ကမ္ဘာတလွှားရင်ဆိုင်ကြုံတွေနေရတဲ့
အကျပ်အတည်းပေါင်းစုံ နဲ့ စိန်ခေါ်မှုအရပ်ရပ်တို့ဟာ ကျွန်တော်တို့အမိမြန်မာ နိုင်ငံကို
ကွက်ကျော်မသွားပဲ တိုက်ရိုက်ထိခိုက်ဆက်စပ်နေရုံမျှ မက အပိုဆုအနေနဲ့ ပြည်တွင်းဖြစ် ပဋိပက္ခပေါင်းစုံ
ကိုလဲ နည်းလမ်းပေါင်းစုံသုံးပြီး ရင်ဆိုင်ဖြေရှင်းနေရပါတယ်။ အစိုးရအနေနဲ့ အစိုးရအလျောက်
ပင်ပန်းခက်ခဲစွာဖြတ်သန်းနေရသလို၊ ကဏ္ဍအသီးသီး မှာလဲ အချိတ်အဆက်မိလိုက်မမိလိုက် နဲ့ ကျော်လွှားဖြတ်သန်းနေရတာဖြစ်ပါတယ်။
နည်းပညာတိုးတက်ဖွံ့ဖြိုးတက်မှု နဲ့ အတူ နည်းပညာအားသာမှုကို အခွင့်ကောင်းယူ၊ လက်ဦးမှုရယူပြီး
နယ်မြေချဲ့ထွင်လာတဲ့ ကမ္ဘာ့အင်အားကြီးလုပ်ငန်းစုကြီးတွေရဲ့ ရှည်လျားလှတဲ့ ခြေတံလက်တံတွေဟာလဲ
မြန်မာ့မြေပေါ်မှာ ခြေရှုပ်လက်ရှုပ်လာပါတော့တယ်။ အဲဒီ ခြိမ်းခြောက်မှုဟာ တခြားလုပ်ငန်းကဏ္ဍတွေ
ကို သက်ရောက်နေသလို ခရီးသွားလုပ်ငန်းကိုလည်းချန်လှပ် မထားခဲ့ပါဘူး။
အရှိန်အဟုန်နဲ့
ဖွံ့ဖြိုးတိုးတက်လာတဲ့ ဒစ်ဂျစ်တယ် နည်းပညာကြောင့် ကမ္ဘာအရပ်ရပ်က ခရီးသွားတွေဟာ မိမိသွားချင်တဲ့
ခရီးစဉ်ဒေသအကြောင်း ကို အန်းတား (Enter) တစ်ချက်ခေါက်ပြီးသိချင်တာသိခွင့်ရသလို၊ လေယာဉ်လက်မှတ်နဲ့
ဟိုတယ် ဘွတ်ကင်လုပ်လို့ရယုံတင်မကပဲ စားသောက်ဆိုင်စားပွဲ ကိုပါကြိုတင်ဘွတ်ကင်လုပ်လို့ရလာပြီဖြစ်ပါတယ်။
ပြတိုက်တွေ နဲ့ အပန်းဖြေကစားကွင်းတွေ ရဲ့ဝင်ခွင့်လက်မှတ်တွေ ဟာအွန်လိုင်းမှာ ဒစ်စကောင့်ဈေးနဲ့
ရနိုင်သလို အပျော်စီးသင်္ဘော၊ ရထားလက်မှတ်စတာတွေ ကတော့ ကာလအတော်ကြာကြာကတည်းက အွန်းလိုင်းမှာလွယ်လွယ်ကူကူဝယ်လို့
ရနိုင်လာပါတယ်။
အွန်လိုင်းဈေးနှုန်းတွေဟာလဲ
ဟိုတယ်နဲ့ ကန်ထရိုက်စာချုပ်တိုက်ရိုက် ချုပ်ဆိုထားတဲ့ ဒေသခံခရီးသွားလုပ်ငန်းရှင်တွေရောင်းတဲ့
ဈေးထက် မကြာခဏ ဆိုသလို ဈေးနှုန်းတန်းတူ (ရံဖန်ရံခါဆိုသလို) ပိုသက်သာ နေတတ်လို့ ဒေသခံခရီးသွားလုပ်ငန်းတွေမှာ
မသက်မသာဖြစ်ရတတ်ပါသေးတယ်။ အွန်လိုင်းဈေးကွက်ဆိုတဲ့ နေရာမှာ စီးပွားရေးလုပ်ငန်းအချင်းချင်းပဲချိတ်ဆက်တဲ့
(B2B – Business to Business) နဲ့ စားသုံးသူနဲ့ တိုက်ရိုက်ရောင်းဝယ်ဖောက်ကားနိုင် တဲ့
(B2C – Business to Client) ဆိုတာမျိုး တိတိပပ ကွဲပြားပါသေးတယ်။ ဘယ်လိုပဲကွဲပြားကွဲပြား
အိုတီအေ (OTA – Online Travel Agents) တွေဟာ သဘာဝအားဖြင့် နည်းပညာအပေါ်မှာ များများရင်းနှီးထားပြီး
အမြတ် (Profit Margin) ရာခိုင်နှုန်း အနည်းငယ်မျှလောက်နဲ့ပဲ ဖောက်သည်ကိုယ်ဆွဲဆောင်ပါတယ်။
အားသာချက်တွေက သူတို့ရဲ့ ဈေးကွက် (Marketplace) ဟာ တစ်ကမ္ဘာလုံးက အွန်လိုင်းသုံးစွဲသူတွေဖြစ်နေပြီး၊
သူတို့ဆီက၀ယ်ယူနိုင်ချိန် တနည်းအားဖြင့် သူတို့နဲ့ အလုပ်လုပ်နိုင်ချိန်ဟာ တရက်မှာ ၂၄
နာရီရှိပြီး ပိတ်ရက်မရှိ တာပါပဲ။ 24/7 လို့ညွှန်းဆိုကြပါတယ်။
အသေးစိတ်လေ့လာရင်လေ့လာ
သလို တခြားအားသာချက်၊ အားနည်းချက်တွေ တွေ့နိုင်သေးပေမယ့် အဓိကအရေးအပါဆုံးအချက်က မြန်မာပြည်ကိုလာဖို့အတွက်
အွန်လိုင်းကနေ ၀ယ်ယူတဲ့ အတွက် ရလာမယ့် အကျိုးအမြတ်တွေဟာ နည်းပညာရင်းနှီးမြှုပ်နှံသူ
ပြည်ပ လုပ်ငန်းရှင်ဆီကို တိုက်ရိုက်စီးဆင်းသွားတယ် ဆိုတာပါပဲ။ နိုင်ငံတကာမှာ ပါးပါးနပ်နပ်နဲ့
လူးသာလွန့်သာအောင်ပြင်ဆင်လာတဲ့ အဲဒီ အွန်လိုင်းလုပ်ငန်းတွေက အခွန်အခ ရဖို့ဆိုတာကလဲ
မလွယ်လှပါဘူး။
တခြားကြီးကြီးမားမား
စိန်ခေါ်မှုအနေနဲ့ကတော့ မြန်မာ့ခရီးစဉ်ဒေသတစ်ခုလုံးရဲ့ဈေးနှုံးပါပဲ။ ဒေသတွင်းမှာ ဈေးအကြီးဆုံးလို့ယေဘူယျသတ်မှတ်လို့ရပါတယ်။
အခြေအနေအရပ်ရပ်နဲ့ အခက်အခဲပေါင်းစုံအရ ဈေးနှုံးကြီးမြင့်နေဦးမယ် ဆိုရင်တောင် ဒေသတွင်းမှာ
စိတ်ကျေနပ်စရာတစုံတရာ ပိုသာတဲ့အတွက် ပေးခဲ့ရတဲ့ ဈေးနဲ့ ထိုက်တန်ကျေနပ်တယ်လို့ မြန်မာပြည်ကိုလာလည်တဲ့
ကမ္ဘာလှည့် ခရီးသည်တွေအနေနဲ့ ယုံကြည်လက်ခံနိုင်ရင် အဆင်ပြေသေးတယ်လို့ မှတ်ယူရမှာပါ။
ဒါတောင်မှ အိမ်နီးချင်းနိုင်ငံတွေက လျှံထွက်လာတာနဲ့ မြန်မာနိုင်ငံကိုပဲ တကယ်သွားချင်တဲ့သူပဲလာတော့တာပါ။
ကမ္ဘာလှည့်ခရီးသည်တစ်ဦး၊
တစ်ဖွဲ့ မြန်မာနိုင်ငံကိုလာရောက်လည်ပတ်ပြီဆိုရင် ပြည်ဝင်ခွင့်ဗီဇာကြေးကနေစပြီး ဘုရားဝင်ကြေး၊
ပြတိုက်ဝင်ကြေးကစလို့ နေထိုင်တည်းခိုရာ၊ စားသောက်ရာ၊ အစရှိသဖြင့် ဆက်စပ်ပတ်သက်ရာ အစိုးရ၊
လုပ်ငန်း၊ လူသူ တစ်ဦးချင်းစီတိုင်းကို ၀င်ငွေ အလုပ်အကိုင်အခွင့်အလမ်း ဖော်ဆောင်ပေးတဲ့
အကျိုးကျေးဇူးကြီးမားတဲ့ လုပ်ငန်းနယ်ပါယ်ကြီးတစ်ရပ်ဖြစ်ပါတယ်။
ခရီးသွားလုပ်ငန်းဆိုတာ
ကလဲ ထိလွယ်ရှလွယ်တဲ့ အထဲမှာ ထိပ်ဆုံးကပါပါတယ်။ နေရာဒေသတစ်ခုကို ဘယ်လောက်ပဲလှ၊ ဘယ်လောက်ပဲထူးခြားနေပါစေ
တည်ငြိမ်အေးချမ်းမှုမရှိရင် ဘယ်သူမှလာလည်မှာ မဟုတ်ပါဘူး။ အခုအချိန်လိုမျိုး ဘက်ပေါင်းစုံက
အခက်အခဲမျိုးစုံ၊ စိန်ခေါ်မှုမျိုးစုံ ကြုံတွေ့နေရချိန်မှာ မြန်မာ့ခရီးသွားလုပ်ငန်း
ရေရှည်တည်တံ့ခိုင်မြဲဖို့ အားလုံးမှာတာဝန်ရှိပါတယ်။
အစိုးရ
အနေနဲ့ အခြေအနေ အချိန်အခါနဲ့ သင့်တော်တဲ့ဥပဒေမျိုးပြဌာန်းသင့်ပါတယ်။ အငြင်းပွားစရာကောင်းတဲ့
အိပ်ယာခွန် (Bed Tax) ပဲဖြစ်ဖြစ်၊ ခရီးသွားခွန် (Tourism Tax – TTx) ပဲဆိုဆို အခုအချိန်မျိုးမှာ
မကောက်ခံသင့်ပါဘူး။ အွန်လိုင်းကနေ ဗီဇာ (eVisa) လျှောက်လို့ရနေပေမယ့် ပိုမိုပြည့်စုံအောင်
ပြင်ဆင်သင့်တာလေးတွေရှိပါသေးတယ်။ ဥပမာ eVisa Care Line အရေးပေါ်ဖုန်းကို အချိန်တိုးမြှင့်ဖြေဆိုသင့်သလို
လျှောက်ထားခွင့်ရှိတဲ့ နိုင်ငံအရေအတွက်လဲ (ပြဿနာထွေထွေထူးထူးမရှိနိုင်တဲ့ နိုင်ငံတချို့)
ထပ်တိုးသင့်ပါတယ်။ သက်ဆိုင်ရာဦးစီးဌာနတွေကို ခရီးသွားလုပ်ငန်း၊ နိုင်ငံတကာ ခရီးသည်နဲ့ပတ်သက်ပြီး
အဆင်ပြေချောမွေ့အောင် တိကျသေခြာတဲ့ညွှန်ကြားချက်မျိုးထုတ်ပြန်ပြီး ပူးပေါင်းဆောင်ရွက်စေသင့်ပါတယ်။
ခရီးသွားလုပ်ငန်းရေရှည်ဖွံ့ဖြိုးတိုးတက်ဖို့ သင့်တော်တဲ့ ဘတ်ဂျက်ရန်ပုံငွေချထားသင့်ပါတယ်။
တိုင်းဒေသကြီးနဲ့ ပြည်နည်အသီးသီးမှာလဲ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးမှု အဖွဲ့အစည်းတွေကို
နာလည်တတ်ကျွမ်းတဲ့သူတွေနဲ့ဖွဲ့စည်းသင့်ပါတယ်။
ပြည်တွင်းလေကြောင်းလိုင်းများ၊
ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းရှင်များ၊ ဧည့်လမ်းညွှန်များ၊ ခရီးသွားလုပ်ငန်းနှင့်ပတ်သက်ပြီးဝန်ဆောင်မှုပေးနေတဲ့
ယာဉ်မောင်း၊ စားသောက်ဆိုင်များ၊ အမှတ်တရပစ္စည်းဆိုင်များမှာ တင်မကပဲ ပြည်သူလူထုတစ်ရပ်လုံးမှာပါ
တာဝန်ရှိပါတယ်။ ကျွန်တော်တို့အားလုံးမှတာဝန်ရှိပါတယ်။
ကျွန်တော်တို့အားလုံးမှတာဝန်ရှိပါတယ်။
ကျွန်တော်တို့အားလုံးမှတာဝန်ရှိပါတယ်။
ဒုတိယပိုင်း ဖျောက်ထားမည့်စာ
0 comments:
Post a Comment