း ငှက်ဥယျာဉ် ကလာရောက်လေ့လာတဲ့ ရာဂျာ ကပြောပါတယ်။ "ရွာသားတွေမှာ ထူးခြားရှားပါးလှတဲ့ ဒီ ဘာလီစတာလင် အပေါ် လုံလောက်တဲ့ အလေးထားမှုမျိုး ရှိနေပြီး ငှက်ကလေးတွေ အရိုင်းသဘာဝ ရှင်သန်ရပ်တည်ဖို့အတွက် တစိတ်တပိုင်းအားဖြင့် တာဝန်ရှိပါတယ်။"
အပျံသင်စ ငှက်နှစ်အုပ် နဲ့ အရွယ်ရောက်ပြီး စုံတွဲ တချို့ အပါအ၀င် အကြမ်းဖြင်း အားဖြင့် စုစုပေါင်း ၅၂ ကောင် စာရင်းကောက်နိုင်ခဲ့ပါတယ်။ငှက်အုပ်တွေ ဟာ ဘယ်အရပ်ဒေသ တွေကို ချဲ့ထွင် ပျံသန်း နေတယ်ဆိုတာ သိရဖို့ နောက်ထပ် အခုလိုမျိုး ငှက်စာရင်းကောက်ဖို့လို ပါသေးတယ်။ နူဆာလမ်ဘွန်ဂန် ကျွန်း (Nusa Lembongan) မှာ ဘာလီစတာလင် စုံတွဲ တတွဲ တွေ့တယ်လို့ သတင်းပို့လာလို့ပါ။
ဒီငှက်စာရင်းကောက်တဲ့ အစီအစဉ် ဟာ ဘာလီစတာလင်ငှက်တွေကို လူတွေက ဖမ်းယူခြင်း ရှိ မရှိ ၊ အသားစား အကောင် တွေရဲ့ အန္တရာယ် ကျရောက် ခြင်းရှိမရှိ၊ သဘာဝ နဲ့ တသားတည်း အသက်ရှင် ရပ်တည် နိုင်စွမ်းရှိမရှိ စိုးရိမ် ပူပန် စိတ်တွေနဲ့ စတင်ခဲ့တာ ဖြစ်ပေမယ့် ရလဒ် ကောင်းတွေနဲ့ အဆုံးသတ်ခဲ့ပါတယ်။့ ကံကောင်းထောက်မစွာပဲ ဘာလီရဲ့ လာဘ်ကောင် ဘာလီစတာလင် ခေါ် ဘာလီဆက်ရက် ကို အရိုင်းသဘာဝ အတိုင်းမြင်တွေ့ ခွင့်ရနေဆဲပါ။ ။
ှ
မှတ်ချက်။ ။ The Jakarta Post က ထုတ်ဝေတဲ့ Weekender သဘာဝပါတ်ဝန်းကျင်ထိမ်းသိမ်းရေး စာစောင် ၂၀၁၁ ခုနှစ် မတ်လ ထုတ် မှာပါတဲ့ Flying Free by Carolyn Kenwrick ကိုပြန်ဆိုပါသည်။
Photo:
- Bali Bird Park http://www.bali-bird-park.com/
- http://www.burung.org/detail_txt.php?op=news&id=508

ဒုတိယပိုင်း ဖျောက်ထားမည့်စာ
14 comments:
ဘာလီစတာလင် (ဆက်ရက်) ဆောင်းပါးလေးဖတ်ရတာ ကျေးဇူး၊
စိတ်ဝင်စားစရာကောင်းလိုက်တာ
ချမ်းမြေ့ပါစေ
တော်တော် စိတ်ဝင်စားဖို့ကောင်းတဲ့ အလုပ်
ပဲ၊ ကူညီစောင့်ရှောက်ရေးတွေ ဒီထက်ပိုပြီး
ကျယ်ပြန့်လာပါစေလို့ မျှော်လင့်ပါတယ်
ကိုအေအေတူရေ ...
ကိုအေအေတီအို ရေ
စိတ်ဝင်စားစရာလေးအတွက်ကျေးဇူးပါ
ခင်မင်စွာဖြင့်
ရွှေစင်ဦး
ဆောင်းပါးထဲကလို တောထဲတောင်ထဲသွားပြီး ငှက်စာရင်းကောက်တာ ငှက်တွေရဲ့ သဘာဝကို စူးစမ်းလေ့လာတာမျိုး တကယ်လုပ်ခွင့်ရချင်လိုက်တာ
သိပ်စိတ်ဝင်စားဖို့ ကောင်းတာဘဲ။
ဘာလီစတာလင်ရဲ့ ပုံလေးတွေက ချစ်ဖို့ကောင်းတယ်နော်
ငှက်မျိုးနွယ်တွေ အရှည်တည်ပါစေလို့ ဆုတောင်းမိပါတယ်။.
တန်ဖိုး ဖြတ်လို့ မရတဲ့ အတွေ့အကြုံပဲဗျို့။
တော်ရုံတန်ရုံ ကုသိုလ်နဲ့ မရနိုင်တဲ့ အတွေ့အကြုံ ဗဟုသုတပဲ။ နောက်ထပ် ရှိရင်လည်း ဆက်ပါဦး။
This is very inspiring work you have created for us. Some people need to know that these things can ensue to anyone. You have shown me a better view now.
ကိုအေအေတူ ကောင်းမှုဖြင့် သဘာဝ ပတ်ဝန်းကျင် အလှအပများကို ခံစားတတ်လာပြီး... တန်ဖိုးရှိလှပုံကိုလည်း သိမြင်တတ်လာပါသည။
ဟိုဒီပျံနေတဲ့ ငှက်ကောင်ရေတွေကို စာရင်းကောက်ဖို့ မလွယ်ဘူးထင်ပေမယ့် အနီးစပ်ဆုံး ဖြစ်အောင် လုပ်သွားနိင်ကြတာပါပဲ။
တော်ရုံဝါသနာနဲ့တော့ ဒီအလုပ်တွေ လုပ်နိင်မယ် မထင်ဘူး။ ဘယ်သတ္တဝါပဲဖြစ်ဖြစ် ကိုယ့်ခေတ်မှာ မျိုးတုန်းသွားမှာကိုတော့ နှမျောမိတယ်။ လူတွေကို ဒုက္ခပေးတတ်တဲ့ သတ္တဝါတွေတော့ ထိုက်သင့်သလောက် ရှိတာပဲ ကောင်းမယ်ထင်တယ်။
I am glad to be one of the visitors on this great web site (:, appreciate it for posting .
Hello there,
I have a message for the webmaster/admin here at anasiantouroperator.blogspot.com.
May I use part of the information from this blog post above if I provide a link back to your website?
Thanks,
Mark
ကိုအေအေတူရေ ကျေးဇူးပါ ငှက်ကလေးတွေရဲ့ ပုံလေးတွေပါ တင်ပေးရင် ပိုပြီး ၀မ်းသာရမလားပဲဗျာ
ကိုအေအေတူအိုရေ... စီဘောက်စ် မပေါ်လို့  ဒီမှာ လာရေးသွားတာ ပိုစ့်နဲ့ တော့ ဘာမှမဆိုင်ဘူး .... အာရှခရီးသွားအော်ပရိတ်တာ ဆိုတော့ လာအိုထဲမှာ ခရီးသွားတဲ့ အကြောင်းလေးများ သိလို့ ရမလားလို့  အသိတစ်ယောက် သွားဖို့ ရှိနေလို့  ပါဗျိုး
AATO ကိုယ်တိုင်များ ငှက်စောင့်ကြည့်ရေးအဖွဲ့မှာ ၀င်ထားလားလို့ ကိုယ်တိုင်ပါဝင်ခဲ့တာကို ပြန်ရေးထားလားလို့ ထင်လိုက်တယ်။ စိတ်ဝင်စားစွာနဲ့ ဖတ်လာတာ အလယ်ရောက်မှ ဇာတ်ရေလည်သွားလို့ ထင်တော့ထင်သားပဲလို့ သိလိုက်တယ်။ ပါဝင်တဲ့အဖွဲ့တွေ စိတ်ဝင်စားစရာပဲနော့်။ ဘာသာပြန်ကောင်းတယ်။
as i have time today, i have chance to read this post. i'm thrilled with your skill of translation. Good work, Ko Yin Thomas pls keep going!!
Post a Comment