ကြောက်ရွံ့တုန်လှုပ်နေတဲ့ အဲဒီမျောက်ဝံက လေး နာရု ကိုဌာနေ အလုပ်သမား တွေက ပွန်တြန်အော်ရီကို (Pontian Orico) လို့ခေါ်တဲ့နေရာကတွေ့ခဲ့တာပါ။ သူ့မိခင်ဟာ ရက်စက်ကြမ်းကြုပ်တဲ့ ဘော်နီယိုတောခွေးအုပ်စု ရဲ့ တိုက်ခိုက် အမဲလိုက်ခြင်းကို ခံခဲ့ ရလိမ့်မယ် လို့ယုံကြည်စရာ ရှိပါတယ်။ အသက်ဘေးက အသည်းအသန် ထွက်ပြေးလွတ်မြောက်သွားတဲ့ သူ့အမေဟာ ဘယ်တော့မှ ပြန်လာတော့မှာ မဟုတ်ပါဘူး။ အဲဒါကြောင့် ဌာနေအလုပ်သမားတွေထဲက တယောက်ဟာ နာရု ကို နို့မှုန့်တိုက်ပြီး စောင်ကလေး နဲ့ နွေးနွေးထွေးထွေးဖြစ်အောင်ပတ်ပေး စောင့်ရှောက် ထားခဲ့ပါတယ်။
တကယ်တန်းကျတော့ အော်ရန်အူတန် မျောက်ဝံတွေကို အိမ်မွေးတိရိစ္ဆာန် အနေနဲ့ မွေးမြူတာဟာ တရားဥပဒေနဲ့ ညိစွန်းပါတယ်။ တည်ဆဲသားရိုင်းတိရိစ္ဆာန် ဥပဒေဟာ မျိုးတုန်းအ န္တာရာယ် နဲ့ရင်ဆိုင်နေရတဲ့ တောရိုင်း တိရိစ္ဆန် တွေကို ကာကွယ်ပေးထားပြီး တရားမ၀င် အိမ်မွေးတိရိစ္ဆာန် အဖြစ်ရောင်း ၀ယ်ဖောက်ကားမှုကို ရပ်တန့်အောင် တင်းကျပ် ထားပါတယ်။ တတ်သိနားလည်သူတွေ ရဲ့ အကြံပေးချက် အရ နာရု ကို ကောက်ယူစောင့်ရှောက်နေတဲ့ အလုပ်သမား ဟာ စီပီလော့အော်ရန်အူတန် မျောက်ဝံ လေ့ကျင့်ထိမ်းသိမ်း ရေးစခန်းကို ဆက်သွယ်ခဲ့ပါတယ်။ ဒီစခန်း ဟာ မျောက်ဝံကလေးတွေ သဘာဝနဲ့ လိုက်လျောညီထွေဖြစ်စေမယ့် လေ့ကျင့်ခန်းမျိုး သင်ကြားလေ့ကျင့် နိုင်ရုံသာ မကပဲ ခေတ်မှီ စနစ်ကျတဲ့ ကျန်းမာရေး စောင့်ရှောက်မှုကို ခံယူနိုင် ပြီး နောင်တချိန်မှာ တောတွင်း ကိုပြန်လည် ကျက်စား ဖို့ လွှတ်ပေး တဲ့ နေရာ အနည်းငယ် ထဲက တခုဖြစ်ပါတယ်။
စီပီလော့စခန်းက တိရိစ္ဆာန်ကု ဆရာဝန်တွေရဲ့ ကျန်းမာရေးဆိုင်ရာ ဆေးစစ်မှုကို ခံယူပြီး ကူစက်ရောဂါရှိမရှိ ၃ လ စောင့်ကြည့်ပြီးချိန် မှာ နာရု လေးဟာ စီပီလော့ရဲ့ မျောက်ဝံမူကြို ကျောင်းမှာ စာရင်းသွင်း ကျောင်းတက်လို့ရပါပြီ။ လအနည်းငယ် အကြာမှာ တော့ နာရု ဟာ ကျန်းမာရေးဒေါင်ဒေါင်မြည် အစားပုပ် ကလေးဖြစ်လာပါတော့တယ်။ သူ့အကြိုက်ဆုံးကတော့ ကြံချောင်း ကလေးတွေကို ကိုက်ဝါး ပြီး စုပ်ရတာ ကိုပါပဲ။
နာရု အနေနဲ့ သစ်ပင်တက် လေ့ကျင့်ခန်းတွေ လုပ်နေရပါပြီ။ သူ့အသက် အရွယ် အရဆိုရင် နာရု ဟာအရမ်းသန်မာပြီး စာတော်တဲ့ ကျောင်းသားတ ကောင်ပါပဲ။ တခါတလေ လေ့ကျင့်ရေး ကြိုးကနေ နီးစပ်ရာ သစ်ပင်ပေါ် စွန့်စွန့်စားစား ကုပ်ကပ် တွယ်တက်သွားတတ် ပြီး အောက် ကိုတော်တော် နဲ့ ပြန်ဆင်းခိုင်းလို့ မရပါဘူး။
နာရု ကို ကလိမထိုးနဲ့ ယားတတ်တယ် ခွိခွိခွိ (Photo taken from here)
စက်တင်ဘာလမှာ တော့ နာရု ဟာ ကိုယ်အလေးချိန် ၃ ကီလိုခွဲ ရှိလာပြီး ထူးထူးခြားခြား တိုးတက်လာခဲ့ပါတယ်။ တနေ့မှာတော့ နာရုတကောင် ဖျော့တော့ ပြီး ငြိမ်ကုပ်နေတာကို တိမွေးကု သူနာပြု တွေ သတိထားမိ လိုက်ပါတယ်။ သွေးချက် ခြင်းဖောက်စစ်လိုက် တဲ့ အခါမှာ ငှက်ဖျား သွေးရှိနေတာ သိလိုက်ရပါတယ်။ အအေးထပ် မမိအောင်လို့ သူ့ကို အတွင်းခန်းမှာ ရွှေ့ထားပြီး ပုံမှန်ဆေးကုသမှု ကိုဆောင်ရွက်ပါတယ်။ သူ့ကိုကြည့်ရတာ စိတ်ဓါတ် အတော် ကျနေတဲ့ ပုံပေါက် ပေမယ့် များမကြာ ခင်မှာပဲ ပုံ မှန်အခြေ အနေကို ရောက်လို့ ကျောင်းပြန်တက်ပြီး ပုံမှန် မူကြို လေ့ကျင့်ခန်း တွေကို ပြန်လုပ်နိုင်လာပါတယ်။
၁ နှစ်ပြည့်တဲ့ အခါမှာတော့ နာရုတ ကောင် ၇ ကီလိုတောင် ရှိလာပါတယ်။ ငှက်ဖျား ကတော့ လုံးဝ ပျောက်သွားပါပြီ။ သူ့ကို Jungle Gym (အောက်ဒိုး လေ့ကျင့်ခန်း လုပ်ရာနေရာ) မှာ တခြား အော်ရန်အူတန် မျောက်ဝံ ငယ် လေးတွေနဲ့ အတူ တောတွင်းမှာ အသက်ရှင် ရပ်တည်ဖို့ အတွက် လိုအပ်တဲ့ လေ့ကျင်ခန်း တွေ ကျင့်စေပါတယ်။ ရီးလေးခို တာတို့၊ သစ်ပင် တက်တာ တို့ တခြား အော်ရန်အူတန် မျောက်ဝံတွေ နဲ့ ဆက်ဆံစေတာ တို့ က စီပီလော့မှာ သင်တဲ့ သင်ခန်းစာ ထဲက တချို့ပါ။ အဲဒီမှာပဲ သူတို့ အဖွဲ့ထဲ က သူ့ထက်ပိုကြီး တဲ့ နောင်နောင်း (Nonong) ဆိုတဲ့ မျောက်ဝံ နဲ့ မကြာခဏ နပန်း လုံး တဲ့ အတွေ့အကြုံ ကိုရလာပါတယ်။ များမကြာခင်မှာပဲ နောင်နောင်း ကို ပြန်လှန် နပန်းလုံး နိုင်လာပါတယ်။ တကယ်တော့ ဒါဟာ နောက်နှစ် အနည်းငယ် အတောအတွင်းမှာ အသုံးဝင်လာမယ့် လေ့ကျင့် ခန်းတခု ဆိုရင် မမှားပါဘူး။ တခါတလေ မှာ နာရု ဟာ တောတွင်း လေ့ကျင့်ခန်း လုပ်ရာ နေရာ မှာ ချိတ်ဆွဲထားတဲ့ မော်တော်ကားတာယာ ကွင်းထဲမှာ ဇိမ်ကျကျ ထိုင်ပြီး တော့ တခြား အကောင် တွေ ဘာလုပ် သလဲ ဆိုတာ လေ့လာတတ်ပါတယ်။ တခါတလေ မှာတော့ အဲဒီ မော်တော်ကားတာယာ ကွင်းထဲ မှာပဲ တရေးတမောအိပ်တတ် ပါသေးတယ်။
လေ့လာသင်ယူနေတတ်တဲ့ မျက်ဝန်းနက် နက် ကလေးတွေ ရယ် မျက်တောင်ရှည်ရှည် ကော့ကော့လေးတွေနဲ့ ရေအိုးလေးလို ၀မ်းပိုက် ပူပူ လေး နဲ့ ချစ်စရာ ကောင်းတဲ့ နာရု ကို မွေးစားချင်တဲ့ သူတွေ ကအများသားပါ။ Orang Utan Appeal UK ရဲ့ အစီအစဉ် နဲ့သူ့ကိုထောက်ပံ့နေတဲ့ ကမ္ဘာအရပ်ရပ်က ထောင်နဲ့ ချီတဲ့ မွေးစား မိဘတွေ ဟာ နာရု ရဲ့ တိုးတက်မှုကို ကြည့်ပြီး ကျေနပ်ပီတိဖြစ် ကြရပါတယ်။
သူဟာ အခွင့်သင့်ရင် သင့်သလို သူ့ထက်ပိုကြီးတဲ့ တခြားအော်ရန်အူတန်မျောက်ဝံတွေနဲ့ နပန်းလုံး ရတာကြိုက်ပါတယ်။ သူနဲ့ ရွယ်တူတွေ သူ့ထက် ပိုငယ်တဲ့ အကောင်တွေ သူနဲ့ ဖက်ပြိုင်ပြီးတော့ မယှဉ်ရဲကြဘူး။ ကြည့်ရတာ တခြား အကောင်တွေ အပေါ်သြဇာ ညောင်းတဲ့ အော်ရန်အူတန်မျောက်ဝံ ကြီး တစ်ကောင် ဖြစ်လာမယ့် အလားအလာပါပဲ။
နှစ် နှစ်ပြည့်တဲ့ အခါမှာ တော့ နာရု ဟာ သစ်ရွက်တွေ သစ်ကိုင်းတွေကို စုပြီး သဘာ အတိုင်း အသိုက်ဆောက်တတ် လာပါတယ်။ စီပီလော့ စခန်းက ရိန်းဂျား တစ်ယောက် သူ့ကိုကြည့်ပြီး အံ့အားသင့်ရ တာကတော့ နာရုဟာ သစ်ရွက်ကလေးတွေကို သူ့လက်နဲ့ စီထပ်ပြီး သူ့အသိုက် မှာ ထိုင်လို့လှဲ လို့ကောင်းမယ့် ကူရှင် ပုံစံ လေး လုပ်တာပါပဲ။
၂၀၀၆ ခုနှစ် အစောပိုင်းရဲ့ မုတ်သုံ ရာသီ ဟာအဆိုးရွား ဆုံးထဲ က တခုလို့ ဆိုနိုင်ပါတယ်။ စီပီလော့ စခန်းတ၀ိုက် မှာ ရေ က လေးငါးခြောက် ပေခန့် အထိတက် နေပါတယ်။ မျောက်ဝံ အငယ်တွေ အားလုံး ကို စခန်းတွင်း အမိုးအကာ အောက် မှာပဲ ခေါ်ယူထားလိုက်ပါတယ်။ မိုးနဲ့ အတူ လာတတ်တဲ့ ငှက်ဖျားပိုး ရှိတဲ့ ခြင် တွေ ကိုက်မှာ စိုးရိမ်ရတဲ့ အတွက် ဂရုတစိုက် ကြပ်မတ်ပါသော်လဲ စိတ်မကောင်းစရာ က နာရု တကောင် ငှက်ဖျားပြန် မိပြန်တာပါပဲ။ အခြေ အနေ တော် ဆိုးရွား လာတဲ့ အတွက် Orang Utan Appeal UK ကမကြာခင် ကမှ ဆောက်ထားတဲ့ ဖျားနာ အထူးဆောင် မှာ အသည်းအသန် ပြန်ကုယူရပါတယ်။
သူ့အသက် ၃ နှစ် ကျော်မှာ နာရုဟာ ကိုယ်အလေးချိန် ၁၂ ကီလို ရှိလာပြီး အငယ်တွေထဲမှာဥာဏ် အကောင်းဆုံး တကောင်ဖြစ်လာပါတော့ တယ်။ ကိရိယာ တန်ဆာပလာ တွေ ကို ဘယ်လိုသုံးရ မယ် ဆိုတာ ကို သိလာတဲ့ နာရု ဟာ တကယ်တော့ စီပီလော့က ၀န်ထမ်းရိန်းဂျား တွေ ဆီက တတ်တယ်လို့ဆိုရမှာပါ။ ဥာဏ်ကောင်းတဲ့ သူ့ရဲ့ ပြဿနာ ဖြေရှင်း ပုံတွေကို စီပီလော့ ၀န်ထမ်းတွေမကြာခဏမြင်ရ လေ့ရှိတယ်။ သူတို့ဟာ နာရု ကိုကျွေးမယ့် အစားအစာ တွေကို အရုပ်တွေ ထဲမှာ ၀ှက်ထားတာ လိုမျိုး တွေ လုပ်လေ့ရှိတဲ့ အတွက် ဘယ်လိုပြန်ရှာရမယ် ဆိုတာ တွေ သိလာရတာပါပဲ။
၎ နှစ်သားလောက် ရောက်လာတဲ့ အခါမှာ တော့ နာရု တကောင် ကိုယ့်ကိုယ် ကို ယုံကြည်စိတ်ချ မှု တစတစ ပိုတိုး လာတာ တွေ့ရပါတယ်။ သူတို့ အဖွဲ့ထဲ က မျောက်ဝံ မ လေး တကောင် နားသွား ပြီး မကြာ ခဏ ရစ်သီရစ်သီ လုပ်တာ တွေ့ရပါတယ်။ နာရု ဟာ မျောက်ဝံထဲ မှာ အတော် အတန် ချော တယ် လို့ ဆိုရ မှာ ဖြစ်ပေမယ့် သူကြိုက်တဲ့ မျောက်ဝံမလေး က အရေးမလုပ်တဲ့ ဒဏ်ကို ခံရပါတော့တယ်။ နောက်ပိုင်းမှာ သူ့ကိုမကြာ ခဏ အကူအညီ ပေးတဲ့ ရိုစလင်းဒါ (Rosalinda) ဆိုတဲ့ မျောက်ဝံမလေး နဲ့ပဲ တတွဲတွဲ ဖြစ်လာပါတယ်။
၂၀၀၇ ခုနှစ် အောက်တိုဘာလ မှာတော့ စီပီလော့ စခန်း အနီး က တောတွင်းကို လွှတ် ဖို့ နာရု တကောင် အဆင်သင့် ဖြစ်နေပါပြီ။ အော်ရန်အူတန် မျောက်ဝံ ငယ်တွေ အနေနဲ့ ဒီအဆင့် ဟာ ခက်ခဲတယ် လို့ ဆိုရမှာဖြစ်ပြီး တိုးတက် မှု အတန်နှေးကွေး ပါတယ်။ နာရု အနေနဲ့ ကတော့ သူ့ရဲ့ မွေးရပ်ဌာနီ မိုးသစ်တော ကြီး ရဲ့ အသံ တွေ အနံ တွေ ကို အတွေ့ အကြုံ သစ် အဖြစ် ထိတွေ့ ရတာပါပဲ။
့ပထမပိုင်း မှာ နာရု အနေနဲ့ ပတ်ဝန်းကျင် သစ် နဲ့ သဟဇာတ ဖြစ်အောင် နေနိုင် သလားဆိုတာ စောင့်ကြည့် ကြပါတယ်။ တကယ်လို့ မဟန်ရင် စီပီလော့ စခန်းအနီးက တောအုပ် အတွင်းကို ပြန်ခေါ်ရမှာပါ။ ဒါပေမယ့် ရက်သတ္တပါတ် အနည်း ငယ် အတော အတွင်းမှာ ပဲ နာရု ဟာ တောတွင်း ကိုဝင်ဖို့ ရဲရဲဝံ့ဝံ့ ဆုံးဖြတ်ချက် ချလိုက်ပါတယ်။
နောက်ထပ် ခြေလှမ်း တခု အနေ နဲ့ ကိုယ်အားကို ကိုး ပြီး ဇာတိမြေ မိုးသစ်တောကြီး အတွင်း မှာပဲ ဘ၀ကို ဆက်လက် ရှင်သန်ဖို့ ၀င်ရောက်သွားခဲ့ပါတယ်။ ဒါပေမယ့် Orang Utan Appeak UK အဖွဲ့ ကလူတွေ သူ့ ကို သစ်ပင်ပေါ် ပေ ၈၀ လောက် အမြင့် ကနေ ပြုတ်ကျ တာကို တွေ့ကြရပါတယ်။ အဖွဲ့ ကလူတွေ အနေနဲ့ သူ ကို အရေးပေါ် ဆေးကုဖို့ စခန်းကို ပြန်ခေါ်လာ ရပြန်ပါတယ်။ ဒဏ်ရာ ကြီးကြီးမားမား မရပေမယ့် နာရု တကောင် ရုတ်တရက် ဆိုတော့ ထိတ်လန့်သွားပုံ ပေါ်တယ်။ စခန်းက ဆေးခန်း မှာ ရက်အနည်းငယ် ဆေးကုပြီး တာနဲ့ ကြိုး ၀ိုင်းသစ်တော တွင်းကို ပြန်ပို့ပါတယ်။ နောက်ပိုင်းမှာ သစ်ပင် တက်ပိုကျွမ်းကျင် လာပါတယ်။
တခြားမျောက်ဝံ အကြီးတွေ ဆီ နည်းနာ နိသျ ကို ယူပြီး တော့ နာရုအသိုက် ဆောက်ပါတယ်။ အုံကောင်းတဲ့ သစ်ပင်အမြင့် ကြီး ရဲ့ နေရာ ကောင်း မှာ အသိုက်ကောင်းကောင်း ဆောက်ပြီး တော့ သူ့ချစ်သူ ရိုစလင်းဒါနဲ့ အတူ နေပါတယ်။ အန္တရာယ်ကောင် တွေ ဖြစ်တဲ့ ၀က်ဝံ တို့ အင်းကျားသစ် တို့ (Sun Bear and Clouded Leopard) ရန်က နေ လွတ်တဲ့ နေရာ ဖြစ်ပါတယ်။ တကယ်တော့ အောရန်အူတန် မျောက်ဝန်တွေဟာ အချိန် ရှိသလောက် သစ်ပင် ပေါ်မှာ ပဲ နေလေ့ရှိပြီး အဲဒီအလေ့ အထ ကြောင့်လဲ သူတို့ ရဲ့ သဘာဝ ဟာမပျောက် ကွယ်နိုင်သေးတာပါ။
၎ နှစ်လောက် စီပီလော့ စခန်းက အဖွဲ့တွေ နဲ့ Orang Utan Appeal UK သုတေသန အဖွဲ့ တွေရဲ့ ဂရုတစိုက် စောင့် ကြည့် အပြီးမှာ နာရု ဟာ စီပီလော့ တောနက် အတွင်းမှာ ပဲ သဘာဝ အတိုင်း နေပါတော့တယ်။ အနာဂါတ် မှာ နာရုဟာ စင်္ကာပူ ထက် နှစ်ဆ လောက် ကြီး တဲ့ တာဘင် ဘေးမဲ့ တော့ (Tabin Rainforest Reserve) မှာ ပဲ ကျင်လည် ကျက်စားတော့ မှာပါ။ များမကြာခင်မှာ သူ အဖေ လဲ ဖြစ် လာတော့ မှာပါ။ ။
Naru's Photo:
- Credit goes to the respective photographers stated in the links.
Note:
Malaysian Naturalist မဂ္ဂဇင်း အတွဲ ၆၃ - ၂ မှ Naru's Story (words by Hayley Bagnall) ကို အဆင်ပြေသလို ပြန်ဆိုပါသည်။
10 comments:
ရုပ်ရှင် ကြည့်နေရသလိုပဲ။
မုဆိုးနဲ့ လောဘသားတွေရဲ့ လက်ချက်က လွတ်ဖို့ အရေးကြီးတယ်။
ပျောက်ချက်သားကောင်းပုံများကတော့ မျောက်နဲ့မှပဲပြန်ထွက်လာတော့တယ်..
ပျောက်နေတာ တော်တော်ကြာနေပြီ နေကောင်းလားဗျို့း)
ဟုတ်ပါ့ဗျာ။ ခရီးထွက်နေရလို့ပါ။ ဒီဆောင်းပါး အက်ဆေးလေး ကို သူတို့မျောက်ဝံ စခန်းက မှတ်တမ်း တွေကနေ ဖတ်လို့ကောင်းအောင် သဘာဝ သားငှက် လေ့လာသူတဦး ကရေးထား တာကို အဲဒီမဂ္ဂဇင်း မှာဖတ်ရတာ။ တကယ်တော့ အဲဒီမဂ္ဂဇင်း ကို resort တခုကနေ တောင်း လာတာခင်ဗျ။ ပြီးမှ လေယာဉ်ပေါ်မှာ အကြမ်းစာရွက် နဲ့ မှတ်စုထုတ်ထား တာကို မနေ့ကတခါတည်း ဘလောက်ပေါ် ပြန်တင်လိုက်တာပါ။ အားလုံး ကို သတိရပါတယ်။ ရောက်တဲ့ နေရာ တိုင်းမှာ မြန်မာစာ ဖောင့်မရှိလို့ မလည် နိုင်၊ နှုတ်ဆက်စကား မဆိုနိုင် ဖြစ်ရတာပါ။ အစ ကတည်း က အရေးကျဲ တဲ့ ကျနော် က နောင် လဲ ခပ်စိပ်စိပ် တင်နိုင် မယ် မထင်ဘူးခင်ဗျ။ :P
လာလည်ပြီး စာတွေ ဖတ်သွားတယ်နော်။
AATO တစ်ယောက် ချမ်းသာနေပါပြီ၊
ဘာလို့ ကွန်မန့်တွေ ဖျက်ပစ်တာတုံး :-D
ဆရာသိမယ်ထင်ပေမယ့် နည်းနည်းဆရာလုပ်လိုက်အုံးမယ်။
အော်ရန်အူတန် (အိုရန်းr အူတန်) ဆိုတာ orang utan ပါ။
လူ = orang (orange လိမ္မော်သီး မဟုတ်ပါ)
တော = utan (hutang)
ဒီတော့ “တောလူ” လို့ အဓိပ္ပါယ်ရပါတယ်။
အပေါ်က ကိုအောင်(ပျူနိုင်ငံ) ကိုလည်း နှုတ်ဆက်ပါတယ်။ သူ့ဘလော့ကို သွားတိုင်း anti-virus program ကနေ ပိတ်ပိတ်ပစ်လို့ ဘယ်လိုလုပ်သွားရမှန်း မသိလို့ မရောက်ဖြစ်တာပါ။ ပြီးတော့ ကျနော့ IP လည်း ပြောင်းသွားတာ အသိပေးချင်ပါတယ်။
သိပါဘူးဗျာ...မျောက်သင်တန်းများသွားတက်နေပြီလားလို့...စကားမစပ်....ဒီလို Wild Life တွေကို တော်တော်သဘောကျတယ်ဗျာ.
ချစ်စရာကောင်းတဲ့ ကောင်ကလေးပဲ ကိုအေအေတူ.......။
ခင်မင်ခြင်းအားဖြင့်......
ဏီလင်းညို
ဒီလိုပုံပြင်မျိုးလေးတွေ သိပ်ကြိုက်တယ်.။ discovery ကားတွေ ကြည့်ရတာ နှစ်သက်တယ်။ အခုပိုစ်လေးအတွက် ကျေးဇူးတင်ပါတယ်။ စိပ်စိပ်မရေးနိုင်လည်း ကျဲကျဲလေး တင်ပေးနေတာကို ကျေးဇူးတင်ပါတယ်။ နောက်ထပ်များများတင်နိုင်ပါစေ လို့..
လသာည
အမယ် အေအေတီအို တယောက် လေနဲ့အတူ အဲ မျောက်နဲ့ အတူ ပေါက်လာပြန်ပြီကိုး
အဲလိုလေး တွေ ဖတ်ရတာကောင်းတယ် ရေးနိုင်တဲ့ အချိန်ရေးတင်ပေးပါ ကျန်းမာ အဆင်ပြေပါစေဗျာ
ခင်မင်စွာဖြင့်
ရွှေစင်ဦး
ကော်မကောင်း လို့ နောက်ကျသွားတယ်
Post a Comment