Wednesday, March 9, 2011

ညက်ပီနေ့ (Nyepi Day: the Balinese Day of Silence)


ကမ္ဘာ အနှံ့အပြားမှာ ဘာသာရေး နဲ့ ယဉ်ကျေးမှူု့ဆိုင်ရာ ရိုးရာပွဲတော် တွေ ပျော်ရွှင်စွာကျင်းပပြီး နှစ်သစ်ကို ကြိုဆိုလေ့ရှိကြပါတယ်။ ဥပမာအားဖြင့် မြန်မာ နိုင်ငံ မှာ "နှစ်သစ်ကူးရေသဘင်ပွဲတော်"၊ တရုတ်လူမျိုးများမှာ "ကုန်းရှီဖဆိုင်ပွဲတော်"၊ မွတ်ဆလင်တွေမှာလဲ "မူဟာရမ်ပွဲတော်" စသဖြင့်ပေါ့။ တခြားလဲ အမျိုးမျိုး သော နှစ်သစ်ကူးပွဲ တော် တွေ လူမျိုး၊ ယဉ်ကျေးမှူု၊ ဘာသာ ကိုမူတည်ပြီး အများကြီးရှိပါသေးတယ်။ ကမ္ဘာအရပ် ရပ်က လုအမျိုးမျိုး တညီတညွတ် တည်း ဆင်နွှဲကြတဲ့ အနောက်တိုင်းပြက္ခဒိန် (Gregorian Calendar) အရ နှစ်သစ်ကူးဖြစ်တဲ့ ဇန်န၀ါရီလ ၁ ရက်နေ့ကိုတော့ အားလုံး သိကြပြီး ဖြစ်ပါတယ်။

အဲဒီလို နှစ်သစ်ကူးပွဲတော် မျိုး တွေနဲ့ အလားသဏ္ဍန်တူတာမျိုး အင်ဒိုနီးရှား ရဲ့ ဘာလီကျွန်း မှာလဲကျင်းပလေ့ရှိပါတယ်။ ဒါပေမယ့် ဘာလီလူမျိုး တွေဟာ ရှုပ်ထွေးပြီး မတူညီတဲ့ ပြက္ခဒိန် တွေ ကိုအသုံးပြုတဲ့ အတွက် ရက်၊ လ၊ နှစ် တွေ ကိုတွက်ချက် ရာမှာ အနောက်တိုင်းပြက္ခဒိန်နဲ့မတူပဲ အလွန်ရှုပ်ထွေးလေ့ ရှိပါတယ်။ (ဥပမာ။ ။ တလ ကို ၃၅ ရက်ရှိတယ် ဆိုတာမျိုး)။ အနောက်တိုင်းပြက္ခဒိန် (Gregorian Calendar) ကို အုပ်ချုပ်ရေး နဲ့ စီးပွားရေး ဆိုင်ရာ ကိစ္စရပ် တွေ အတွက် အသုံးပြုပေသော်ငြား သူတို့ရဲ့ မရေမတွက်နိုင်လောက် အောင်များပြားလှတဲ့ နေ့ထူးနေ့မြတ်တွေ၊ ဘုရားကျောင်းနှစ်လည်ပွဲတွေ၊ ဘာသာရေးပွဲတော်တွေ၊ ဘာသာရေးကပွဲတွေ၊ အိမ်ဆောက် ပန္နက်တင် အခန်းအနားပွဲ၊ မွေးနေ့၊ မင်္ဂလာဆောင်၊ အသုဘ၊ ယတြာပွဲ၊ မတြာပွဲ စတဲ့ ဘာလီ ရဲ့ ၀ိသေသပွဲတွေ အတွက် တော့ ပြက္ခဒိန် စနစ် နှစ်မျိုး ကိုပဲ ကိုးကားပါတယ်။ ရက်သတ္တပါတ် ကိုရည်ညွှန်းတဲ့ ပါဝုကွန် (Pawukon) ပြက္ခဒိန် နဲ့ လ ကို ရည်ညွှန်းတဲ့ စာဆေ့ (Sasih) ပြက္ခဒိန် တွေ ပဲဖြစ်ပါတယ်။ ပါဝုကုပြက္ခဒိန်မှာ စန္တ (Sinta) ဆိုတာက စပြီး အချက်အလက် ၃၀ ပါဝင်ပြီး ၀ါတုဂုဏံ (Watugunung) နဲ့ ဆုံးပါတယ်။ ရက်ပေါင်း ၂၁၀ ပါဝင်တဲ့ ပါဝုကွန်ရိုးရာ ပြက္ခဒိန်ကို ၁၄ ရာစုလောက် မှာ ဂျာဗားကျွန်း ကနေယူဆောင်လာတာ ဖြစ်ပါတယ်။ အဲဒီပြက္ခဒိန် မှာ ရှုပ်ထွေးလှတဲ့ ရာသီခွင် ကိန်းဂဏန်း တွေ ပါဝင်ပြီး ဘာလီကျွန်းရဲ့ ရိုးရာ ပွဲတော်တွေ လုပ်ဖို့ အလေးအနက်ထား ကိုးကားရတဲ့ အချိန်ဇယား တခုပါပဲ။ ၁၂ လပါဝင်တဲ့ စာဆေ့ရိုးရာ ပြက္ခဒိန် ကတော့ အိန္ဒိယ ကဆင်းသက်ပေါက်ဖွားလာတယ် လို့ယုံကြည်ရပြီး နေသွားလမ်း၊ လသွားလမ်း (နေကြတ်၊ လကြတ်) တာတွေ အပေါ် အခြေခံကာ ဂနေ့ရှ် (မဟာပိန္နဲ) အစရှိတဲ့ ဟိန္ဒူနတ်ဘုရား တွေကို ဆည်းကပ်ပူဇော် ရာ ရက်၊ လ၊ အချိန်တွေ ပါရှိတဲ့ အချိန်ဇယား တမျိုးပဲဖြစ်ပါတယ်။


အနောက်တိုင်းသား တွေ နှစ်သစ်ကူး ကို ပျော်ရွှင်မြူးတူး ဆူညံစွာ ကျင်းပ ပေမယ့် ဘာလီ မှာတော့ ရိုးရာ နှစ်သစ်ကူးကို အလွန်အံ့သြစရာ ကောင်းလောက်အောင် တိတ်ဆိတ်စွာ ဖြတ်ကျော်ပါတယ်။ အဲဒီနေ့ကို ညက်ပီနေ့(Nyepi Day: the Balinese Day of Silence) လို့ခေါ်ပြီး အေဒီ ၇၈ ရာစုလောက် ကစခဲ့တဲ့ သက္ကဟိန္ဒူ ခေတ်သစ် (New Era of Saka Hindu) ကတည်းက စတင်ခဲ့တယ်လို့ ဆိုပါတယ်။ တကယ်တော့ ညက်ပီနေ့ ဆိုတာ သဘာဝ တရားရဲ့ ချိန်ခွင်လျှာ ကိုထိမ်းသိမ်းတဲ့ နေ့ပါပေပဲ။ ဤနေ့ ကို အိန္ဒိယက ဘုရင် ပထမကိန္နစ္စ (King Kaniska I) က ရွေးချယ် သတ်မှတ်ခဲ့တာ လို့ဆိုပါတယ်။ ဘုရင်ပထမကိန္နစ္စ ဟာ ဉာဏ်ပညာ ကြီးမားပြီး ရက်ရောမှုကြောင့် ဟိန္ဒူ နဲ့ ဗုဒ္ဓဘာသာ အသိုင်းအ၀န်း မှာ ဂုဏ်သတင်းမွှေး ပါတယ်။ နောက်ပြီးသူ့ရဲ့ တခြား ဆောင်ရွက်ချက် ကတော့ ဓမ္မယတြာ (Dharma Yatra) လို့ခေါ်တဲ့ ဟိန္ဒူအယူဝါဒ ကို ဆူမာတြား၊ ဂျာဗား အစရှိတဲ့ ယနေ့ အင်ဒိုနီးရှား ကို ဆောင်ယူ လာပြီး သက္ကနှစ် ကို မိတ်ဆက်ခဲ့ပါတယ်။

ညက်ပီနေ့ မတိုင်ခင် ၃ ရက်မှာ မယ်လစ္စတီ ပွဲတော် (Melasti) လုပ်ကြရပါတယ်။ အဲဒီပွဲတော် ဟာ တကယ်တော့ ပါရလင်္ဂ (Pralingga) ရုပ်တု ကိုရှင်းသန့်တဲ့ ပွဲဖြစ်ပါတယ်။ အဲဒီလို ရှင်းသန့်စေခြင်းအားဖြင့် စိတ်အလျင် ဟာရှင်းသန့်လာပြီး ဘုရားသခင်နဲ့ ပိုမိုနီးစပ် မှု့ရကာ နောက်ဆုံးမှာ ထာဝရရှင်သန်တဲ့ အမတ ဘုံကို ရောက်စေဖို့ အကြောင်း အချက်လို့ ယုံကြည် ကြပါတယ်။ အဲဒီနေ့ မှာ ဘုရားကျောင်းအသီးသီးက နတ်ဘုရားရုပ်တုတွေ ကို ပင်လယ် ကိုဆောင်ယူ ပြီး အခမ်းအနားနဲ့ ဆေးကြောပါတယ်။


ညက်ပီနေ့ မတိုင်ခင် နေ့မှာတော့ တ၀ါကစ္စန္ဂ (Tawur Kesanga) ပွဲတော် ကိုအကြီးအကျယ် ကျင်းပပါတယ်။ အဲဒီပွဲတော် နေ့မှာ ဘာလီကျွန်း မှာရှိတဲ့ လမ်းမကြီး တွေ အားလုံးလိုလို ကို ပိတ်ပြီး မကောင်းဆိုးရွား တွေ နတ်ဆိုး တွေကို ပင့်ဖိတ်ပါတယ်။ အိုဂိုးအိုဂိုး (Ogoh-ogoh) လို့ခေါ်တဲ့ ကြောက်မက်ဖွယ် ရာ မကောင်းဆိုးရွား၊ တစ္ဆေနတ်ဆိုး အရုပ်တွေကို နှီး၊၀ါး အစ ရှိတာ တွေနဲ့ ပြုလုပ်ပြီး လမ်းဆုံ လမ်းခွ၊ လမ်းမကျယ်ကြီး တွေမှာ လှည့်လည်ပါတယ်။ အိုဂိုးအိုဂိုး မကောင်းဆိုးရွားပုံစံ အရုပ်တွေဟာ သူတို့ပတ်ဝန်းကျင်မှာ နေ့စဉ်လှည့်လည် နေတဲ့ မကောင်းတဲ့ ၀ိဉာဉ် တွေကို ကိုယ်စားပြုပါတယ်။ (စကားချပ်။ ။ဘာလီရိုးရာ ဟိန္ဒူအယူဝါဒ အရ မကောင်းဆိုးရွားတွေကိုနေ့စဉ် ခေါစာပစ်ရပါတယ်)။ အဲဒီနေ့မှာ မကောင်းဆိုးရွား ရုပ်ပုံတွေကို နေ၀င်ချိန်က စပြီး ညဉ့်နက် သည်အထိ ဘာလီရိုးရာ ကြေးနောင်၊ ပတ္တလား၊ နှဲ၊ ဗုံ စတာတွေ တီးမှုတ် ပြီး ကျေးရွာအစည်းအရုံးအသီးသီး က လူငယ်အဖွဲ့တွေ က တာဝန်ယူလှည့်လည်ကြပါတယ်။ လူသား နဲ့ နတ်ဒေ၀တာ၊ လူသား အချင်းချင်း၊ လူသား နဲ့ သဘာဝပတ်ဝန်းကျင် အစရှိသဖြင့် အချင်းချင်း သဟဇာတ ဖြစ်စေဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။ ညနေစောင်း ရောက်ချိန်မှာ အိမ်အသီးသီး မှာ အိမ်ထောင်ဦးစီး ကဦးဆောင်ပြီး မီးတုတ်တွေ ကို မီးရှို့ ပြီး ၀ါးဘိုးဝါး ကုလားတက် တွေနဲ့ တောထုတ် ပါတယ်။ နောက်ဆုံး မှာ မကောင်းဆိုးရွား အရုပ်တွေ ကို ပင်လယ် ကမ်းစပ် ကို သယ်သွားပြီး မီးရှို့ ပစ်လိုက်ရပါတယ်။ အဲဒီလို ရှို့လိုက် ခြင်းအား ဖြင့် ဘူတကာလ (Bhuta Kala) လို့ခေါ်တဲ့ မကောင်းတဲ့ စိတ်ဝိဉာဉ် ဟာ ကင်းစင်လွင့်ပျောက် သွားစေတဲ့ လို့ယုံကြည် ကြပါတယ်။


ညက်ပီနေ့ မှာတော့ အားလုံးဟာ ငြိမ်သက်တိတ်ဆိတ် နေပြီး ဘာလီကျွန်း တကျွန်းလုံး ဘာသံမှ မကြားရလောက် အောင် ဆိတ်ညံနေပါတယ်။ ဘာလီရိုးရာ လုံခြုံရေးတွေ ကလွဲလို့ ဘယ်သူမျှ လမ်းပေါ် မထွက်ကြရပါဘူး။ နိစ္စဒူဝ အလုပ်တွေ ဖြစ်တဲ့ ထမင်းချက်၊ အ၀တ်လျှော် စတဲ့ အလုပ်တွေ လဲ ဘယ်သူမှ မလုပ်ကြပါဘူး။ ဘာလီကျွန်းပေါ်မှာ ရှိတဲ့ လူအားလုံး အိမ် အပြင်ဖက် ကိုပါထွက် ခွင့်မရှိပါဘူး။ ကမ္ဘာလှည့် ခရီးသည် တွေအားလုံးကတော့ တည်းခိုရာ ဟိုတယ်ဝင်းရဲ့ ပြင်ပ ကိုလုံးဝ မထွက်ရပါဘူး။ ရေဒီယို၊ တီဗွီ အသံလွှင့်ဌာနများ နားပါတယ်။ ယုတ်စွအဆုံး ဘာလီကျွန်းနဲ့ ပြင်ပ ကမ္ဘာ အဆက်အသွယ်လုပ်ရာ ဘာလီလေဆိပ် (Danpasar Airport) အပါအ၀င် သင်္ဘောဆိပ်၊ လှေဆိပ် အားလုံး ၂၄ နာရီ ပိတ်ပါတယ်။ တနေ့လုံး ခွေးဟောင် သံ နဲ့ အင်းဆက်ပိုးမွှား တွေ အော်မြည်သံ ကလွဲလို့ ဘာသံမှ မကြားရပါဘူး။ ညအချိန် ရောက်တဲ့ အခါမှာလဲ မီးလုံး ၀ ထွန်းခွင့် မရှိပါ။ တညလုံး ပိန်းပိတ်အောင် မည်းမှောင်နေပြီး တိတ်ဆိတ်နေပါတယ်။ ကမ္ဘာဦး အစလိုမျိုး ဖြစ်နေပြီး နောက်တနေ့ မှာ အစစ အရာရာ အားလုံး အသစ် ကဲ့သို့ ဖြစ်နေစေအောင် ဘာသာတရား နဲ့ထိမ်းကွပ်ပြီး သတ်မှတ်ထားတဲ့ သဘောလို့ဆိုပါတယ်။

ညက်ပီနေ့ အလွန် နှစ်ဆန်းတရက်နေ့(Ngembak Geni) မှာတော့ ဟိန္ဒူ အသိုင်းအ၀ိုင်း အချင်းချင်း ခွင့်လွှတ်စေဖို့ လည်ပတ်ကြပြီး ဟိန္ဒူဘဂ၀တ် ကျမ်းတော်လာ တရားဓမ္မ တော်တွေ ကိုရွတ်ဆိုကြပါတယ်။ ဘာသာရေး စိတ်ပညာရှုထောင့်က ကြည့်ရင် ညက်ပီနေ့ ဟာ လူသားခြင်းစာနာထောက်ထားဖို့၊ မေတ္တာထားဖို့၊ သည်းခံစိတ်ရှိဖို့၊ အကြင်နာတရားထားတတ်ဖို့ အစရှိတဲ့ စိတ်ကောင်းစေတနာကောင်း ရှိစေဖို့ မိမိကိုယ်ကို ပြန်လည် ဝေဖန်ဆန်းစစ် စေတဲ့နေ့တနေ့ပဲဖြစ်ပါတယ်။ ဘာလီရိုးရာ ဟိန္ဒူဘာသာ အယူဝါဒမှာ နေ့ထူးနေ့မြတ်တွေ၊ ပွဲတော်နေ့တွေ အလွန်ပဲ များပြားလှပါတယ်။ ဒါပေမယ့် ညက်ပီနေ့ဟာ ဘာလီကျွန်းတခု လုံးအတွက် အရေးအကြီးဆုံး ဘာသာရေးပွဲတခုဖြစ်ပါတယ်။ အထူးသဖြင့် ဘာလီကျွန်း ကို တခြားကမ္ဘာ့ ဘယ်နေရာ နဲ့မှမတူအောင် ထူးခြားစေတဲ့ နေ့တနေ့ပဲ ဖြစ်ပါတော့တယ်။

မှတ်ချက်။ ။ ပြီးခဲ့တဲ့ မတ်လ ၅ရက်နေ့ (စနေနေ့) မှာကိုယ်တွေ့ ကြုံခဲ့ရတဲ့ ညက်ပ်ီနေ့ မှာ မနက် ၆ နာရီက စပြီး နောက်တနေ့ မနက် ၆နာရီအတွင်း အခါအားလျော်စွာ ပတ်ဝန်းကျင် အိမ်နီးချင်းအိမ်တွေကို စူးစမ်းလေ့လာဖြစ်ခဲ့ပါတယ်။ မနက် စောစော ကတည်း ကတိတ်ဆိတ်နေတဲ့ ပတ်ဝန်းကျင်ဟာ ည ၇ နာရီခန့်လောက်က စပြီး တကယ်ပိန်းပိတ်အောင် မှောင်မည်းနေပါတယ်။ ကလေးအငယ် လေးရှိလို့မီးတပွင့် ထွန်းခွင့် ကြိုတင် တောင်းခံထားတဲ့ အတွက် ထွန်းထားပေမယ့် ပတ်ဝန်းကျင် ကို အလင်းမပြန့်အောင် ခန်းစီးအပေါ်က နေအ၀တ်အထပ်ထပ် ကာရံထားရပါတယ်။ ၂ လက်မလောက် လွတ်နေတဲ့ နေရာကနေ ခန်းဆီးကို ဖြတ်ထွက်လာတဲ့ အလင်းရောင် ဟာ တော်တော် ဝေးဝေးကနေ မြင်ရတယ်ဆိုတာ အပြင်ထွက်ကြည့်လို့ သိရပါတယ်။ အတော်ထူးခြားတဲ့ နေ့ ဖြစ်လို့ အများသိစေလိုတဲ့စေတနာနဲ့ လေ့လာပြီးပြန်လည်မျှဝေ ရခြင်းသာ ဖြစ်ပါတယ်။


Photos by Komang

10 comments:

ဘာလီကျောက် said...

မှောင်ထဲမှာ....အမလေး..
ကြောစိမ့်လာပြီ..

ကိုအောင်(ပျူနိုင်ငံ) said...

ဖတ်ရတာ ကောင်းလိုက်တာဗျာ၊ ကျနော်ကတော့ “ဆေဂျမ်းသို့ ဟာသီး” ဆိုတဲ့
အင်ဒိုသီချင်းပဲ သိတယ်၊ ဘာလီကျွန်းရဲ့ ယဉ်ကျေးမှုတွေက အထူးအဆန်းတွေပဲ ကိုAATO ရေ ...

ချော(အစိမ်းရောင်လွင်ပြင်) said...

စိတ်ဝင်စားစရာနေ့လေးဘဲနော်
တစ်ခါမှ မကြားဖူးသလို ကြုံလဲမကြုံဖူးဘူး
တစ်နေ့လုံး တစ်ညလုံး တိတ်ဆိတ်နေပြီး မှောင်မှဲနေတဲ့ ခံစားချက်ဟာ ဘယ်လိုများလဲလို့ သိချင်စရာဘဲ.
ရေးပြပေးတာ ကျေးဇူးတင်ရပါတယ်.. မသိသေးတဲ့ အကြောင်းအရာလေးတစ်ခု ဗဟုသုတရလို့ပါ။

ချော(အစိမ်းရောင်လွင်ပြင်) said...

စိတ်ဝင်စားစရာနေ့လေးဘဲနော်
တစ်ခါမှ မကြားဖူးသလို ကြုံလဲမကြုံဖူးဘူး
တစ်နေ့လုံး တစ်ညလုံး တိတ်ဆိတ်နေပြီး မှောင်မှဲနေတဲ့ ခံစားချက်ဟာ ဘယ်လိုများလဲလို့ သိချင်စရာဘဲ.
ရေးပြပေးတာ ကျေးဇူးတင်ရပါတယ်.. မသိသေးတဲ့ အကြောင်းအရာလေးတစ်ခု ဗဟုသုတရလို့ပါ။

မြစ်ကျိုးအင်း said...

ကျနော်တော့ အဲဒီလိုမတူညီတဲ့ ဓလေ့ရိုးရာတွေကို စိတ်ဝင်စားတယ်ဗျာ။ ဓလေ့တခုကို မပျက်သုန်းအောင် ထိန်းသိမ်းနိင်တာလည်း ကောင်းတယ်လို့ ဆိုရမယ်။
အစွန်းရောက်လွန်းတာတွေတော့ သဘောမကျပါဘူး။

Anonymous said...

ဗဟုသုတအများကြီးရလိုက်ပါတယ်
ကိုယ်တိုင်ကြုံတွေ့ချင်တယ်

An Asian Tour Operator said...

အားပေးစကား အတွက် ကျေးဇူးပါဗျာ။ ဒါနဲ့ မကောင်းဆိုးရွား အရုပ်ကြီးတွေ ပုံလိုချင်ရင် ပြောပါ။ အီးမေး နဲ့ ပို့ပေးပါ့မယ်။ ဘာလီ တကျွန်းလုံး ဆိုရင်မတူတဲ့ အရုပ်တွေ သိန်းနဲ့ ချီရှိ နိုင်ပေမယ့် ကျနော့ဆီမှာ တော့အမျိုး ၂၀ - ၃၀ လောက် ရှိမလားပဲ။

Aeimt Kabyar Mon said...

မှတ်သားစရာဗဟုသုတလေးပါရှင်

Aeimt Kabyar Mon said...

မှတ်သားစရာဗဟုသုတလေးပါရှင်

Aeimt Kabyar Mon said...

မှတ်သားစရာလေးပါရှင်

License

License
Thank you very much for visiting my blog. I really do. I am trying to write and share my knowledge, experience,information etc etc. I would be very much appreciated for your either encouraging or critical comments to my any post. Furthermore, some photos herein the posts are not mine and perhaps some information too. However I always try to credit or mention the courtesy of the respective owner and/or where I got it from. Anyway please leave your message anything regards to my blog or if you want to use any part of information from my blog. I would follow up thereafter your message, accordingly.
Contact: thomasjrlatt@gmail.com